အဂတိလိုက်စားမှု ပပျောက်ရေးကော်မရှင်နဲ့ လုပ်ပိုင်ခွင့်

သမ္မတဦးသိန်းစိန်က လာဘ်ပေးလာဘ်ယူမှုပပျောက်ရေး ကော်မရှင်တရပ် ဖွဲ့စည်းဖို့ ပြည်ထောင်စုလွှတ်တော်မှာ အဆိုပြုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ အမြစ်တွယ်နေတဲ့ အကျင့်ပျက်ခြစားမှု ပပျောက်ရေးအတွက် ဒီကော်မရှင်မှာ တာဝန်ရှိပြီး ကော်မရှင်ရဲ့လုပ်ပိုင်ခွင့် ဘယ်လောက်ထိ ရှိလာမလဲဆိုတာကိုတော့ စောင့်ကြည်ရမှာဖြစ်တယ်လို့ နိုင်ငံရေး နယ်ပယ် အပါအဝင် လွှတ်တော် အမတ်တွေကပါ တစ်ညီတစ်ညွတ်ထဲ ပြောကြပါတယ်။
အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပြဌာန်းပြီး ဖြစ်တဲ့အတွက် အဲဒီဥပဒေအရ ဖွဲ့စည်ဖို့လိုနေတဲ့ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင် ဖွဲ့စည်းနိုင်ရေး သမ္မတဦးသိန်းစိန်က ဖေဖော်ဝါရီ ၂ဝ နေ့စွဲနဲ့ လွှတ်တော်အကြီးအကဲတွေဆီကို အငြိမ်းစားဗိုလ်ချုပ် မြဝင်း ဦးဆောင်မယ့် ကော်မရှင်အဖွဲ့ဝင်တွေရဲ့အမည်စာရင်း ပေးပို့ခဲ့တာဖြစ်ပါတယ်။

ကောမရှင်မှာပါဝင်မယ့်သူတွေကတော့ အငြိမ်းစားစစ်မှုထမ်းတွေ၊ သံအမတ်ကြီးဟောင်းတွေ၊ စာရင်းစစ်ချုပ်ရုံး၊ ရှေ့နေချုပ်ရုံးနဲ့ အစိုးရဝန်ကြီးဌာနတွေက ညွှန်ကြားရေးမှူးဟောင်းတွေ ဖြစ်ပါတယ်။
အကျင့်ပျက်ခြစားမှုတွေ အကြီးအကျယ်ရှိနေဆဲဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဒီကော်မရှင်အနေနဲ့ ဘယ်လေက်ထိ အလုပ်လုပ်နိုင်မလဲ ဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ပြောပါတယ်။

“ကျနော်ထင်တယ်။ တပ်မတော်အငြိမ်းစားတွေနဲ့ တခြား- စီမံကိန်းတွေနဲ့ပတ်သက်လို့ ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေ၊ နောက် သံရေး၊ တမန်ရေးနဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်တွေပါတဲ့အခါကျတော့ ဘက်ပေါင်းစုံကတော့သုံးသပ်နိုင်လိမ့်မယ်လို့ထင်တယ်။ ဥပဒေအတိုင်းဘယ်လောက်အထိ လိုက်နာကျင့်သုံးပြီးကာမှ ထိထိရောက်ရောက် ဆောင်ရွက်မလဲဆိုတာကတော့ ကျနော်တို့ စောင့်ကြည့်ရမှာပေါ့။”

လာဘ်ပေးလာယူကိစ္စဟာ မြန်မာနိုင်ငံမှာ အမြစ်တွယ်နေတဲ့ ပြဿနာဖြစ်နေတဲ့အတွက် ပထမဆုံးအကြိမ် ပြန်လည် ဖွဲ့စည်းလိုက်တဲ့ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်ဟာ ကြီးလေးတဲ့တာဝန်ကို ထမ်းကြရမှာဖြစ်တယ်လို့ ရှုမြင်တဲ့အကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူမှုအဖွဲ့အစည်းက ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဂျင်မီကပြောပါတယ်။

“တနည်းအားဖြင့် လာဘ်ပေးလာဘ်ယူဆိုတာက အခွင့်အရေးတစ်ခုအနေနဲ့ကို ထင်ထင်ပေါ်ပေါ်ခံစားနေတဲ့ ပြဿနာက အဲဒါကို အရင်ဆုံး နှိပ်ကွပ်ပစ်ရမှာ။ လာဘ်ပေးလာဘ်ယူဆိုတာဟာ အခွင့်အရေးတစ်ခုမဟုတ်ဘူး၊ ဂုဏ်ယူစရာမဟုတ်ဘူး၊ ရှက်စရာကောင်းတဲ့အရာပါလား ဆိုတာကို အဲဒါကို လူတွေစိတ်ထဲဝင်အောင် ကျနော်တို့ အဓိကလုပ်ရလိမ့်မယ်။ ဘာလို့လဲဆို ပြောရမယ်ဆိုရင် ပေးတဲ့သူတွေကပါ အကျင့်ပါနေပြီဗျာ။ တဘက်က မတောင်းခင်က ကြိုပြီး ပေးရမယ်ဆိုတဲ့အသိကိုက ဝင်နေတယ်။ ဝင်နေတဲ့အတွက် ကျနော်တို့ လာဘ်ပေးလာဘ်ယူကို တိုက်ဖျက်တဲ့အခါမှာ၊ ဥပဒေကြောင်းအရ ကော်မရှင်တွေနဲ့ တိုက်ဖျက်တဲ့အပိုင်းကလည်းတပိုင်း၊ အရေးယူတဲ့အပိုင်းကလည်းတပိုင်းပေါ့၊ နောက်တပိုင်းမှာ လူတွေရဲ့ mindset မှာကိုက၊ လူတွေရဲ့စိတ်နေသဘာဝမှာကိုက လာဘ်ပေးလာဘ်ယူဆိုတာ ရှက်စရာ၊ လာဘ်ပေးလာဘ်ယူဆိုတာ မလုပ်ကောင်းတဲ့အရာဆိုတဲ့ အဲဒီအသိဝင်အောင်လည်း ကျနော်တို့ ကြိုးစားကြရလိမ့်မယ်။”

အမျိုးသားဒီမိုကရေစီအင်အားစု ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေကတော့ ကော်မရှင်တစ်ရပ် ဖွဲ့ပြီးပြီးဆိုရင်တော့ အလုပ်ဖြစ်အောင်လုပ်ဖို့ လိုပြီးတော့ ထိရောက်မှုမရှိတဲ့ ကော်မရှင်တစ်ရပ်မဖြစ်ဖို့လိုတယ်လို့ သုံးသပ်ပါတယ်။
“ကော်မရှင်ဖွဲ့တယ်ဆိုရင်တော့ ကောင်းတာပေါ့ဗျာ။ တကယ်လည်း ကိုင်တွယ်မယ်ဆိုရင်တော့ ကောင်းတာပေါ့။ ကော်မရှင်အဖွဲ့ရှိပြီးတော့ တကယ်တန်းအလုပ်မဖြစ်ဘူးဆိုရင်တော့ ပြောနေကြတဲ့အတိုင်းပေါ့။ ကော်မရှင်တွေ၊ ကော်မတီတွေဖွဲ့ပြီးတော့ လုပ်နိုင်ခြေမရှိလည်း အလကားပဲပေါ့ဗျာ။ အဲလို ပြောသံတွေတော့ ရှိတာပေါ့ဗျာ။ ဝေဖန်သံတွေ ရှိပါတယ်။”

ဒီကော်မရှင်မှာ သမ္မတက ရွေးချယ်ပေးသူ ၅ ဦး၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတွေက ရွေးချယ်ပေးသူ ၅ ဦးစီနဲ့ စုစုပေါင်း ၁၅ ဦး ပါဝင်ပြီး ကော်မရှင်ဥက္ကဋ္ဌအဖြစ် အငြိမ်းစား ဗိုလ်ချုပ်မြဝင်းနဲ့ အတွင်းရေးမှူးအဖြစ် အငြိမ်းစားသံအမတ်ကြီး ဦးတင်ဦးတို့ကို တာဝန်ပေးဖို့ လျာထားတယ်ဆိုပြီး တင်ပြလာတာပါ။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေမှာ ကော်မရှင်အဖွ့ဲဝင်တွေဟာ တည်ကြည်ဖြောင့်မတ် သမာသမတ်ရှိသူတွေလို့ သတ်မှတ်ခံထားရသူတွေဖြစ်ပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးမှာ တာဝန်ထမ်းနေသူတွေမဖြစ်ရသလို အစိုးရဌာနနဲ့၊ ဏုမ္ပဏီဝန်ထမ်းတွေ၊ လူမွဲအဖြစ် ကြေညာခံထားရသူ၊ လာဘ်ပေးလာဘ်ယူမှုနဲ့ အရေးယူခံထားရသူတွေ မဖြစ်ရဆိုပြီးသမ္မတရဲ့ အဆိုပြုချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

Transparency International နိုင်ငံတကာ ပွင့်လင်းမြင်သာမှု စောင့်ကြည့်ရေးအဖွဲ့ရဲ့ မနှစ်ကထုတ်ပြန်တဲ့ အညွန်းကိန်းတွေအရဆိုရင် နိုင်ငံပေါင်း ၁၇၇ နိုင်ငံမှာ မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှုအဆင့်ဟာ ၁၅၇ မှာ ရှိနေဆဲဖြစ်ပါတယ်ခင်ဗျာ။