တရုတ်စီးပွားရေး လွှမ်းမိုးမှု

တရုတ်ပြည်ဟာ ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံး စီးပွားရေးအင်အားနိုင်ငံ ဖြစ်ပါတယ်။ မြန်မာကတော့ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ အဲဒီတော့ တရုတ်-မြန်မာ စီးပွားရေးဆက်ဆံမှုမှာ ဘယ်သူက ဘယ်သူ့ကို လွှမ်းမိုးမယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ စစ်အစိုးရခေတ် အနှစ် (၂၀) ကျော်ကာလ တရုတ်အားကိုးနဲ့ ရပ်တည်ခဲ့တဲ့ အရှိန်အဟုန်ဟာ ဆက်လက်ရှင်သန်နေဆဲ ဖြစ်ပါတယ်။ ဖိနှိပ်ချုပ်ချယ်တဲ့ စစ်အစိုးရကို အကူအညီပေးတဲ့ တရုတ်ကို တိုင်းသူပြည်သားတွေက အမုန်းပွားကြပါတယ်။ ပြည်သူဆန့်ကျင်တဲ့ မြစ်ဆုံစီမံကိန်းကို ဦးသိန်းစိန်အစိုးရက ရပ်ဆိုင်းလိုက်ပေမယ့် တရုတ် စီးပွားရေလွှမ်းမိုးမှုဟာ လျော့မသွားပါဘူး။ NLD အစိုးရခေတ်မှာလည်း တရုတ်စီးပွားရေး အလားအလာ ကောင်းပါတယ်။

တရုတ်သမ္မတရဲ့ လက်ငင်းအစီအစဉ်ဖြစ်တဲ့ Belt and Road Initiative (BRI) ရပ်ဝန်းလမ်းကြောင်း စီမံကိန်းမှာ မြန်မာ ပါဝင်နေပါတယ်။ လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလကပဲ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် တည်ဆောက်ဖို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးကြပါတယ်။ တရုတ်နဲ့ ပတ်သက်တဲ့ ပြည်သူ့သဘောထား သိရအောင် တရုတ် သုတေသီနှစ်ဦး (Yin Yao and Youyi Zhang) လေ့လာထားတဲ့ စာတမ်းကို လွန်ခဲ့တဲ့ မတ်လက International Growth Centre က ထုတ်ပြန်ထားပါတယ်။

မြန်မာပြည်သူပြည်သား တစ်ထောင်ကျော်ရဲ့ တရုတ်နဲ့ ပတ်သက်တဲ့အမြင် တွေ့ဆုံမေးမြန်းပြီး တင်ပြထားတဲ့စာတမ်း ဖြစ်ပါတယ်။ လုပ်ငန်းသဘာဝချင်း တူနေတာတောင် မေးမြန်းခံရသူတွေဟာ ဂျပန်ကို တရုတ်ထက်ပိုပြီး ကြိုက်နှစ်သက်တာ တွေ့ရတယ်လို့ ဆိုပါတယ်။ တရုတ်ရဲ့ ရင်းနှီးမြုပ်နံှမှုဟာ တာဝန်သိတဲ့သဘော၊ ကင်းမဲ့နေတယ်လို့ မြင်ကြပါတယ်။ ဖိနှိပ်တဲ့ စစ်အစိုးရနဲ့ လက်တွဲခဲ့တဲ့ တရုတ်ကို မကျေမနပ် ဖြစ်နေသေးပုံ ရတဲ့အတွက် စီမံကိန်းအကောင်အထည်ဖော်တဲ့ အရပ်မှာ ဒေသခံတွေ ကျေနပ်အောင်လုပ်ဖို့ အရေးကြီးတယ်လို့ တရုတ်သုတေသီတို့က ဆိုပါတယ်။ ဒီလိုမလုပ်နိုင်ရင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်မှာရော၊ ရပ်ဝန်းလမ်းကြောင်း စီမံကိန်းမှာရော၊ ဆန့်ကျင်မှုတွေနဲ့ ရင်ဆိုင်ရဖွယ် ရှိတယ်လို့ မြင်ပါတယ်။ ဒါကြောင့် ပြည်သူနဲ့ ဆက်ဆံရေ အဆင်ပြေရေးနဲ့ တာဝန်သိဒေသခံကုမ္ပဏီနဲ့ လက်တွဲ နိုင်ရေးဟာ မြန်မာပြည်မှာ ရင်းနှီးမြုပ်နှံတဲ့ တရုတ်ကုမ္ပဏီတွေ လက်ကိုင်ထားရမည့် မူဝါဒ ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်စီးပွားရေး စီမံကိန်းတွေကို NLD အစိုးရက လက်ခံမှု၊ မြန်မာပြည်သူတွေ အမြင်ကောင်းလာအောင် တရုတ်က ကြိုးပမ်းမှု စတာတွေကြောင့် တရုတ်နဲ့ ပတ်သက်တဲ့ ပြည်သူသဘောထား ပြောင်းလဲလာပုံ ရပါတယ်။ ဒီအကြောင်းကို "မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး Institute" ရဲ့ ဖေဖေါ်ဝါရီလထုတ် "တရုတ်အလွှာစုံ ဆက်ဆံရေးမဟာဗျူဟာ" စာတမ်းမှာ ဖော်ပြထားပါတယ်။ ယူနန်နဲ့ လန်ဒန်တက္ကသိုလ်ဘွဲ့ရ သုတေသီ ခင်ခင်ကျော်ကြီး ပြုစုတဲ့ စာတမ်းဖြစ်ပါတယ်။ ပြည်သူ့ထောက်ခံမှု ရယူရာမှာ အလွှာအသီးသီးက အရေးပါသူတွေကို တရုတ်ပြည်ကို ဖိတ်ခေါ်တဲ့နည်းကိုလည်း သုံးပါတယ်။ လွန်ခဲ့တဲ့ (၅) နှစ်အတွင်း ဖိတ်ခေါ်ခံရလို့ တရုတ်ပြည်ကိုသွားရောက်လည်ပတ်သူ တစ်ထောင်လောက်ရှိကြောင်း သိရပါတယ်။

ပြည်သူ့ထောက်ခံမှုသာရရင် မြစ်ဆုံရေအားလျှပ်စစ်ကို ပြန်လည်အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့ တရုတ်က ယူဆနေပုံ ရပါတယ်။ မြစ်ဆုံစီမံကိန်းနဲ့ ဆက်စပ်နေတဲ့အရပ်က ဒေသခေါင်းဆောင်တွေနဲ့ ဘာသာရေးခေါင်းဆောင် (၁၃) ဦးကို ၂၀၁၆ က တရုတ်ပြည်ကိုဖိတ်ခေါ်ပြီး မြစ်သုံးသွယ် ရေအားလျှပ်စစ် အောင်မြင်စွာ အကောင်အထည်ဖော်နေပုံကို ပြသပါတယ်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်နဲ့ ဝန်းကျင်လမ်းကြောင်း ဖြတ်သွားမယ့် ကချင်၊ ရှမ်း နဲ့ ရခိုင်ပြည်နယ်က ခေါင်းဆောင်တွေကို အများဆုံး တရုတ်ပြည်ကို ဖိတ်ခေါ်တယ်လို့ သိရပါတယ်။ ဒီလိုအခြေအနေမှာ ရခိုင်က ဘင်္ဂလီပြဿနာ ပေါ်လာတဲ့အတွက် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးမှာ တရုတ်အကာအကွယ်ယူရတဲ့ဘဝ ပြန်ရောက်သွားခဲ့ပါတယ်။ ဒါကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးမှာ တရုတ်က အသာစီးရနေတယ်လို့ ခင်ခင်ကျော်ကြီး က သုံးသပ်ပါတယ်။

တရုတ်ရဲ့ Road and Belt Initiative စီမံကိန်းကို "ရပ်ဝန်းလမ်းကြောင်း" လို့ ခေါ်ကြပါတယ်။ ဒါပေမဲ့ မြန်မာဘက်ကကြည့်ရင်တော့ ယူနန်ပြည်နယ်ရဲ့ ပင်လယ်ထွက်ပေါက်လို့ပြောရင် ပိုပြီးရှင်းပါလိမ့်မယ်။ ဒီ စီမံကိန်းမှာ ပါဝင်လာတဲ့ မြန်မာနိုင်ငံဟာ တရုတ်အကြွေးပိလာနိုင်တယ်လို့ မြန်မာ့ရေးရာကျွမ်းကျင်သူ Bertil Lintner က ဆိုပါတယ်။ ဦးသိန်းစိန်လက်ထက် ၂၀၁၃ မှာ တရုတ်လုပ် စက်ပစ္စည်းတွေဝယ်ဖို့ တရုတ်က ဒေါ်လာသန်း (၂၀၀) မြန်မာပြည်ကို ထုတ်ချေးပါတယ်။ အခုတော့ ချေးငွေနဲ့ဝယ်တဲ့ စက်ပစ္စည်းတွေဟာ သုံးလို့ မရတော့ပါဘူး။ ဒါပေမဲ့ တရုတ်ကိုတော့ အကြွေးဆပ်နေရတုန်းပဲလို့ ထောက်ပြပါတယ်။

ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းမှာလည်း မြန်မာက အဖြည့်ခံပါဝင်ပြီး ကြွေးပိလိမ့်မယ်လို့ Bertil Lintner က ဆိုပါတယ်။ ဒါပေမဲ့ ရင်းနှီးမြုပ်နံှမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းကတော့ ကြွေးပိမယ့်အခြေအနေကို ရောက်စရာ အကြောင်းမရှိဘူးလို့ ဇွန်လက ပြောသွားပါတယ်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို (၇၀) ရာခိုင်နှုန်း တရုတ်ကပိုင်ပြီး မြန်မာအစိုးရနဲ့ ပြည်တွင်းကုမ္ပဏီတွေက (၃၀) ရာခိုင်နှုန်း ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။ အစိုးရစီးပွားရေးအကြံပေးဆိုသူ ဘောဂဗေဒပညာရှင် Sean Turnell ကလည်း ကျောက်ဖြူရေနက်ဆိပ်ကမ်းဟာ ယုတ္တိမရှိတဲ့ စီမံကိန်းသာ ဖြစ်တယ်လို့ မကြာသေးမီက ပြောဆိုသွားပါတယ်။