Your browser doesn’t support HTML5
လွန်ခဲ့တဲ့နှစ် စက်တင်ဘာလနဲ့ အောက်တိုဘာလတွေမှာ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ မော်လမြိုင်နဲ့ တောင်ကြီးမြို့စတဲ့ မြို့ (၅) မြို့မှာ အာရှဖောင်ဒေးရှင်းအဖွဲ့က စစ်တမ်းကောက်ယူပါတယ်။ မြို့သူမြို့သား (၂၄၀၀) ရဲ့ လူနေမှုဘဝအကြောင်း မေးခွန်းပေါင်း တစ်ရာကျော်မေးမြန်းပြီး သူတို့တွေရဲ့ ဖြေကြားချက်တွေကို မှတ်တမ်းတင်ထားတဲ့ (၉၅) စာမျက်နှာ စစ်တမ်း - City Life Survey ဖြစ်ပါတယ်။ ဒီမြို့ကြီးငါးမြို့က မြို့နယ် (၃၅) နယ်ရဲ့ ရပ်ကွက်နှစ်ရာကျော်မှာ တိုင်းရင်းသား (၄၈) မျိုး ပါဝင်တဲ့ ဘာသာရေးအုပ်စု (၄) စုကို စစ်တမ်းကောက်ယူပါတယ်။ ရန်ကုန်မှာ (၈၀၀) ကျော်ကို မေးမြန်းပြီး ကျန်မြို့ (၄) မြို့မှာ (၄၀၀) ကျော်ကို မေးမြန်းပါတယ်။
မြို့ပြတွေမှာ အလုပ်အကိုင်ရဖို့ အခွင့်အလမ်းများပြားတဲ့အတွက် အလုပ်လက်မဲ့နည်းပါးကြောင်း စစ်တမ်းမှာ ဖော်ပြထားပါတယ်။ အိမ်ပြင်ပမှာ အလုပ်မလုပ်တဲ့ အမျိုးသမီးဦးရေက (၅၀) ရာခိုင်နှုန်းကျော်ရှိတာမို့ အများဆုံးဖြစ်ပါတယ်။ အမျိုးသားထဲမှာတော့ လေးပုံတပုံလောက် အလုပ်မရှိကြဘူးလို့ ဆိုပါတယ်။ တောင်ကြီးမှာတော့ အလုပ်သမား (၇၀) ရာခိုင်နှုန်း အချိန်ပြည့်လုပ်ကြတဲ့အတွက် အလုပ်လုပ်သူ အများဆုံးမြို့ ဖြစ်နေပါတယ်။ အလုပ်အကိုင်ရဖို့ အခွင့်အကောင်းရှိတယ်လို့ ယုံကြည်သူဦးရေ မုံရွာနဲ့ မန္တလေးမှာ များပြားပြီး ရန်ကုန်နဲ့ မော်လမြိုင်မှာတော့ မေးမြန်းသူတဝက်ကျော်က ယုံကြည်မှု ရှိကြပါတယ်။
ပညာရေးအဆင့်အတန်းကိုလိုက်ပြီး ဝင်ငွေကွဲပြားသွားပုံကိုလည်း စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ဘွဲ့ရသူတဝက်နီးပါးလောက်ဟာ အနည်းဆုံး တစ်လကျပ် (၄) သိန်းခွဲလောက် ပျမ်းမျှဝင်ငွေရရှိကြပြီး ဘွဲ့မရှိသူတွေထဲမှာ ဒီလိုဝင်ငွေရသူ (၁၅) ရာခိုင်နှုန်းလောက်သာ ရှိပါတယ်။ ရန်ကုန်နေအလုပ်သမားဟာ ဝင်ငွေအကောင်းဆုံးပါ။ စစ်တမ်းကောက်ခံရသူ လေးပုံတပုံလောက်သာ ပျမ်းမျှဝင်ငွေ တလကျပ် (၅) သိန်းခွဲအထက် ရရှိသူတွေ ဖြစ်ပါတယ်။ ဒီလိုဝင်ငွေရရှိသူတွေ တောင်ကြီးမှာ (၁၀) ရာခိုင်နှုန်းသာ ရှိပါတယ်။ တောင်ကြီးမှာ အလုပ်အကိုင်ရှိသူများပေမယ့် ပျမ်းမျှဝင်ငွေ (၂) သိန်းခွဲအောက်မှာ ရရှိသူတွေ ဖြစ်ပါတယ်။ မော်လမြိုင်၊ မုံရွာနဲ့ တောင်ကြီးတို့မှာ လစဉ်ပျမ်းမျှဝင်ငွေ ကျပ် (၂) သိန်းခွဲနဲ့ (၃)သိန်းခွဲကြားမှာ ရှိကြပြီး၊ ရန်ကုန်နဲ့ မန္တလေးမှာ ပျမ်းမျှလစာ ကျပ်(၃)သိန်းခွဲကနေ (၄)သိန်းခွဲအထိ ရကြပါတယ်။
ဝင်ငွေကောင်းပြီး နေရာထိုင်ခင်း အဆင်ပြေတယ်လို့ မြို့ပြလူတန်းစားက ပြောပေမယ့် လူနေမှုစရိတ်မြှင့်မားတာကိုတော့ သဘောပေါက်ကြပါတယ်။ မြို့ပြမှာ ဆင်းရဲချမ်းသာ ကွာဟမှုကလည်း ကြီးမားလှပါတယ်။ ဝင်ငွေနည်းသူတွေဟာ ဝင်ငွေတဝက်ကျော်ကို အစားအစာအတွက် သုံးရပါတယ်။ ဒါကြောင့် မမျှော်လင့်ဘဲ ကျန်းမာရေးအတွက် အရေးပေါ် ကျပ်(၂)သိန်း ကုန်ကျမယ်ဆိုရင် မပေးနိုင်သူ တဝက်ကျော်နီးပါး ရှိနေပါတယ်။ ရန်ကုန်မှာ မပေးနိုင်သူ အများဆုံးဖြစ်ပြီး တောင်ကြီးမှာ အနည်းဆုံး ဖြစ်ပါတယ်။ လူနေမှုစရိတ် အသက်သာဆုံးမြို့ဟာ တောင်ကြီး ဖြစ်ပါတယ်။ ဝင်ငွေနည်းတဲ့ မြို့ပြလူတန်းစားဟာ ချေးငှားသုံးစွဲကြတာ များပါတယ်။ လစဉ်ဝင်ငွေထက်ပိုပြီး ချေးငှားသူတဝက်ကျော် ရှိပါတယ်။
ဆင်းရဲချမ်းသာကွာခြားချက်ကို ရန်ကုန်၊ မော်လမြိုင်နဲ့ တောင်ကြီးမြို့တို့မှာ ပြဿနာအဖြစ် သတ်မှတ်သူများ (၆၄) ရာခိုင်နှုန်း ရှိပေမယ့်၊ မန္တလေးနဲ့ မုံရွာတို့မှာတော့ ပြဿနာလို့မြင်သူ နည်း (၄၄) ရာခိုင်နှုန်းသာ ရှိပါတယ်။ ဒါပေမဲ့ အလုပ်ကြိုးစားရင် အောင်မြင်မယ်လို့ အားလုံးက ယူဆကြပါတယ်။ လူငယ်အုပ်စု အသက် (၁၈-၃၀) မှာ (၉၀) ရာခိုင်နှုန်း စမတ်ဖုန်း ကိုင်ကြပေမယ့် အွန်လိုင်းရောင်းဝယ်မှု အလွန်နည်းပါးပါတယ်။ အွန်လိုင်းကတဆင့် ငွေပေးချေးသူဦးရေ (၁၅) ရာခိုင်နှုန်းသာ ရှိတယ်လို့ ဆိုပါတယ်။ အွန်လိုင်းဘဏ်စနစ်ကိုသုံးသူက ပျမ်းမျှ (၃၀) ရာခိုင်နှုန်းသာ ရှိတယ်လို့ ဖော်ပြထားပါတယ်။ မြို့ပြလူတန်းစားတွေမှာ အလှူဒါနပြုလိုစိတ်နဲ့ လူမှုဆက်ဆံရေး ကောင်းမွန်လိုစိတ် ပြင်းထန်တယ်လို့ ဆိုပါတယ်။ မြို့ပြလူတန်းစားအချင်းချင်း ယုံကြည်စိတ်ချသူက တဝက်နီးပါး (၄၈) ရာခိုင်နှုန်းရှိပြီး၊ အချင်းချင်း မယုံကြည်ရဖူးလို့ ပြောသူက နည်း (၃၃) ရာခိုင်နှုန်း ဖြစ်ပါတယ်။ ဒါပေမဲ့ အချင်းချင်း ယုံကြည်မှုမှာ အင်ဒိုနီးရှားက (၄၀) ရာခိုင်နှုန်း၊ စင်္ကာပူ (၃၈) ရာခိုင်နှုန်း နဲ့ ထိုင်းနိုင်ငံဟာ မြန်မာထက် နည်းနေပါတယ်။
အခြားဘာသာဝင်နဲ့ အခြားလူမျိုးကို ယုံကြည်တဲ့ အတိုင်းအတာကတော့ တမြို့နဲ့တမြို့ ကွဲပြားခြားနားပါတယ်။ ကွဲပြားတဲ့ ဘာသာဝင်နဲ့လူမျိုးကို ယုံကြည်မှုအရှိဆုံးဟာ တောင်ကြီးမြို့ (၆၀)% နဲ့ မော်လမြိုင် (၄၈)% ဖြစ်ပြီး၊ ရန်ကုန် (၂၈)%၊ မန္တလေး (၂၈)% နဲ့ မုံရွာ (၁၈)% တို့မှာ ယုံကြည်သူနည်းပါတယ်။ အကျင့်ပျက်ခြစားမှု များတယ်လို့ မြို့ပြလူတန်းစားတွေက ယုံကြည်ပါတယ်။ မိမိပိုင်တဲ့ အဆောက်အအုံရဲ့ ခန့်မှန်းတန်းဖိုးကိုကြည့်ပြီး ပစ္စည်းခွန်ကောက်ယူရာမှာ တမြို့နဲ့တမြို့ အလွန်ကွာခြားပါတယ်။ စစ်တမ်းမတိုင်မီ (၆) လအတွင်း ပစ္စည်းခွန်ဆောင်သူဦးရေကို စီစစ်တဲ့အခါ ရန်ကုန်က အနည်းဆုံး ဖြစ်နေပါတယ်။
ပစ္စည်းခွန်အများဆုံးမှာ တောင်ကြီးမြို့က (၇၀)% က ပေးဆောင်ရပြီး မန္တလေးနဲ့ မုံရွာက ဒုတိယအများဆုံး (၆၉)%၊ မော်လမြိုင်က တတိယအများဆုံး (၆၀)% ဖြစ်ပါတယ်။ ဆင်းရဲချမ်းသာမရွေး ပစ္စည်းခွန် ပေးရပါတယ်။ ဒါပေမဲ့ ပစ္စည်းခွန်အများဆုံးနဲ့ အနည်းဆုံး ကွာခြားချက်ဟာ ရန်ကုန်မှာ ကျပ် (၃၅၀) သာ ရှိပါတယ်။ အခြားမြို့တွေမှာလည်း ကွားခြားချက်ဟာ ကျပ်ငါးရာနဲ့ တစ်ထောင်ကြားမှာသာ ရှိပါတယ်။ အခွန်ပေးဆောင်တာဟာ နိုင်ငံသားတိုင်းရဲ့ တာဝန်လို့ မြို့ပြလူတန်းစားတွေက ယုံကြည်ကြပါတယ်။