စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ဖေဖော်ဝါရီ ၁၆ ရက်နေ့ကတည်းက စစ်ကြောင်းထိုးဝင်ရောက် နယ်မြေရှင်းနေတာကြောင့် စစ်ပြေးဒုက္ခသည်တွေ လှည့်လည်ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ စစ်ကြောင်းဝင်လာတဲ့ တပ်ဟာ စစ်ပြေးဒုက္ခသည်တွေရဲ့ ရိက္ခာကို သိမ်းယူသွားကြတယ်လို့လည်း ပြောပါတယ်။ ဒီအကြောင်းသတင်းပေးပို့ချက်ကို မမြသဇင်အောင်က တင်ပြပေးပါမယ်။
ကန့်ဘလူမြို့နယ်အတွင်းကို မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးအတွက် အနည်းဆုံး စစ်ကြောင်း ၃ ကြောင်းထက်မနည်း စစ်ကြောင်းတွေ ခွဲပြီး တစ်ကြောင်းကို အင်အား ၁၀၀ ကျော်လောက်နဲ့ ကျေးရွာတွေကို ဝင်နေတာကြောင့် ဒေသခံတွေ သောင်းနဲ့ချီ ထွက်ပြေးနေကြရပါတယ်။ မန္တလေး-မြစ်ကြီးနား ရထားလမ်း အရှေ့ဖက်နဲ့ ရွှေဘို-မြစ်ကြီးနား ကားလမ်း အနောက်ဖက်မှာရှိတဲ့ ကျေးရွာတွေအားလုံး ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက်နေ့က ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ်အတွင်းက ကိုင်းရိုးရွာက ဒေသခံ ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီး ညှင်းပန်းပြီးတော့ မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"အသက်က တစ်ယောက်ကတော့ ၃၅ နှစ်လောက်ဗျာ၊ တစ်ယောက်တော့ ၁၉ နှစ်လောက်ပေါ့ဗျာ။ စစ်ရှောင်နေတဲ့အခါကျတော့ အထုပ်အပိုးလေး မေ့နေလို့ ကလေးတွေက သွားပြန်ယူတာဗျာ၊ သွားယူတော့ စစ်ကြောင်းက တက်လာပြီဆိုပြီးတော့ နေရာရွေ့တာပေါ့ဗျာ၊ ချမ်းတဲ့ရာသီဆိုတော့ဗျာ အထုပ်အပိုးလေးသွားပြန်ယူတာပေါ့၊ အဲ့ဒါကို သူတို့ဖမ်းတာပေါ့ဗျာ၊ ဖမ်းပြီးတော့ ဒီလို သတ်ဖြတ်ထားခဲ့တာပေါ့။ တစ်ယောက်ကတော့ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်ဗျာ၊ တစ်ယောက်ကတော့ ခြေထောက်တွေဘာတွေကို (ဓားနဲ့) ခွဲပြီးတော့ လက်တွေဘာတွေ ခွဲပြီးတော့ သတ်ဖြတ်ထားခဲ့တာပေါ့၊ ပြီးတော့ မီးရှို့သွားလိုက်ပါတယ်။ သူတို့က ဒေသခံတွေကို တစ်ခုခုထင်ပြီးတော့ သူတို့က PDF ဘာညာမှတ်ပြီးတော့ လုပ်လိုက်တာပေါ့။"
ဒေသခံပြောဆိုမှုနဲ့ပတ်သက်လို့ ဗွီအိုအေက သီးခြားအတည်မပြုနိုင်သေးပါဘူး။ စစ်ကောင်စီကလည်း ကန့်ဘလူနယ်က စစ်ဆင်ရေးတွေနဲ့ပတ်သက်လို့ ထုတ်ပြန်တာလည်းမရှိသေးပါဘူး။ ထန်းကုန်းတိုက်နယ်အတွင်းက ကျေးရွာတချို့က ဒေသခံတွေကတော့ စစ်ကောင်စီ စစ်ကြောင်းပြန်ထွက်သွားချိန်မှာ ကျေးရွာတွေကို ပြန်ဝင်ကြတယ်လို့ဆိုပါတယ်။
"အခုစစ်ကြောင်းတွေက ညောင်ကိုင်းမှာ ရှိသေးတယ်ဗျ။ ပြန်မဝင်နိုင်သေးတဲ့ ရွာတွေကတော တချို့ရွာတွေကတော့ ပြန်မဝင်နိုင်သေးဘူးဗျ၊ မောင်းတိုင်တို့ ဘာတို့ဆိုရင် ပြန်မဝင်နိုင်သေးဘူးဗျ။ သူတို့ အဲ့ဖက်မှာ စစ်ကြောင်းပြန်ထိုးနေလို့ဗျ။ ညောင်ကိုင်းတို့ကတော့ ပြန်မဝင်နိုင်သေးဘူး အဲ့ဖက်မှာ စစ်ကြောင်းထိုးနေတဲ့ခါကျတော့။"
ကျေးရွာတွေကို နယ်မြေရှင်းဝင်ရောက်ရာမှာ ရွာလုံးကျွတ်မီးရှို့လိုက်တဲ့အတွက် ဒေသခံတွေဟာ ရွာတွေကို ပြန်ဝင်မနေနိုင်ကြတော့ဘဲ တောထဲမှာပဲ နေပြီး စစ်ဘေးရှောင်နေကြရတာလို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီရဲ့ စစ်ကြောင်းတချို့ကလည်း ကျေးရွာတွေကို မဝင်ဘဲ စစ်ရှောင်တွေ ရှိနေတဲ့ တောဖက်တွေကို ဝင်လာလေ့ ရှိပြီး ဒေသခံတွေ စစ်ရှောင်ဖို့အတွက် ယူလာကြတဲ့ ရိက္ခာနဲ့ တန်ဖိုးရှိပစ္စည်းတွေကို ယူဆောင်သွားတာမျိုးတွေ ရှိလာတယ်လို့ ကန့်ဘလူတောင်ခြမ်း ပြည့်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံ ကိုရဲဝင်းက ခုလိုပြောပါတယ်။
"ပုံမှန်ဆိုသူတို့က ရွာတွေက အမြဲဝင်တာကိုး၊ ဒီတခါလဲ ကျွန်တော်တို့က ရွာတွေကို ဝင်မယ်ထင်ပြီးတော့ သရက်သာ၊ ကိုင်းရိုး၊ ကျွန်းပင်ကုန်း၊ ရှမ်းတပ်၊ ဒီဟာတွေက တတန်းတည်းရှိတာကိုး ကျေးရွာချင်းဆက်လမ်းမှာ တတန်းတည်း ရှိတာဆိုတော့ သရက်သာနားလေးလည်းရောက်ရော ရွာတွေက ထွက်တော့တာပေါ့၊ ရွာရဲ့ အရှေ့ဖက်တွေ ထွက်တော့ သူတို့က ရွာတွေကို မဝင်ပဲနဲ့ ရွာအရှေ့ဖက်တွေကနေ အလျောက်လိုက် ရွာတွေနဲ့ ပြိုငိပြီး သွားတာဆိုတော့ အဲ့မှာအကုန်လုံး စစ်ရှောင်တွေနဲ့ ထိပ်တိုက်တွေ တိုးပြီးတော့ ပြေးကြလွှားကြတွေ အကုန်ဖြစ်ကုန်တာပေါ့။ အဲ့ဒါတွေက ကျွန်တော်တို့သိသလောက်တော့ လှည်းပေါ်ပါတဲ့ တန်ဘိုးရှိတဲ့ သူတို့ရချင်တာတွေကိုတော့ ယူသွားတယ်လို့ ကြားတယ်၊ လှည်းတွေပေါကပေါ့။ တောဖက်တွေ ကုန်းတွေ လယ်ယာတွေဆိုတော့ လှည်းတွေနဲ့ ရှောင်ကြတာကိုး။"
မန္တလေး-မြစ်ကြီးနား ရထားလမ်း အရှေ့ဖက်နဲ့ ရွှေဘို-မြစ်ကြီးနား ကားလမ်း အနောက်ဖက်မှာရှိတဲ့ ကျေးရွာတွေအားလုံးကို ဝင်တဲ့ စစ်ကြောင်းက ဖေဖော်ဝါရီ ၁၈ ရက်လောက်မှာ ကျေးရွာတချို့ကနေ ပြန်ထွက်သွားတာကြောင့် အဲ့ဒီ ရွာတချို့က ဒေသခံတွေ ရွာကို ပြန်ဝင်ခဲ့ကြပေမယ့် ဒီကနေ့ မနက်မှာပဲ နောက်ထပ် စစ်ကြောင်းက ထပ်ပြီး တက်လာနေပြီဖြစ်တဲ့အတွက် ဒေသခံတွေ စစ်ရှောင်ဖို့ ထပ်ပြီး ပြင်ဆင်နေကြရပြန်တယ်လို့ ကိုရဲဝင်းက ခုလိုပြောပါတယ်။
"မြစ်ကြီးနား-မန္တလေး သံလမ်း ရထားလမ်းရဲ့ အရှေ့ဖက် နောက်ပြီး ရွှေဘို-မြစ်ကြိးနား ကားလမ်းရဲ့ အနောက်ဖက်ပေါ့နော၊ အဲ့ကွင်းထဲက ရွာတွေ အကုန်ရှောင်ရတာပါဗျ။ ဒီနေ့ စစ်ကြောင်းတစ်ကြောင်းက ထပ်ထွက်လာတာဗျ။ ဇီးကုန်းဖက်ကနေ ထွက်ခဲ့တယ်။ ဇီးကုန်းသကြားစက်ကနေ ဇီးကုန်းဖက်က ဝိုက်ပြီးတော့ သရက်ကန်ကြီးဖက်ပေါနော အဲ့ဖက်တွေ ရောက်နေပြီ။ သရက်ကန်ကြီးမှာ အင်အား ၁၅၀ လောက်ရောက်နေပြီ၊ အဲ့ကောင်ကလဲ မြောက်ဖက်ကိုပဲ ဦးတည်တယ်ဆိုတော့ ဒီကွင်းကိုပဲ ပြန်ထိုးမယ်လို ခန့်မှန်းရတာပေါ့နော။ အခု မနေ့ကမှ ရွာကို ပြန်ရောက်ကြတဲ့ ကျေးရွာတွေက ဒီနေ့ပြန်ပြီးတော့ ရှောင်ဖို့ပြုဖို့ ပြင်ဆင်နေကြတဲ့ အနေအထားတော့ ရှိတယ်ပေါ့နော။"
လက်ရှိမှာတော့ စစ်ဘေးရှောင်တွေရဲ့ စားသောက်ရေးအတွက် ရိက္ခာလိုအပ်မှုတွေ ရှိနေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းအတွင်းမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင်အရေအတွက်တွေက တစ်နေ့ထက်တစ်နေ့ ပိုပြီးတိုးလာနေပါတယ်။ ပြည်သူ့ ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲပါတယ်။ စစ်ကိုင်းတိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ကျေးရွာတွေရှိသလို၊ စစ်ကောင်စီကိုလိုလားတဲ့ ကျေးရွာတချို့လည်းရှိနေပြီး အဲဒီကျေးရွာတွေကို စစ်ကောင်စီက ပြည်သူ့စစ်အဖြစ် လက်နက်တပ်ဆင်ပေးတာတွေလည်းရှိခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကိုင်းတိုင်းဟာ စစ်ဘေးဒုက္ခသည် အများဆုံး တိုးလာတဲ့ ဒေသဖြစ်ပြီးတော့ အရေအတွက်အားဖြင့် စစ်ဘေးရှောင် ဦးရေက ၈ သိန်းနီးပါး ရှိပါတယ်။ဒီပမာဏဟာ စစ်ကိုင်းတိုင်းအတွင်းက လူဦးရေ စုစုပေါင်းရဲ့ ၁၅ ရာခိုင်နှုန်း အထိ ရှိတာဖြစ်တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု ISP Myanmar က ဖော်ပြထားပါတယ်။
Your browser doesn’t support HTML5
{Unicode}