{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်း ကူးစက်မှုမြင့်တက်နေချိန်က မလိုအပ်ရင် အိမ်ပြင်မထွက်ရ Stay at Home ထုတ်ပြန်ခဲ့တဲ့ မြို့နယ်တွေထဲက နောက်ထပ်မြို့နယ်တချို့ကို ဒီနေ့ နိုဝင်ဘာ ၂၅ ရက်ကစပြီး အမိန့်ပယ်ဖျက်လိုက်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက အခုနောက်ဆုံး Stay at Home ထုတ်ပြန်ချက် ပယ်ဖျက်လိုက်တဲ့ မြို့နယ် ၂၈ မြို့နယ်မှာ နေ့စဉ်နဲ့အမျှ ဓာတ်ခွဲအတည်ပြုလူနာ အများဆုံးရှိခဲ့တဲ့ ရှမ်းပြည်နယ်အတွင်းက မြို့နယ် ၉ ခုနဲ့ ကချင်ပြည်နယ်က ၄ မြို့နယ် ပါဝင်လာပါတယ်။ အခုပယ်ဖျက်လိုက်တဲ့ မြို့နယ်တွေမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုကတကယ်ပဲ လျော့ကျသွားပါပြီလား ... ရန်ကုန်ကလာတဲ့ ဒီသတင်းကို မဆုမွန်ကပြောပြပါမယ်။
နေပြည်တော်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ မကွေးတိုင်း၊ မန္တလေးတိုင်း အပါအဝင် မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းက မြို့နယ် ၂၈ မြို့နယ်မှာ နိုဝင်ဘာ ၂၅ ရက် ဒီနေ့ကစပြီးတော့ Stay at Home အစီအစဉ် ပယ်ဖျက်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Stay at Home အစီအစဉ် ပယ်ဖျက်လိုက်တဲ့အထဲမှာ ဓာတ်ခွဲအတည်ပြုလူနာ နေ့စဉ် အများဆုံးရှိခဲ့တဲ့ ရှမ်းပြည်နယ်အတွင်းက မြို့နယ် ၉ ခု ပါဝင်လာပါတယ်။ နောင်ချို၊ သီပေါ၊ ကျိုင်းတုံ၊ ညောင်ရွှေ၊ တောင်ကြီးနဲ့ ရပ်စောက်မြို့နယ်၊ မူဆယ်အပြင် လားရှိုးနဲ့ လောက်ကိုင် အဲဒီမြို့နယ်တွေကို ဖြေလျှော့ပေးလိုက်တာပါ။
Stay at Home ပယ်ဖျက်တဲ့အထဲ ပါဝင်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာတော့ နိုဝင်ဘာလအစပိုင်းက ကိုဗစ်လူနာအများစုဟာ ရောဂါပြင်းထန်ချိန်ရောက်မှ ကုသရေးစင်တာတွေဆီ ရောက်လာလို့ ကုသရေးပိုင်းမှာ အခက်အခဲတွေ ကြုံခဲ့ကြရပါတယ်။ ဒါ့အပြင် ကိုဗစ်အတည်ပြုလူနာ ပြန်များလာတာကြောင့် ပျံကျဈေးသည်တွေကိုလည်း ကိုယ့်ရပ်ကွက်အလိုက် ဈေးရောင်းဖို့နဲ့ ရပ်ကွက်မကျော်ဖို့ကို သတိပေးတဲ့အထိ တင်းကြပ်ခဲ့တာပါ။
ဒါပေမယ့်လည်း အခု နိုဝင်ဘာလကုန်ပိုင်း ရောက်ချိန်မှာတော့ နောင်ချိုမှာ ဖျားနာသူအနည်းအကျဉ်းသာရှိပြီး စိတ်ချရတဲ့အနေအထားမှာ ရှိနေပြီလို့ သဖန်းကိုင်း ပရဟိတ လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။
"အဓိကကတော့ Stay at Home ပယ်မှ ကလေးတွေကလည်း ကျောင်းဖွင့်လို့ရမယ်။ နောက် ဈေးတွေလည်း ဖွင့်လို့ရမယ်ပေါ့နော်။ လုပ်ငန်းရှင်တွေကလည်း လုပ်ငန်းလုပ်လို့ရမယ်ဆိုတဲ့ဟာလေးတွေကို အဓိကထားပြီးတော့မှ လုပ်ငန်းရှင်ရယ်၊ ပရဟိတအဖွဲ့ရယ်၊ ကျောင်းက ဆရာ၊ ဆရာမတွေရယ်၊ ဌာနဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေရယ် ပူးပေါင်းပြီးမှ ပြုလုပ်တဲ့အချိန် အတွင်းမှာတော့ ထိန်းချုပ်နိုင်တဲ့အနေအထားကို ရောက်ရှိလို့နေပါတယ်ဗျ။ အခု ကျောင်းတွေပြန်ဖွင့်မယ့်အထဲမှာတော့ အားလုံးပြင်ဆင်ထားပြီးပါပြီဗျ။ ကလေးတွေ မနစ်နာအောင်လို့တော့ ပရဟိတအဖွဲ့တွေနဲ့လည်း အားလုံးတော့ ပြင်ဆင်နေပါပြီဗျ။"
နောင်ချိုမြို့နယ်မှာ ဇွန်လတုန်းက အခြေခံပညာကျောင်းတွေ ဖွင့်ခဲ့ပြီးတော့ ရောဂါကူးစက်မှုအခြေအနေတွေကြောင့် ဇွန်လကုန်ခါနီးမှာပဲ ပြန်ပိတ်လိုက်ရတာပါ။ နိုဝင်ဘာ ၂၅ ရက် ဒီနေ့ ကစပြီး Stay at Home ပယ်ဖျက်တဲ့အထဲ ကချင်ပြည်နယ်ထဲက ရွှေကူ၊ မိုးကောင်း၊ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်လည်း ပါဝင်လာပါတယ်။ မြစ်ကြီးနားမြို့နယ်မှာတော့ မြို့ပေါ်အနေအထားက ကိုဗစ်ကူးစက်သူ သိပ်မရှိတော့ပေမယ့် မြို့နဲ့ဝေးတဲ့ ရပ်ကွက်အစွန်အဖျားက ရွာတွေမှာတော့ ကိုဗစ်ကူးစက်သူတွေ အခုချိန်ထိ များနေတုန်းလို့ ကိုဗစ်လူနာတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ မြစ်ကြီးနားဒေသခံတဦးက ပြောပါတယ်။
"တချို့ရပ်ကွက်တွေဆိုလို့ရှိရင် တရပ်ကွက်လုံးနီးပါး ဖြစ်တဲ့ရပ်ကွက်တွေရှိတယ်။ မြို့ပေါ်အပိုင်းက ရပ်ကွက်တွေမှာကတော့ ကိုဗစ်ရှိတယ်ဆိုတဲ့ အသံပျောက်သွားတယ်။ မြို့နဲ့ နည်းနည်းလေးလှမ်းတဲ့ဘက်တွေမှာကတော့ တရွာလုံးနီးပါးလောက် ဖြစ်နေတာပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် ပြည်သူတွေအနေနဲ့ကတော့ ကျဉ်းကျပ်တာများပြီကို။ များတော့ လွတ်လွတ်လပ်လပ် သွားလာချင်ကြတာပေါ့လေ။ လုပ်ငန်းတွေကလည်း အားလုံးနီးပါး ပြန်ဖွင့်လာတဲ့အနေအထား ဖြစ်လာတာပေါ့။ လက်ရှိကတော့ ပုံမှန်အနေအထားလို ဖြစ်နေတာပေါ့လေ၊ သွားသွားလာလာ လှုပ်လှုပ်ရှားရှား ပြန်ဖြစ်နေပြီပေါ့။ ကိုဗစ်မရှိတော့ဘူးဆိုပြီးမှ ပေါ့ဆနေလို့မရဘူးပေါ့လေ။ မရှိဘူးဆိုရင်တောင်မှ အစွန်အဖျားတွေမှာက ရှိနေတယ်။ လုံးဝကင်းစင်သွားတာတော့ မဟုတ်ပါဘူး။"
ကိုဗစ်တတိယလှိုင်း အရှိန်မြင့်ခဲ့တဲ့ ဇူလိုင်လကစပြီး ရောဂါကူးစက်မှု အခြေအနေဆိုးခဲ့တဲ့ တိုင်းနဲ့ပြည်နယ်တွေထဲက မြို့နယ်တွေကို Stay at Home ထုတ်ပြန်ခဲ့တာ စုစုပေါင်း ၁၁၉ မြို့နယ် ရှိခဲ့ပါတယ်။ အဲဒီမြို့နယ်တွေထဲကနေ ကိုဗစ်ကပ်ရောဂါကူးစက်မှု လျော့ကျလာတဲ့မြို့နယ်တွေကို တဖြည်းဖြည်းပယ်ဖျက်နေတာ အခုဆို ၁၀၈ မြို့နယ် ရှိသွားပါပြီ။
ဒါပေမယ့် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းက မြို့နယ် ၁၁ ခုမှာတော့ Stay at Home ကန့်သတ်ချက်တွေ ထုတ်ပြန်ထားဆဲဖြစ်ပါတယ်။
ကပ်ရောဂါအခြေအနေကြောင့် အခုလို Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်တွေကို တခုပြီးတခု ဖြေလျှော့လာသလို တနိုင်ငံလုံးမှာရှိတဲ့ စာသင်ကျောင်းတွေ ပြန်ဖွင့်နိုင်ဖို့အတွက်ကိုလည်း အသက် ၁၂ နှစ်နဲ့ ၁၈ နှစ်အတွင်းမှာရှိတဲ့ ကျောင်းသားလူငယ်တွေကို ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးနှံပေးတဲ့လုပ်ငန်းတွေ အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို ပြန်စဖို့အတွက်လည်း စစ်ကောင်စီက အစီအစဉ်ချ လုပ်ဆောင်နေပါတယ်။
Your browser doesn’t support HTML5
=============
{{Unicode}}
=============