မြန်မာ့စီးပွားရေးနဲ့ ရခိုင်အရေး တင်ပြချက်

Your browser doesn’t support HTML5

မြန်မာ့စီးပွားရေး နဲ့ ရခိုင်အရေး တင်ပြချက်


ဒေါ်အောင်ဆန်းစုကြည်ရဲ့အမေရိကန်ခရီးစဉ်နဲ့ အချိန်ကိုက်ပြီး “မြန်မာ-အမေရိကန် ဆက်ဆံရေး ရှေ့ခရီး”- ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ တရပ်ကို ဝါရှင်တန်မြို့တော်မှာ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာန (CSIS) က ကြီးမှူးပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားမှာ စီးပွားရေး လုပ်ငန်းရှင် Serge Pun ၊ ရီနေးဆန်း အင်စတီကျု က ဦးဘိုဘိုငယ်နဲ့ Center for Diversity and National Harmony ညွှန်ကြားရေးမှူး ဒေါက်တာကျော်ရင်လှိုင် တို့က မြန်မာနိုင် ငံရဲ့ စီးပွားရေးအခြေအနေနဲ့ ရခိုင်ဒေသ အခြေအနေတွေကို သုံးသပ်တင်ပြခဲ့ကြပါတယ်။ အဲဒီ တင်ပြချက်တွေကို ဦးကျော်ဇံသာ က ပြန်ဆိုတင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ စီးပွားရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံထဲက စီးပွားရေးလုပ်ငန်းရှင် Serge Pun က အခုလို စတင်ဆွေးနွေးပါတယ်။

Serge Pun ။ ။ စီးပွားရေးပတ်သက်ပြီး ဝေဖန်မှု အများစုဟာ အစိုးရလုပ်နေတာ နှေးကွေးလွန်း တယ်။ ဘာလုပ်လို့ လုပ်နေမှန်းမသိဘူး။ မနိုင်နင်းနဲ့ နပန်းလုံးနေတယ်။ လုပ်နိုင်ရည်မရှိဘူး စသဖြင့် ပြောကြပါတယ်။ ဒီအဖြစ်တွေက တချို့တဝက် မှန်နိုင်ပေမယ့် ဒီလူအများစုဟာ သိပ်အရေးကြီးတဲ့အချက်ကိုတော့ မပြောကြဘူးဆိုတာ တွေ့ရပါတယ်။ ဒါကတော့ NLD အစိုးရ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်နေတဲ့ အဂတိတိုက်ဖျက်ရေး၊ အုပ်ချုပ်ရေး စနစ်ကောင်းမွန်ရေးနဲ့ အာဏာအလွဲသုံးစားမှု လုံးဝလက်မခံနိုင်ရေးပဲ ဖြစ်ပါတယ်။ ဒါတွေ တကယ်ဖြစ်နိုင်မလားဆိုတာ ယုံချင်မှ ယုံကြပါလိမ့်မယ်။ ကျနော်ဟာ စီးပွားရေးလုပ်ငန်းရှင် လုပ်ကိုင်နေသူတဦးအနေနဲ့ ပြောရရင် ဒီလုပ်ရပ်တွေဟာ ဝန်ကြီး၊ ဒုဝန်ကြီးအဆင့်တွေမှာ တကယ်ပြောင်းလဲခဲ့ပြီဆိုတာ လက်တွေ့ပါပဲ။ မတ်လမှာ ဝန်ကြီးစာရင်းကြေညာတော့ ဘယ်သူတွေလဲဆိုတာ ကျနော်တို့ အသေးစိတ်လေ့လာပါတယ်။ အခု ရွေးချယ်ထားတဲ့ ဝန်ကြီးတွေဟာ ခြစားပျက်စီးမှု၊ မသမာမှု ကင်းရှင်း သူတွေ၊ တာဝန်ကို ရိုးသားဖြောင့်မတ်စွာ ထမ်းဆောင်လိုသူတွေ ဖြစ်ကြပါတယ်။ ဒီလူကောင်းတွေထဲက တဝက်ဟာ စွမ်းရည်ရှိသူတွေ၊ လုပ်နိုင်ကိုင်နိုင်သူတွေ ဖြစ်ပါတယ်။ ကျန်တဝက်ကတော့ ကောင်းပါတယ်။ ဒါပေမဲ့ လုပ်ရည်ကိုင်ရည်ကို မစမ်းသပ်ရသေးသူတွေပါ။ အခု လေးလကြာလာတဲ့အခါမှာတော့ သူတို့ရဲ့ လုပ်ရည်ကိုင်ရည်တွေကို သိလာရပါပြီ။ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ မန္တလေးတိုင်းဝန်ကြီးချုပ်တို့ဟာ နမူနာကောင်းတွေပါ။ ကျနော်တို့ဒေသတွင်း နိုင်ငံတွေကို ကြည့်လိုက်ရင် ကျားနိုင်ငံတွေ ဘာညာ သူတို့ဟာ လွန်ခဲ့တဲ့ နှစ် (၃၀) အတွင်း ဒုံးကျည်လို တဟုန်ထိုးတက်သွားပါတယ်။ (၂၅) နှစ်လောက်လည်း ကြာရော ခြစားပျက်စီးမှုတွေ၊ လက်သင့်ရာ စားတော်ခေါ်တဲ့ကိစ္စတွေ၊ ကိုယ်ကျိုးရှာတာတွေနဲ့ အကြီးအကျယ် ပြဿနာတက်နေရပါတယ်။ ဒီပြဿနာတွေဟာ စီးပွားရေးဖွံ့ဖြိုးမှုထက် ကြီးမားပါတယ်။ မြန်မာနိုင်ငံဟာ ဒါမျိုးမဖြစ်ရလေအောင် ကြိုးစားနေတယ်လို့ ကျနော်ထင်ပါတယ်။ အောင်မြင်မယ်ဆိုရင် နောင် (၁၅) နှစ်အကြာမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ အင်မတန် ကွဲလွဲထူးခြားတဲ့ အဓွန့်ရှည်ခိုင်မြဲတဲ့ အောင်မြင်မှုဖြစ်မယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ AIBB လို့ ခေါ်တဲ့ တရုတ်နိုင်ငံ ဦးစီးတည်ထောင်တဲ့ အခြေခံအဆောက်အအုံ ဆိုင်ရာ အာရှရင်းနှီးမြှုပ်နံှမှုဘဏ်အနေနဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ ဘယ်အခန်းကဏ္ဍ က ပါဝင်နိုင်ပါလဲလို့ အခမ်းအနားတက်ရောက်သူ တဦးကမေးတဲ့ မေးခွန်းကိုတော့ Serge Pun က အခုလို ပြန်ဖြေသွားပါတယ်။

Serge Pun ။ ။ AIBB ဟာ မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးမှာ အများကြီး ပါဝင်ဆောင်ရွက်နိုင်တယ်လို့ ထင်ပါတယ်။ ကျနော့် အမြင်ပြောရရင် တရုတ်နိုင်ငံလည်း ပြောင်းလဲနေပြီ ထင်ပါတယ်။ ပြီးခဲ့တဲ့ တနှစ်လောက်မှာပဲ အိမ်နီးချင်းတွေ ပြည်ပနိုင်ငံတွေမှာ ရင်းနှီးမြှုပ်နံှမှုအပေါ် အမြင်ပြောင်းလဲခဲ့တာ တွေ့ရပါတယ်။ အရင်တုန်းကတော့ မြစ်ဆုံအပါအဝင် အခြားရင်းနှီး မြှုပ်နံှမှုတွေဟာ သူတို့ တရုတ်အတွက်ပဲ သူတို့ စဉ်းစားခဲ့တာပါ။ ဒီအမြင်မျိုးကို ဒီနေ့အခါမှာ ဘယ်နေရာမှာမှ လက်မခံကြတော့ပါဘူး။ တရုတ်နိုင်ငံအတွင်းမှာပါ လက်မခံကြတော့ပါဘူး။ ဒီလို အမြင်ပြောင်းလဲမှုကြောင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးမှာ တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်မှု နောက်တဆင့် တက်လှမ်းလာမယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဓိက ဆွေးနွေးသူတဦးဖြစ်တဲ့ ဦးဘိုဘိုငယ်ကလည်း အခုလို ဖြည့်စွက်ဆွေးနွေးသွားပါတယ်။

ဦးဘိုဘိုငယ် ။ ။ တရုတ်ရဲ့အမြင် ပြောင်းလဲလာတာကို အိမ်နီးချင်းနိုင်ငံတွေမှာလည်း တွေ့ရပါ တယ်။ ဥပမာ အင်ဒိုနီးရှားဟာ ဂျကာတာ-ဘန်ဒေါင်း အမြန်ရထားလမ်းစီမံကိန်းကို ဂျပန်အစား တရုတ်ကို ခွင့်ပြုလိုက်ပါတယ်။ စင်္ကာပူအပါအဝင် အိမ်နီးချင်းတချိုု့ကလည်း တရုတ်ရဲ့ ဒေသတွင်း ရင်းနှီးမြှုပ်နံှမှုအပေါ် သဘောထားပြောင်းလဲလာတာကို အသိအမှတ် ပြုလာကြပါ တယ်။ ဒါပေမယ့်ကျောက်ဖြူစီမံကိန်းကိုလည်း တရုတ်နိုင်ငံပိုင်ဖြစ်တဲ့ စီတစ်ကုမ္ပဏီအစား AIBB က လုပ်ဆောင်ရင် ပိုသင့်လျော်လိမ့်မယ်လို့ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီဆွေးနွေးပွဲမှာ ရခိုင်ဒေသတင်းမာမှုနဲ့ ပတ်သက်ပြီးတော့ ဦးဆောင်ဆွေးနွေး သူကတော့ ဒေါက်တာကျော်ရင်လှိုင် ဖြစ်ပါတယ်။

ဒေါက်တာကျော်ရင်လှိုင် ။ ။ တိုးတက်မှုဆိုတာ အနုတ်လက္ခဏာပြမှု သိန်းနဲ့ချီပြီ ရှိနေရာကနေ ကိုးသောင်းရှစ်သောင်းလောက် ဖြစ်လာခဲ့ တာကို တွေ့ရတယ်ဆိုရင် ရခိုင်ပြဿနာထဲကို ထဲထဲဝင်ဝင် လုပ်ကိုင်နေရတဲ့ ကျနော်တို့အဖို့ ဒါဟာ တိုးတက်မှုလို့ ယူဆရပါတယ်။ ပရိသတ်တွေ မျှော်လင့်ထားသလောက် ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အခြေအနေက အရင်ထက်စာရင် တိုးတက်ကောင်းမွန်လာ ပါတယ်။ ရခိုင်မဟုတ်တဲ့ ရဲတွေကို တာဝန်ချထားတဲ့ အတွက် နောက်တခါ အသိုင်းအဝိုင်းနှစ်ဘက်စလုံးက ခေါင်းဆောင်တွေက ပဋိပက္ခ ဟန့်တားရေး ပူးပေါင်းဆောင်ရွက်ကြတဲ့အတွက် ၂၀၁၁ ခုနှစ်ထက် ပိုပြီးတော့ လုံခြုံမှု ရှိလာပါတယ်။

ဒါပေမဲ့ ရှေ့ဆက်လုပ်ရမှာတွေ အများကြီးပါ။ ရခိုင်လူမျိုးတွေကလည်း မွတ်ဆလင် အသိုင်း အဝိုင်းတွေ ကြား အသွားအလာတွေ ရှိလာပါတယ်။ ရခိုင်ကို သွားပြီးရင် စစ်တွေ သဲချောင်းဈေး ကို သွားကြည့်ဖို့ တိုက်တွန်းပါတယ်။ တချိန်က မွတ်ဆလင်စီးပွားရေးသမားတွေသာ အဓိက ရှိနေတဲ့ နေရာပါ။ အခုတော့ ရခိုင်နေရာလား၊ မွတ်ဆလင်နေရာလား ခွဲလို့တောင် မရတော့ ပါဘူး။ နှစ်ဘက်စလုံး ရောနှောနေတယ်ဆိုတာကို ပြသနေတာပါ။

ဦးကျော်ဇံသာ ။ ။ ရခိုင်ဘက်မှာ သဘောထားပြောင်းလဲမှု တချို့ တွေ့လာရတယ် လို့လည်း ဒေါက်တာကျော်ရင်လှိုင် က ဆက်ပြောပါတယ်။

ဒေါက်တာကျော်ရင်လှိုင် ။ ။ လူတွေတော်တော်များများ သတိမထားမိတဲ့ နောက်တိုးတက်မှု တရပ်ကတော့ ရခိုင်က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ သဘောထား ပြောင်းလဲလာပါတယ်။ မတူကွဲပြားတဲ့အမြင်တွေ၊ သဘောထားတွေကို နားထောင်လာကြပါပြီ။ ကိုဖီအာန်နန်ကော်မရှင်တောင်မှ အကျိုးရှိမယ့်ကိစ္စတွေကို နှစ်နာရီလောက် ပြော ဆို ဆွေးနွေးနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဘုန်းတော်ကြီးတွေနဲ့ အကြိမ်ပေါင်းများစွာ တွေ့ခဲ့ပါတယ်။ အစောပိုင်းမှာတော့ သူတို့ဟာနားမထောင်ချင်ကြပါဘူး။ သူတို့ထင်တာ၊ သူတို့ ဖြစ်စေချင်တာတွေကိုပဲ ပြောကြပါတယ်။ အခုတော့ သူများပြောတာကို ပိုပြီးနားထောင်ချင်စိတ် ပိုရှိလာပါတယ်။ ကိုဖီအာနန် ကော်မရှင်ကို မွတ်ဆလင်တွေဘက်က လှိုက်လှိုက်လဲှလှဲ ကြိုဆိုတယ်။ ရခိုင်အသိုင်းအဝိုင်းဘက်ကတော့ မကြိုဆိုကြဘူး။ ဒါပေမဲ့ သူတို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကော်မရှင်ကရှိနေမယ်ဆိုတာကိုတော့ သဘောပေါက်ကြတော့ စကားပြောချင်သူတွေ အတူလက်တွဲလုပ်ချင်သူတွေ ရှိလာပါတယ်။ ဒီကော်မရှင်အနေနဲ့လည်း ဒီအရေးနဲ့ ပတ်သက်ပြီးတော့ လုပ်သင့်တဲ့အလုပ်ကို အချိန်မီ လုပ်ဆောင်ဖို့ တိုက်တွန်းလိမ့်မယ်လို့ ထင်ပါတယ်။ ဒီအရေးမှာ အရင်အစိုးရရဲ့ ပြဿနာကတော့ အလေးအနက်မထားဘဲ အီရော့အီရော ဖြစ်နေခြင်းပါပဲ။ ဘာလုပ်သင့်ဖို့ဆိုတာကို သူတို့ပြောတယ်။ ပြီးတော့ အချိန်ဆွဲပြီးတော့ ထိထိရောက်ရောက် မလုပ်ဆောင်ခဲ့ဘူး။

ဦိးကျော်ဇံသာ ။ ။ ဆက်လက်ပြီးတော့ ရခိုင်ဒေသ စီးပွားရေး၊ လူမှုရေး အခြေအနေ တိုးတက်လာအောင် လုပ်ဆောင်တဲ့ကိစ္စကို ဒေါက်တာကျော်ရင်လှိုင် က ဆက်ရှင်းပါတယ်။

ဒေါက်တာကျော်ရင်လှိုင် ။ ။ နောက်ထပ်တိုးတက်မှုတရပ်ကတော့ ရခိုင်ဒေသအတွင်း နေထိုင်သူအားလုံးရဲ့ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက် လက်ရှိအစိုးရက စီမံကိန်းချပြီးတော့ ကြိုးပမ်းနေတာပဲ ဖြစ်ပါတယ်။ အခု ပြောနေတာတွေကို တိုက်ရိုက်ထုတ်လွှင့် နေတယ်ဆိုတော့ ကျနော် နည်းနည်းဆင်ခြင်ရမယ်လို့ ထင်ပါတယ်။ လူ့အသိုင်းအဝိုင်းနှစ်ခုလုံး အကျုံးဝင်အောင် လုပ်ဆောင်နေတယ် ဆိုတာကိုတော့ အစိုးက ပွင့်ပွင့်လင်းလင်း မပြောဘဲ စီမံကိန်းကို လက်တွေ့လုပ်ဆောင်နေသူတွေဟာ ရခိုင်၊ မွတ်ဆလင် နှစ်ဘက်စလုံးနဲ့ ပြောဆိုဆွေးနွေးနေကြတာပါ။ အရင်တုန်းကဆိုရင်တော့ ဒီလို နှစ်ဘက်တိုင်ပင်ဆွေးနွေးနိုင်ဖို့ဆိုတာ ကျနော်တို့ စဉ်းစားလို့တောင် မရပါဘူး။

ဦးကျော်ဇံသာ ။ ။ ရခိုင်ဒေသ တင်းမာမှုနဲ့ ပတ်သက်ပြီး နောက်ဆုံး တိုးတက်ကောင်းမွန်လာတဲ့ အခြေအနေတရပ်ကတော့ Political Will လို့ခေါ်တဲ့ မဖြစ်မနေ လုပ်ဆောင်လိုတဲ့ ဆန္ဒနဲ့ ပတ်သက်တယ်လို့ ဒေါက်တာကျော်ရင်လှိုင် က ဆိုပါတယ်။

ဒေါက်တာကျော်ရင်လှိုင် ။ ။ အရင်တုန်းက ပြဿနာက အစိုးရအနေနဲ့ ဘာလုပ်ရမှန်းမသိတဲ့ကိစ္စ မဟုတ်ပါဘူး။ အဓိက ပြဿနာက မဖြစ်မနေလုပ်မယ်ဆိုတဲ့ ဆန္ဒ Political Will မရှိတာသာ ဖြစ်ပါတယ်။ ဘာလုပ်သင့်တယ်ဆိုတာကို တော်တော်များများ သူတို့ သိပါတယ်။ ဒါပေမယ့် ဒါကို မှန်မှန်ကန်ကန် ထိထိရောက်ရောက် လုပ်ဆောင်လိုစိတ် မရှိကြပါဘူး။ အရင်အစိုးရထက်စာရင် လက်ရှိအစိုးရက မှန်ရာကို ဖြစ်အောင်လုပ်ဆောင်ဖို့ စိတ်ပိုရှိတာကို တွေ့ရပါတယ်။ ရှေ့ဆက်တော့ စောင့်ကြည့်ရပါအုံးမှာပါ။ အခုအချိန်အထိတော့ သူတို့ဟာ မှန်တာကို အရဲစွန့်လုပ်ဖို့ ဆန္ဒရှိနေတာကို တွေ့ရပါတယ်။ ချက်ချင်းမျှော်လင့်လို့တော့ မရပါဘူး။ အချိန်ပေးရပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ အဲဒါက ဒေါက်တာကျော်ရင်လှိုင်ရဲ့ ပထမပိုင်း ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ ရခိုင်ပြည်နယ်အတွက် စိန်ခေါ်မှုတွေ ရှိနေသေးတာကို ဒေါက်တာကျော်ရင်လှိုင် က အခုလို ထောက်ပြသွားပါတယ်။

ဒေါက်တာကျော်ရင်လှိုင် ။ ။ ရခိုင်ပြည်နယ်အတွက် အကြီးမားဆုံး ပြဿနာက မသေချာမရေရာမှု ဖြစ်ပါတယ်။ ကျနော်တို့အားလုံး သိကြတဲ့ အတိုင်းပါပဲ၊ ရခိုင်ပြည်နယ်မှာ အစိုးရဖွဲ့ထားတဲ့ အာဏာရပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ပါတီ မဟုတ်ပါဘူး။ ဒီတော့ ပြည်နယ် အစိုးရနဲ့ ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲအနိုင်ရတဲ့ ပါတီတို့ရဲ့ ဆက်ဆံရေး သိပ်မဆိုးလှပေမယ့် အတူတကွ ပူးတွဲလုပ်ဆောင် နိုင်မယ့်နည်းလမ်း ရှာမတွေ့နိုင်ဘူး ဖြစ်နေပါတယ်။ ဆိုတော့ လူတော်တော်များများဟာ နောက်ဘာဖြစ်လာမယ်ဆိုတာ မသိနိုင်ကြသေးပါဘူး။ ဒီမရေရာမသေချာမှုဟာ တကယ့်ပြဿနာ ဖြစ်နေပြီးတော့ လူအများအပြား စိတ်မရှည်နိုင် ဖြစ်နေကြပါတယ်။ မွတ်ဆလင်တွေ အများအပြား က ပြောနေကြပါတယ်၊ အစိုးရဆီမှာ မျှော်လင့်ချက်အများကြီးထားရှိပေမယ့် ထိရောက်တဲ့တိုးတက်မှု ဘာမှမတွေ့ရသေးဘူးလို့ ပြောကြပါ တယ်။ အခြေအနေ တိုးတက်မလာရင်တော့ ပွင့်လင်းရာသီရောက်လာရင် ပြည်ပကို ထွက်ခွာဖို့စဉ်းစားနေတယ်လို့ မွတ်ဆလင်တချို့က ပြောပါတယ်။ ဒါကြောင့် ဒီလို နိုင်ငံရေး မရေရာမှုဟာ ပြဿနာ အများအပြားကို ပေါ်ပေါက်လာစေနိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ရခိုင်အမျိုးသားရေးဝါဒ အရှိန်မြင့်လာတာဟာ စိန်ခေါ်မှုတရပ်ဖြစ်တယ်လို့ ဒေါက်တာကျော်ရင်လှိုင်က ဆိုပါတယ်။

ဒေါက်တာကျော်ရင်လှိုင် ။ ။ တခြားတိုင်းရင်းသားဒေသတွေလိုပါပဲ၊ ရခိုင်အမျိုးသားရေးဝါဒ အရှိန်မြင့်မားလာပါတယ်။ လွန်ခဲ့တဲ့ တနှစ်ခွဲ လောက်က ရခိုင်တပ်မတော် AA ကို ဘယ်လို သဘောရလဲလို့ ရခိုင်လူငယ်အများအပြားကို မေးကြည့်တော့ ဒါဟာ လက်နက်ကိုင်အဖွဲ့ တခုသာလို့ ပြောကြပြီး AA နဲ့ ပတ်သက်လို့ ပြတ်သားတဲ့ သဘောထား မရှိကြသေးပါဘူး။ အခုအခါမှာတော့ AA ရခိုင်တပ်မတော် - ကျနော်တို့ရဲ့တပ်မတော် သိပ်အရေးကြီးတယ်ဆိုပြီး ပြောလာကြပါတယ်။ တိုင်းရင်းသားအမျိုးသားရေးဝါဒနဲ့ သဘောထားတင်းမာသူတွေ ပေါ်ထွန်းလာတာလည်း နောက်ထပ်စိုးရိမ်ဖွယ် အခြေအနေတရပ် ဖြစ်ပါတယ်။ လူတွေဘဝ ရပ်တည်ရေး ခက်ခဲနေဆဲပါ။ ပိုပြီးတော့ ခက်ခဲ လာနေပါတယ်။ နောက်တခုက အစိုးရသစ်နဲ့ နိုင်ငံရေးသမား လူသစ်တွေ ရှိလာပြီ ဖြစ်ပေမယ့် ဗျူရိုကရက်အရာရှိဟောင်းတွေဟာ အရင် တုန်းက စိတ်သဘောထားနဲ့ လုပ်ကိုင်နေကြဆဲပါ။ မူးယစ်ဆေးဝါး ပြဿနာကလည်း လူ့အသိုင်းအဝိုင်းနှစ်ခုစလုံးမှာ ကြီးထွားလာနေပါတယ်။ နောက်ဆုံးတချက်က ပြန်လည်သင့်မြတ်ရေးဆိုတာ မွတ်ဆလင်တွေနဲ့ အတူရောနှောနေထိုင်ရမှာမို့ လုံခြုံရေးအတွက် အန္တရာယ်ရှိတယ်လို့ ယူဆတဲ့အတွက် ရခိုင်တွေဘက်က လက်မခံကြပါဘူး။ ဒါကြောင့် ပြန်လည်သင့်မြတ်ရေးအစား ကျနော်တို့အနေနဲ့ ပဋိပက္ခဟန့်တားရေး ဆိုတာပဲ အားလုံးက ထောက်ခံကြပါတယ်။

ဦးကျော်ဇံသာ ။ ။ ပရိသတ်တဦးက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တရုတ်ရဲ့ အခန်းကဏ္ဍကို မေးကြည့်တဲ့အခါ ဒေါက်တာကျော်ရင်လှိုင်က အခုလို ပြန်ဖြေသွားပါတယ်။

ဒေါက်တာကျော်ရင်လှိုင် ။ ။ အစောပိုင်းတုန်းက တရုတ်တို့ဟာ ဒဲ့ဒိုးပြောရရင် သိပ်အပြုသဘောမဆောင်ပါဘူး။ တရုတ်ပြည် ရွှေလီမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲတချို့ ကျနော်တက်ခဲ့ပါတယ်။ တရုတ်တွေက သိပ်ဗိုလ်ကျတယ်။ ဖြစ်စဉ်တခုလုံးကို သူတို့ချုပ်ကိုင်ချင်တယ်။ အစိုးရ ကိုယ်စားလှယ်တွေကိုရော တိုင်းရင်းသားကိုယ်စားလှယ်တွေကို အမိန့်ပေးပြီး ညွှန်ကြားတဲ့သဘောမျိုးတောင် လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် လက်မခံကြပါဘူး။ ကချင်ကိုယ်စားလှယ်အဖွဲ့ဆိုရင် ညစာတောင် အတူတူမစားဘဲ ထွက်သွားခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယတွေ့ဆုံမှုကစလို့ သူတို့ ပြောင်းလဲလာပါတယ်။ နောက်ပြီး ငြိမ်းချမ်းရေးရန်ပုံငွေကို ဥရောပကပေးခဲ့ပါတယ်။ တရုတ်ကတော့ သူတို့အပေါ်မှာပဲ မှီခိုစေချင်ပါ တယ်။ အခု မြန်မာအစိုးရသစ်ကတော့ ဘယ်သူကိုမှ မမှီခိုဘဲ ကိုယ့်ပိုက်ဆံနဲ့ကိုယ် လုပ်နေပါတယ်။ ရခိုင်ဒေသ တရုတ်ရင်းနှီးမြှုပ်နံှမှုကို ဗဟိုအစိုးရက ချုပ်ကိုင်ပါတယ်။ ရခိုင်ပြည်နယ်နဲ့ ဘာမှမဆိုင်ပါဘူး။ ဒါကြောင့် ရခိုင်လူထု လုံးဝမကျေနပ်ပါဘူး။ တရုတ်ကလည်း ဒေသခံတွေ ပြောတာကို ဂရုမစိုက်ပါဘူး။ ဒေသခံတွေအတွက် အများကြီး လုပ်ပေးနေတယ်လို့ တရုတ်သံရုံးက ပြောနေပေမယ့် ဘာမှ မတွေ့ရသေးဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။