တကျော့ပြန် ကိုဗစ်အန္တရာယ်ကာကွယ်ရေး ဥရောပမှာ ကန့်သတ်ချက်တွေ ထုတ်ပြန်

ကိုဗစ်ရောဂါပိုး ကူးစက်ထားသူတဦးကို ပြင်သစ်နိုင်ငံ Biarritz's လေဆိပ်ကနေ သယ်ထုတ်။ (March 19, 2021)

[ Zawgyi / Unicode ]

ဥရောပ နိုင်ငံ အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှု တကျော့ပြန် ဖြစ်လာတာကို တိုက်ဖျက်နိုင်ရေး အတွက် စနေနေ့မှာ တားမြစ်ကန့်သတ်ချက်တွေ ကျင့်သုံးလာရပါတယ်။ ပြင်သစ်နိုင်ငံ မြို့တော် ပါရီနဲ့ နိုင်ငံ မြောက်ပိုင်း၊ တောင်ပိုင်း ဒေသတွေမှာ တားမြစ်ကန့်သတ်ချက်တွေကို သောကြာနေ့က ချမှတ်ခဲ့တာကြောင့် ပြင်သစ် လူဦးရေရဲ့ သုံးပုံတပုံ အသွားအလာ ကန့်သတ် ခံထားရပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ နောက်ပိုင်း နေ့စဉ် ကူးစက်ဖြစ်ပွားမှုနှုန်း အမြင့်ဆုံး ဖြစ်လာနေတဲ့ ပိုလန်မှာတော့ မဖြစ်မနေ ဖွင့်လှစ်စရာ မလိုတဲ့ ဈေးဆိုင်တွေနဲ့ လုပ်ငန်းခွင်တွေကို သီတင်း ၃ ပတ်ကြာ ပိတ်ရမယ့် ညွှန်ကြားချက်သစ် ထုတ်ပြန်ထားပါတယ်။

ယူကရိန်းနိုင်ငံ မြို့တော် Kyiv မှာလည်း အစားအသောက် ရောင်းချတဲ့ ဆိုင်တွေက အပ ကျန်တဲ့ ဆိုင်တွေ အားလုံး ပိတ်ကြရပါတယ်။ သွေးခဲ စေနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်တွေကို ကျန်းမာရေး တာဝန်ရှိသူတွေဘက်က ဖြေရှင်းဖို့ ကြိုးစားခဲ့ပြီးနောက် ပြင်သစ်၊ ဂျာမနီနဲ့ အီတလီတို့မှာ သောကြာနေ့က စလို့ AstraZeneca ရဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ပြန်လည် အသုံးပြုခဲ့ပါတယ်။ ဗြိတိန် ဝန်ကြီးချုပ် Boris Johnson လည်း AstarZeneca ရဲ့ Covid ကာကွယ်ဆေးကို ပထမဆုံး အကြိမ် ထိုးနှံခဲ့ပါတယ်။

ကာကွယ်ဆေးထိုးဖို့ အကြောင်းကြားစာ ရရင် သွားပြီး ထိုးကြပါ။ ကာကွယ်ဆေး ထိုးတာဟာဆိုရင် ကိုယ့်အတွက်ရော ကိုယ့်မိသားစု အတွက်ရော အားလုံး အတွက်ရော အကောင်းဆုံး ဖြစ်ပါတယ်လို့ ဗြိတိန် ဝန်ကြီးချုပ် Johnson က တိုက်တွန်းခဲ့တာပါ။

SEE ALSO: တိုကျိုအိုလံပစ်အားကစားပွဲတွေမှာ ပြည်ပပရိတ်သတ်တွေ လာရောက်ကြည့်ရှုခွင့်ပိတ်မည်


ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှု တကျော့ပြန် ဖြစ်လာနေတဲ့ ဥရောပ နိုင်ငံတွေမှာ တားမြစ်ကန့်သတ်ချက်တွေကို စနေနေ့မှာ ဆန့်ကျင် ဆန္ဒပြကြပါတယ်။ ဗြိတိန် နိုင်ငံ လန်ဒန်မှာ လူပေါင်း ထောင်ချီ စုဝေးပြီး ဗိုင်းရပ်စ် ပျံ့နှံ့မှု ထိန်းချုပ်ကာကွယ်ရေး ဆိုင်ရာ ကန့်သတ်တားမြစ်ချက်တွေကို စနေနေ့က ဆန္ဒပြခဲ့ကြပါတယ်။ ဆွီဒင်မှာလည်း လူပေါင်း ရာချီ စုဝေးပြီး ဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှု ထိန်းချုပ် ကန့်သတ်ချက်တွေကို ဆန္ဒပြခဲ့ကြပါတယ်။

[ Unicode ]





