စင်္ကာပူ Information Technology လုပ်ငန်း မန်နေဂျာဟောင်း အသက်(၄၁)နှစ်အရွယ် အိမ်ရှင်အမျိုးသား Tay Week Kiat ကပြစ်မှုခြောက်ခု၊ အသက်(၄၃)နှစ်အရွယ် သူ့ဇနီး Chia Yun Ling က ပြစ်မှု (၁၅)မှု ကျူးလွန်ကြောင်း တွေ့ရှိခဲ့ပြီး၊ စင်္ကာပူရဲ့ မြို့နယ် တရားသူကြီး Olivia Low က အိမ်ရှင်အမျိုးသားကို ထောင်ဒဏ် ၂၄ လ၊ အမျိုးသမီးကို ထောင်ဒဏ် ၄၇ လအပြင် ဒဏ်ငွေဆောင်ဖို့ မတ်လ ၁၈ ရက်နေ့ တနင်္လာနေ့က စီရင်ချက်ချခဲ့တာဖြစ်ပါတယ်။
ဒါအပြင် သူတို့ဟာ အသက်(၃၁)နှစ်အရွယ် မြန်မာအိမ်အကူ မမိုးမိုးသန်းကို လျော်ကြေးပေးဆောင်ဖို့လည်း တရားရုံးက စီရင်ချက်ချခဲ့ပါတယ်။ Tay နဲ့ Chia တို့ဟာ Yishun ရပ်ကွက်မှာတနှစ်၊ သုံးနှစ်နဲ့ ခုနစ်နှစ်အရွယ် ကလေးသုံးယောက်နဲ့ နေထိုင်နေပြီး မမိုးမိုးသန်းက သူတို့အိမ်အကူအဖြစ် ၂၀၁၁ ဇန်နဝါရီလ (၇) ရက်နေ့ကနေ ၂၀၁၂ နိုဝင်ဘာ (၁၂)ရက်နေ့ထိ လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ ထိုစဉ် ၂၀၁၀ ဒီဇင်ဘာလ ကနေ ၂၀၁၂ ဒီဇင်ဘာလထိ လုပ်ကိုင်နေတဲ့ အင်ဒိုနီးရှား အိမ်အကူ Fitriyah ကို အိမ်အလုပ်ဝိုင်းကူဖို့ မမိုးသန်းကို ငှားရမ်းခဲ့တာဖြစ်ပါတယ်။
တရားသူကြီး Olivia Low က အိမ်ရှင်မ Chia ဟာ မမိုးမိုးသန်းကို လေးကြိမ်ပါးရိုက်ခဲ့တာနဲ့ပတ်သက်လို့ တရားလိုရှေ့နေတွေဘက်က သက်သေအထောက်အထား အခိုင်အလုံပြနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ တခါမောပန်းပြီး အိပ်ငိုက်လို့ လက်ပေါ်ကနေ ကလေးပြုတ်ကျခဲ့တဲ့ အတွက် Chia ကသူ့ကို ပါးရိုက်ခဲ့တယ်လို့ မမိုးမိုးသန်းက ထွက်ဆိုခဲ့ပါတယ်။ မမိုးမိုးသန်းဟာ နေ့စဉ် မနက် (၅)နာရီမှာ အိပ်ရာထရပြီး ညအိပ်ချိန်ကတော့ သန်းခေါင်ကျော်မှာလို့ ဆိုပါတယ်။
ဒါအပြင် မမိုးမိုးသန်းဟာ အိမ်ရှင်မ Chia ရဲ့ ခြေထောက်ကို ညတိုင်း ညသန်းခေါင်ထိ နှိပ်ပေးရတယ်လို့ ရုံးတော်မှာ ထွက်ဆိုခဲ့ပါတယ်။ တခါနှိပ်ရင်း အိပ်ငိုက်မိတဲ့အတွက်ကြောင့် Chia က သူ့ခေါင်းအုံးအနီးမှာထားတဲ့ ကြိမ်လုံးနဲ့ ခေါင်းကိုရိုက်ခဲ့တယ်လို့ မမိုးမိုးသန်းက ထွက်ဆိုခဲ့ပါတယ်။ Chia ကဒါကို ငြင်းခဲ့ပေမဲ့လည်း ထိုစဉ်က သူနဲ့အတူအလုပ်လုပ်နေတဲ့ အင်ဒိုနီးရှားအိမ်အကူ Fitriyah ကကြိမ်လုံးနဲ့ ရိုက်တာ သူမျက်စိနဲ့ တွေ့ခဲ့တယ်လို့ တရားရုံးတော်မှာ ထွက်ဆိုခဲ့တာဖြစ်ပါတယ်။
ဒါအပြင် မမိုးမိုးသန်းဟာ ပုံမှန်အားဖြင့် ထမင်းဖြူ ဒါမှမဟုတ် ထမင်းဖြူနဲ့သကြားနယ်ပြီး အများအားဖြင့် စားခဲ့ရတဲ့အတွက်ကြောင့် ဒီလိုစားတာနဲ့ ပတ်သက်လို့ မကျေနပ်ကြောင်း ပြောခဲ့လို့ အိမ်ရှင်မ Chia က ထမင်းနဲ့ သကြားရောပြီး ပါးစပ်ထဲ ကန်တော့နဲ့လောင်းထည့်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုလုပ်ခံရလို့ လည်ပင်း ဆို့နစ်တဲ့အတွက်ကြောင့် ရေချိုးခန်းပြေးပြီး အန်မယ်လုပ်တဲ့အခါမှာ Chia ကမမိုးမိုးသန်းကို ပလတ်စတစ်အိတ်ထဲမှာ အန်ခိုင်းပြီး အဲဒီအန်ထားတဲ့ အစာတွေကို ပြန်စားခိုင်းတယ်လို့ စွဲချက်မှာ ဖေါ်ပြထားပါတယ်။
ဒါအပြင် အိမ်ရှင်မ Chia ဟာ မမိုးမိုးသန်းကို ရေအကုန်သက်သာရာရလေအောင် တနေ့အိမ်သာ သုံးကြိမ်သာ သုံးခွင့်ပြုခဲ့ပြီး ဒါထက်ပို သုံးခဲ့ရင် ယုံလို ခုံခိုင်းခဲ့တာရှိတယ်လို့ မမိုးမိုးသန်းက ရုံးတော်မှာ ထွက်ဆိုခဲ့ပါတယ်။
အိမ်ရှင်ယောကျ်ား Tay ကို တရားသူကြီးက စွဲချက် ခြောက်ချက်နဲ့ ပြစ်မှုထင်ရှားတွေ့ရှိခဲ့တာဖြစ်ပါတယ်။ တကြိမ် မမိုးမိုးသန်းဟာ ထမင်းစားပွဲကို ခြစ်မိတဲ့အတွက်ကြောင့် အိမ်ရှင်က မမိုးမိုးသန်းရဲ့ လက်နဲ့တင်ပါးကို တက်မြက်စည်းနဲ့ ရိုက်ခဲ့တာရှိသလို အိပ်ရာထ နောက်ကျရင်လည်း အင်္ကျီချိတ်တဲ့ သံချိတ်နဲ့ ရိုက်တယ်လို့ ဆိုပါတယ်။ Tay ဟာ မြန်မာရော၊ အင်ဒိုနီးရှား အိမ်အကူကိုပါ ခေါင်းကို ကြိမ်လုံးနဲ့ရိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် သူတို့နှစ်ယောက်ကို ကန်ခဲ့သလို Tay ဟာ အိမ်အကူနှစ်ဦးကို တယောက်နဲ့တယောက် ၁၀ ချက်နဲ့စီ ပါးရိုက်ခိုင်းသလို၊ ဘုရားစင်ရှေ့မှာလည်း အကြိမ်တရာ ရှစ်ခိုးခိုင်းတယ်လို့ ဆိုပါတယ်။ မမိုးမိုးသန်းဟာ ခရစ်ယာန်ဖြစ်ပြီး Ms. Fitriyah ဟာ မွတ်စလင်ဖြစ်ကြပါတယ်။ ခုလို ကိုယ်ထိလက်ရောက် စော်ကားခံရလို့ ၂၀၁၂ နိုဝင်ဘာလမှာ မမိုးမိုးသန်းဟာ မြန်မာပွဲစားတဦးရဲ့ အကူအညီကို တောင်းခဲ့သလို စင်္ကာပူအလုပ်သမား ဌာနအရာရှိ ကလည်း အိမ်ရှင်က အိမ်အကူက ရက်ရက်စက်စက် နှိပ်စက်တဲ့အကြောင်း တိုင်ချက်ဖွင့်ခဲ့တာဖြစ်ပါတယ်။ မမိုးမိုးသန်းကို အဲဒီနှစ် ဒီဇင်ဘာလကပဲ Khoo Teck Puat ဆေးရုံမှာ စစ်ဆေးခဲ့ရာမှာ သူရဲ့လက်မောင်း လက်ဖျံနဲ့ ခါးတွေမှာ ဒဏ်ရာတွေ တွေ့ရှိခဲ့သလို သူ့ဦးခေါင်းမှာလည်း ကွဲပြီးကျက်နေတဲ့ ဒဏ်ရာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
အင်ဒိုနီးရှားအိမ်အကူ Fitriyah ကို နှိပ်စက်မှုနဲ့ အိမ်ရှင်ယောကျ်ား Tay ကို ၂၀၁၇ခုနှစ်က ထောင်ဒဏ် ၁၈ လ ချခဲ့ပြီး သူ့ဇနီးကိုတော့ ထောင်ဒဏ်နှစ်လ တရားရုံးကစီရင်ခဲ့တာဖြစ်ပါတယ်။ ခုလို မြန်မာအိမ်အကူ မမိုးမိုးသန်းအပေါ် နှိပ်စက်မှုနဲ့ သူတို့နှစ်ဦးအပေါ်တရားရုံးက ချခဲ့တဲ့ ပြစ်ဒဏ်ဟာ အင်ဒိုနီးရှားအိမ်အကူကို နှိပ်စက်ခဲ့မှုနဲ့ တရားရုံးက ချခဲ့တဲ့ပြစ်ဒစ်ကျခဲ့ပြီးနောက်ပိုင်း မှာ သူတို့နှစ်ဦးဟာ ဆက်ပြီးတော့ ထောင်ဒဏ်ကျခံရမှာဖြစ်ပါတယ်။
စင်္ကာပူမှာ အိမ်အကူတွေသွားရောက်လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသမီးငယ်တွေ သောင်းနဲ့ချီရှိရာမှာ အခုလို အိမ်ရှင်နှိပ်စက်လို့ ဒုက္ခရောက်နေတဲ့ အမျိုးသမီးတွေကို ဘယ်လိုအကောင်းဆုံးအကြံပေးချင်ပါသလဲဆိုတာကို Home လို့ အတိုကောက် ခေါ်တဲ့ ပြောင်းရွှေ့အခြေချနေထိုင်သူများ စီးပွားရေးဆိုင်ရာ လူ့အခွင့်အရေးအကျိုးတော်ဆောင် အဖွဲ့မှာ စေတနာ့ဝန်ထမ်းဆောင်ရွက် ပေးနေသူ ကိုတင်မောင်ဝင်းကို မေးကြည့်ခဲ့ပါတယ်။
“ NLD အစိုးရတက်ပြီးမှာ သံရုံးမှာ hotline ဆိုပြီးတော့ ဖုန်းနံပါတ်တခုပေးထားပါတယ်။ ၂၄ နာရီ အကူအညီတောင်းလို့ရတယ်။ ကောင်မလေးတွေ ထွက်ပြေးလာတယ်၊ ဒုက္ခရောက်တယ်ဆိုရင် ၂၄ နာရီလုံးခေါ်နိုင်တဲ့ တယ်လီဖုန်းလိုင်းတွေ ဖွင့်ပေးထားပါတယ်။ သူတို့လည်း တကယ်အကူအညီပေးပါတယ်။ ကျနော်တို့နဲ့ ပူးတွဲပြီးပေါ့လေ။ ဒီမှာရှိတဲ့ အလုပ်သမားကိစ္စတွေ အကုန်လုံးကိုတော့ အတတ်နိုင်ဆုံး ဘောင်ထဲက ဖြစ်တဲ့ကိစ္စမှန်သမျှကို ကျနော်တို့ အကူအညီပေးပါတယ်။”
အခုလို မြန်မာအိမ်အကူ မမိုးမိုးသန်းအပေါ် ရက်စက်မှုဟာ စင်္ကာပူမှာ အိမ်အကူတွေအပေါ် ကျူးလွန်တဲ့ ရက်စက်မှုအဆိုးဆုံးဖြစ်တယ်လို့ အစိုးရရှေ့နေတွေက ထောက်ပြကြပါတယ်။
Your browser doesn’t support HTML5