လက်တင်အမေရိကဒေသ COVID-19 ကူးစက်သူတွေထဲ ထိပ်တန်းတာဝန်ရှိသူတွေ ပါဝင်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ဘိုလီးဗီးယား ကြားဖြတ်သမ္မတ Jeanine Anez. (ဇွန် ၁၁၊ ၂၀၂၀)

(Zawgyi / Unicode)

ကမ္ဘာ့နိုင်ငံစုံမှာ ကူးစက်ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူတွေထဲမှာတော့ လက်တင်အမေရိကဒေသက နိုင်ငံခေါင်းဆောင်တွေလည်း ပါဝင်ပြီး သူတို့က ပိုးကူးစက်မှု အခြေအနေကို အသုံးချပြီး ဒီကနေ တိုင်းပြည်အတွက် အကျိုးဖြစ်စေဖို့ ဗိုင်းရပ်စ်အန္တရာယ် ကာကွယ်ရေး အသိပညာပေးမှုတွေ လုပ်နေကြပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ပိုးကူးစက်သူတွေထဲမှာတော့ သမ္မတ ၂ ဦးနဲ့ ထိပ်တန်း နိုင်ငံ့ခေါင်းဆောင်တဦး ပါဝင်ခဲ့လို့ ဒေသတွင်း ကျန်းမာရေးနဲ့ စီးပွားရေး အကျပ်အတည်းတွေကို အခြေအနေ ပိုဆိုးသွားစေပါတယ်။

ဘရာဇီးမှာ သမ္မတ Jair Bolsonaro ပိုးကူးခံရပြီး ဘိုလီးဗီးယား ကြားဖြတ်သမ္မတ Jeanine Añez နဲ့ ဗင်နီဇွဲလားနိုင်ငံက ဆိုရှယ်လစ်ပါတီ အကြီးအကဲ Diosdado Cabello တို့ COVID-19 ဖြစ်နေကြတယ်လို့ အများပြည်သူကို ကြေညာထားပါတယ်။

လက်တင်အမေရိကဒေသ နိုင်ငံတွေမှာက ခေါင်းဆောင်ပိုင်းထဲကဆိုရင် သမ္မတကအစ မြို့ကြီးတွေက မြို့တော်ဝန်တွေ အပါအဝင် ပိုးကူးစက်ခံရသူ စုစုပေါင်း ၄၂ ယောက်ရှိတယ်လို့ အတည်ပြုထားနိုင်ပါပြီ။

SEE ALSO: အမေရိကန်မှာ COVID-19 ကူးစက်မှု စံချိန်တင် များနေဆဲ

မြို့အသေးလေးတွေက အုပ်ချုပ်သူတွေပါဆိုရင် ဒီထက်မကများပြီး ရာဂဏန်းထိ ရှိနိုင်တယ်လို့ AP သတင်းမှာ ဖော်ပြထားပါတယ်။ သူတို့ထဲက အများစု အလုပ်ပြန်လုပ်နိုင်ပေမယ့် တော်တော်များများတော့ ခံနေရဆဲပဲ ဖြစ်ပါတယ်။

ပိုးကူးစက်မှု ကမ္ဘာ့ဒုတိယအများဆုံး ဘရာဇီးနိုင်ငံ သမ္မတကတော့ COVID-19 အတွက် ကောင်းတယ်လို့ သူပြောနေခဲ့တဲ့ ငှက်ဖျားဆေးကို သောက်သုံးနေပါတယ်။ ဒီ Hydroxychloroquine ဆေးက COVID-19 ရောဂါ ပျောက်မပျောက်ဆိုတာ အတည်မပြုနိုင်သေးတဲ့ဆေး ဖြစ်ပါတယ်။

ဒီလို သိပ္ပံနည်းကျ အတည်ပြုလို့ မရသေးတဲ့ ဆေးဝါးတွေ သုံးစွဲပြကြတာတွေရှိလို့ အများပြည်သူ အယူမှားပြီး အန္တရာယ်ဖြစ်မယ့်အပေါ် ပညာရှင်တွေ စိုးရိမ်နေကြပါတယ်။

Your browser doesn’t support HTML5

လက်တင်အမေရိကဒေသ COVID-19 ကူးစက်သူတွေထဲ ထိပ်တန်းတာဝန်ရှိသူတွေ ပါဝင်

---------------------------

(Unicode)






SEE ALSO: COVID-19 ကာကွယ်ဆေး လူတိုင်းရအောင်လုပ်ဖို့ ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း


