ရန်ကုန် နဲ့ ဘန်ကောက်

Your browser doesn’t support HTML5

ရန်ကုန် နဲ့ ဘန်ကောက်

လွန်ခဲ့တဲ့အနှစ် (၃၀) အတွင်းမှာ ရန်ကုန်မြို့ဟာ သုံးဆလောက် ကြီးထွားလာတယ်လို့ မြို့ပြပညာရှင်တွေက သုံးသပ်ကြပါတယ်။ ၁၉၈၈ မှာ စတုရန်မိုင် (၈၀) ကျယ်ဝန်းတဲ့ ရန်ကုန်မြို့ဟာ ၂၀၁၈ မှာ စတုရန်မိုင် (၃၀၀) ကျော် ရှိလာပါတယ်။ စီမံကိန်းစနစ်တကျမရှိဘဲ ကြီးထွားလာတာကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်နေရပါတယ်။ ရန်ကုန်နယ်မြေတဝက်လောက်ဟာ မိုးတွင်းမှာ ရေလျှံလေ့ရှိပါတယ်။ မိလ္လာအညစ်အကြေးစနစ်ဟာ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့အတွက် အမြန်ဆုံးပြုပြင်ဖို့ အကြံပေးထားပါတယ်။ CBD လို့ခေါ်တဲ့ မြို့လယ်စီးပွားရေးနယ်မြေမှာ မြို့နယ် (၇) ခု ရှိတဲ့အနက် ဗဟိုမိလ္လာလေမှုတ်စက်စနစ်ကို သုံးတဲ့နေရာဟာ (၁၀) ရာခိုင်နှုန်းတောင် မရှိပါဘူး။

ကျန်တဲ့နေရာတွေမှာ ရေလောင်းအိမ်သာနဲ့ Septic Tank မိလ္လာကန်စနစ်ကို သုံးကြပါတယ်။ ဒါကြောင့်မို့ ဗဟိုလေမှုတ်စက်သုံးတဲ့နေရာ တိုးချဲ့ဖို့နဲ့ ရေလောင်းအိမ်သာကို မိလ္လာကန်စနစ်နဲ့ အစားထိုးပြီး၊ မိလ္လာအနည်အနှစ်ချက်စက်တွေကို တည်ဆောက်သင့်တယ်လို့ ဂျပန်အဖွဲ့က တင်ပြထားပါတယ်။ အမှိုက်မီးရှို့တဲ့စက်လည်း မရှိသေးပါဘူး။ ရန်ကုန်မှာ လူဦးရေ (၅) သန်းကျော် ရှိပါတယ်။ တချို့နေရာတွေမှာ တစ်ဧက လူငါးရာအထိ နေထိုင်ကြတာမို့ ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာမြို့ထက် ပိုဆိုးနေပါတယ်။

အခြေခံအဆောက်အအုံ ယိုယွင်းပျက်စီးနေတဲ့ ရန်ကုန်မြို့တော်ကို ပြုပြင်ပြောင်းလဲမယ့် စီမံကိန်းကို ရန်ကုန်တိုင်းအစိုးရနဲ့ JICA ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးတွဲဆောင်ရွက်ရေး အေဂျင်စီတို့ ၂၀၁၂ မှာ သဘောတူညီချက် ရယူကြပါတယ်။ နောက်အနှစ် (၂၀) ကျော်ကာလမှာ ရန်ကုန်လူဦးရေ (၁၂) သန်းအထိ ရှိလာမယ်လို့ ခန့်မှန်းပြီး မြို့နယ် (၃၃) ခုကို စနစ်တကျ စီမံခန့်ခွဲပြုပြင်မယ့် မဟာစီမံကိန်း ဖြစ်ပါတယ်။ ရန်ကုန်မြို့တော်စနစ်တကျ ရေရှည်တိုးတက်ဖွံ့ဖြိုးရေးအတွက် IGC အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးစင်တာနဲ့ လန်ဒန်စီးပွားရေးတက္ကသိုလ် မြို့ပြဌာနတို့ ပူးပေါင်းပြီး စာတမ်းတစောင်င မကြာမီက ထုတ်ဝေထားပါတယ်။ ရန်ကုန်နဲ့ဆိုင်တဲ့ ဖွံ့ဖြိုးရေးပေါ်လစီချမှတ်ရာမှာ အထောက်အကူပြုဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ရန်ကုန်ရဲ့ မြို့ပြဖွံ့ဖြိုးမှုအခြေအနေကို သရုပ်ဖော်ရာမှာ ဘန်ကောက်ကို နှိုင်းယှဉ်ပြသရမယ့် မြို့တော်အဖြစ် သတ်မှတ်တဲ့အတွက် စာတမ်းတခုလုံးမှာ ရန်ကုန်နဲ့ ဘန်ကောက်ကို မကြာခဏ နှိုင်းယှဉ်ထားပါတယ်။

ရန်ကုန်က အခုရင်ဆိုင်နေရတဲ့ အခြေအနေမျိုးကို ဘန်ကောက်က တွေ့ကြုံခဲ့ဖူးတာမို့ ဘန်ကောက်ရဲ့ အတွေ့အကြုံဟာ ရန်ကုန်အတွက် သင်ခန်းစာကောင်း ဖြစ်လာလိမ့်မယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ မြို့ကြီးတွေမှာ သီးသန့်အသွင်လက္ခဏာ ရှိတာမို့ အားလုံးသုံးနိုင်မယ့် ပုံစံဆိုတာ မရှိနိုင်ပါဘူး။ ရန်ကုန်ရဲ့ လူဦးရေတိုးနှုန်းဟာ ဘန်ကောက်ထက် မြင့်မားပါတယ်။ ဘန်ကောက်မှာ မြို့စွန်ဒေသ လူဦးရေအများဆုံး တိုးပွားလာပေမယ့် ရန်ကုန်မှာတော့ မြို့လယ်မှာ လူဦးရေတိုးပွားနေပါတယ်။ ပြည်သူ့ပို့ဆောင်ရေးမှာ ရင်းနှီးမြုပ်နံှမှု အားနည်းနေတုန်း စီးပွားရေးတိုးတက်မှုကြောင့် ကိုယ်ပိုင်ကားတွေ များလာတဲ့အတွက် ဘန်ကောက်ရဲ့ ယာဉ်ကြောပိတ်စို့မှုဟာ ကမ္ဘာမှာ အဆိုးဝါးဆုံး ဖြစ်လာပါတယ်။

ရန်ကုန်မှာလည်း ကားတင်သွင်းခွင့် လျော့ပေးမှုနဲ့ ဝင်ငွေတိုးပွားမှုကြောင့် ကိုယ်ပိုင်ကားတွေ များလာပါတယ်။ ဒီအချိန်မှာ ပြည်သူ့ပို့ဆောင်ရေးစနစ် မဖွံ့ဖြိုးသေးတဲ့အတွက် ယာဉ်ကြောပိတ်စို့မှု တွေ့ရှိလာပါတယ်။ ရန်ကုန်ခရီးသွားဦးရေ (၈၅) ရာခိုင်နှုန်းဟာ ဘတ်စ်ကားသုံးပြီး၊ ကိုယ်ပိုင်ကားသုံးသူ (၁၀) ရာခိုင်နှုန်းနဲ့ မီးရထားသုံးသူ (၅) ရာခိုင်နှုန်းရှိကြောင်း ၂၀၁၄ စည်ပင်စစ်တမ်းအရ သိရပါတယ်။ မြို့ပတ်ရထားဟာ အသင့်အတင့်ကောင်းမွန်ပေမယ့် ဘတ်စ်ကားကသာ အစွန်းအဖျားဒေသတွေအထိ သွားနိုင်တာမို့ မြို့ပြသယ်ယူပို့ဆောင်မှု ကောင်းမွန်ရေးနဲ့ မြို့တော်ဖွံ့ဖြိုးရေးကို ပေါင်းစပ်ဖို့ လိုနေပါတယ်။ ဘက်စုံဖွံ့ဖြိုးမှု မရှိခဲ့တဲ့ ဘန်ကောက်မြို့ဟာ မကြာသေးမီကမှ မြို့ပြပို့ဆောင်ရေး အခြေခံအဆောက်အအုံမှာ အကြီးအကျယ် ရင်းနှီးမြုပ်နံှနေရပါတယ်။ ဒါဟာ ရန်ကုန်အတွက် သင်ခန်းစာကောင်းတခု ဖြစ်ပါတယ်။

ဘန်ကောက်ဟာ မြေအောက်ရထားနဲ့ အမြန်ရထားစနစ်မှာ အကြီးအကျယ် ရင်းနှီးမြုပ်နံှပြီး လမ်းပိတ်စို့မှုပြဿနာကို ဖြေရှင်းကြိုးပမ်းနေပါတယ်။ အမြန်ရထားဟာ လူနေထူထပ်တဲ့ဒေသအချို့ကို မရောက်နိုင်သေးပါဘူး။ ဒါပေမဲ့ ဘန်ကောက်မှာ အဓိကရင်ဆိုင်နေရတဲ့ ပြဿနာတခုက အရိုးစွဲနေတဲ့ ကိုယ်ပိုင်ကားသုံးတဲ့ဓလေ့ ဖြစ်ပါတယ်တဲ့။ ကိုယ်ပိုင်ကားသွားလာမှုကို စည်းကမ်းမသတ်မှတ်နိုင်ရင် ယာဉ်ကြောပိတ်စို့မှုကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ကြပါတယ်။ ဘန်ကောက်မှာလည်း မိုးတွင်းရောက်ရင် လမ်းတွေရေလျှံတဲ့ ပြဿနာ ရှိပါတယ်။ ဘန်ကောက်မြို့တော်ရဲ့ အောက်ခံမြေလွှာ တဖြည်းဖြည်း နိမ့်ကျနေတာဟာလည်း အဓိကပြဿနာတခု ဖြစ်ပါတယ်။

မြင့်မားတဲ့ အဆောက်အဦးအများအပြား တည်ဆောက်ထားတာရယ်၊ စည်းကမ်းမရှိ မြေအောက်ကရေကို ထုတ်ယူသုံးစွဲတာရယ်ကြောင့် ဘန်ကောက်ရဲ့ အောက်ခံမြေလွှာဟာ နှစ်စဉ်တလက်မနီးပါး နိမ့်ကျနေတယ်လို့ ခန့်မှန်းထားပါတယ်။ ဘန်ကောက်ရဲ့ ဟိုချီမင်းမြို့တွေဟာ အောက်ခံမြေလွှာနိမ့်ကျနေတဲ့ ပြဿနာကို ကြုံတွေ့နေရတယ်လို့ ကမ္ဘာ့ဘဏ်က သုံးသပ်ပါတယ်။ အောက်ခံမြေလွှာ နိမ့်ကျနေတဲ့ပြဿနာကို ကြုံတွေ့နေရတယ်လို့ ကမ္ဘာ့ဘဏ်က သုံးသပ်ပါတယ်။ အောက်ခံမြေလွှာနိမ့်ကျမှုဟာ ဘန်ကောက်ရဲ့ သေရေးရှင်ရေး ပြဿနာ ဖြစ်နေပါတယ်။ မြို့ရဲ့အောက်ခံမြေလွှာ အခြေအနေကို အသေအချာ မလေ့လာဘဲ မြင့်မားတဲ့တိုက်တန်းတွေ တည်ဆောက်တာဟာ ရေရှည်မှာမြို့ကို ဖျက်ဆီးရာရောက်ကြောင်း ဘန်ကောက်က သင်ခန်းစာပေးနေပါတယ်။