ရှမ်းမြောက်ပိုင်း စစ်ပြေးဒုက္ခသည်များ နေရေး စားရေး အခက်တွေ့

ပြည်တွင်းစစ်ရပ်စဲရေးအတွက် ဆိုင်းဘုတ်ကိုင် ဆန္ဒပြနေစဉ် (နိုဝင်ဘာ ၂၄၊ ၂၀၁၅)

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပုံဝိုးမှာ အခြေစိုက်ထားတဲ့ SSPP/SSA မြောက်ပိုင်းတပ်စခန်းတွေကို အစိုးရတပ်ဘက်က လေကြောင်းနဲ့ပါ တိုက်စစ်ဆင်နေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည် ၆၀၀ ကျော်နေပြီလို့ အကူအညီပေးနေသူတွေကပြောပါတယ်။ အဲဒီ ဒုက္ခ သည်တွေအတွက် လတ်တလောမှာ နေထိုင်စားသောက်ရေး အတော်လေး အခက်တွေ့နေကြတယ်လို့လည်း ပြောပါတယ်။ စစ်တပ်ဘက်က စစ်အင်အား ပိုတိုး ချလာတဲ့အတွက် တိုက်ပွဲပိုပြင်းလာမယ့် အနေအထားရှိနေပြီး ဒေသတွင်း တည်ငြိမ်ရေး စိုးရိမ်နေကြပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဘက်က ၅ နှစ်အတွင်း ငြိမ်းချမ်းရေးဖော်ဆောင်မယ်လို့ ပြောပြီးနောက်မှာမှ အခုလို တိုင်းရင်းဒေသတွေမှာ စစ်ရှိန်မြှင့်လာတာကြောင့် အစိုးရသစ်နဲ့ တပ်မတော် သဘောထားကို မေးခွန်းထုတ်စရာဖြစ်လာတယ်လို့လည်း ညီညွတ်သော တိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင်စီ တွဲဖက်အတွင်းရေးမှူးက သုံးသပ်ပါတယ်။ မဆုမွန်က တင်ပြထားပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA လက်မှတ်မထိုးထားတဲ့ SSPP/SSA ရှမ်းမြောက်ပိုင်းတပ်ကို အစိုးရတပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်လာ တဲ့အတွက် ရှမ်းပြည်နယ်မြောက်ပိုင်း ပုံဝိုး-ဟိုင်းကွေ ကျေးရွာအုပ်စုတွေဘက်မှာ တကျော့ပြန်တိုက်ပွဲတွေ ပိုပြီးတော့မှ ဒီရက်ပိုင်းအတွင်း ပိုပြင်းထန်လာနေပါတယ်။ တပ်မတော်ဘက်က လေကြောင်းနဲ့ပါ ထိုးစစ်ဆင်ခဲ့တယ်ဆိုတဲ့ ရှမ်းမြောက်ပိုင်း တပ်နဲ့ အစိုးရတပ်ကြား နောက်ဆုံး စစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး SSPP/SSA ရှမ်းမြောက်ပိုင်းတပ်က ဗိုလ်မှူးကြီးဖိုင်းဖက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ပြီးခဲ့တဲ့ မေလ ၁၁ ရက်၊ ၁၂ ရက်နေ့တွေကစပြီး ရှမ်းမြောက်ပိုင်းဘက်မှာ တိုက်ပွဲတွေ စဖြစ်ခဲ့တယ်။ ၁၃ ရက်နေ့မှာတော့ စစ်သုံး ရဟတ်ယာဉ်တွေနဲ့ လာပစ်တယ် ၁၄ ရက်နေ့အထိပါပဲ။ အပစ်ရပ်လက်မှတ်မထိုးထားတဲ့ SSPP အနေနဲ့က အစိုးရသစ်တက်လာတော့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမယ် လို့ မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ အခုလို တပ်မတော်ဘက်က တပ်ကို သွားတိုက်တဲ့ အတွက် ပြန်ခုခံရာကနေ အခုလိုတိုက်ပွဲတွေဖြစ်လာရတာ။ အစိုးရသစ်အနေနဲ့ ငြိမ်းချမ်းရေး အမှန်တကယ်လိုလားတယ်ဆိုရင် ဖြစ်နိုင်မယ့်နည်းလမ်းတွေကို ဖိဖိစီးစီးဖြစ်အောင် လုပ်မယ်ဆိုရင် တကယ်ငြိမ်းချမ်းရေး ဖြစ်နိုင်ပါတယ်။”

အခုလိုမျိုး ရှမ်းပြည်နယ်မြောက်ပိုင်းဘက်မှာ အစိုးတပ်ဘက်က စစ်အင်အားတွေ ထပ်တိုးချလာတဲ့အတွက် တိုက်ပွဲ ပိုပြင်းထန်လာမယ့် အနေအထားရှိတဲ့အပေါ် စိုးရိမ်ပြီး ဒေသခံတွေ နေရပ်စွန့် ထွက်ပြေးကြတာပါ။ နောင်ပိန်ဘက်ကို ပြေးသွားတဲ့ ဒုက္ခသည်တွေ နေထိုင်စားသောက်ရေး အတော်လေး အခက်တွေ့နေတယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ရှမ်းလူငယ်တွေနဲ့ ရှမ်းလူထုအဖွဲ့ ပူးပေါင်း ဖွဲ့စည်းထားတဲ့ ရှမ်းလူငယ်ကွန်ရက်အဖွဲ့က စိုင်းနော်စိုင်းကပြောပါတယ်။

“ပုံဝိုး အဲဒီဘက်မှာ SSPP နဲ့ အစိုးရတိုက်ပွဲဖြစ်တယ်။ ဒုက္ခသည်တွေ ကတော့ နောင်ပိန်ကျေးရွာမှာ ၆၀၀ ကျော်လောက်ရှိတယ်လို့ပြောတယ်။ အခု လက်ရှိကတော့ ပုံဝိုးဘက်ကနေ ပြေးလာတဲ့လူကတော့ နောင်ပိန်ကျေးရွာ ဓမ္မာရုံမှာ ရယ်၊ဘုန်းကြီးကျောင်း ၂ ကျောင်းရယ် ကျနော်တို့ သိရသလောက် နောင်ပိန်ဘက် မှာဆိုရင် စားသောက်ဖို့ တော်တော်အခက်အခဲဖြစ်နေတယ်။ အစိုးရအဖွဲ့အစည်း အနေနဲ့ ဒီဒုက္ခသည်တွေကို မျက်ကွယ်မပြုပါနဲ့လို့ ကျနော်တို့ တိုက်တွန်းချင်တယ် ခင်ဗျ။ လအတန်ကြာ ငြိမ်သွားတဲ့စစ်ပွဲ အခုပြန်ပြီးတော့ SSPP ကို အစိုးရ တပ်မတော်ကနေပြန်ပြီးတော့ ထိုးစစ်ဆင်တာကိုတော့ ကျနော်တို့ လည်း ပြည်သူ တယောက်အနေနဲ့တော့ အရမ်းစိုးရိမ်တယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ အခုက မိုးဦးလည်းနီးလာပြီ၊ တောင်ပေါ်မျာ စိုက်ပျိုးရာသီရောက်တော့ မှာလေ နိုင်ငံရး ကို နိုင်ငံရေးနည်းလမ်းနဲ့တော့ တွေ့ဆုံဖြေရှင်းစေချင်တယ်လို့ ကျနော်မေတ္တာရပ်ခံချင် ပါတယ်။”

တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ အစိုးရတပ်ကြားပါ စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ ရှမ်းပြည်နယ်ဘက်က မငြိမ်းချမ်းနိုင်သေးတဲ့အခြေအနေအပေါ် ရှမ်းပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရနဲ့ အစိုးရစစ်တပ်ဘက်က ဒေသခံပြည်သူတွေရဲ့ ဘဝ တည်ငြိမ်ရေးနဲ့ အသက်ဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ပေးရေး၊ ဒေသတွင်းတည်ငြိမ်ရေးကို အလေးထား အရေးတကြီးဆောင်ရွက်ပေးဖို့ ရှမ်းပြည်သူလူထုက လိုလားတယ်လို့ ရှမ်းလူငယ်တဦးဖြစ်တဲ့ စိုင်းဖုန်းခေါင်ကလည်းပြောပါတယ်။

“အခုဟာက အဓိကဖြစ်နေတာက ကျနော်တို့ တိုင်းရင်းသားနဲ့ ပြဿနာပေါ့နော်။ လူမျိုးစု ရင်ကြားစေ့ရေးနဲ့ ပိုပြီးအရေးကြီးတဲ့အချိန်ကျတော့ ဒီလိုစစ်ပွဲမျိုးတွေ ကို ရှောင်ရှားသင့်တယ်လို့ပဲ ကျနော်တို့ပြောချင်တယ်ပေါ့နော်။ အဲဒါအပြင်ကိုပဲ ဒီ အစိုးရသစ်အနေနဲ့လည်း ထိန်းသိမ်းနိုင်တဲ့ Mechanism တမျိုးရှိသင့်တယ်ပေါ့နော်။ အခုဟာက လုံခြုံရေး အကြောင်းပြပြီးတော့ အခုဖြစ်နေတဲ့ တိုက်ပွဲမျိုးကလည်း သတ်သတ်မှတ်မှတ် တိုက်ပွဲဆင်သယောင်ယောင် ဖြစ်နေတယ်ပေါ့နော်။ ကျနော်မြင်တာကတော့ အစိုးရကော၊ စစ်တပ်အနေနဲ့ရော ဒီငြိမ်းချမ်းရေးပေါ်မှာ စစ်မှန်တဲ့သဘောထားမျိုးတွေ ပြသင့်တယ်ပေါ့နော်။ နိုင်ငံရေးစကားဆွေးနွေးပွဲဝိုင်း မျိုးတွေဘက်ကို ပိုပြီးဦးတည်သင့်တယ်ပေါ့နော်။”

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဘက်က ၅ နှစ်အတွင်း ငြိမ်းချမ်းရေးဖော်ဆောင် မယ်လို့ ပြောပြီးနောက် ရက်ပိုင်းလေးအတွင်းမှာကိုပဲ ရှမ်းပြည် မြောက်ပိုင်းမှာ တိုက်ပွဲပြန်ဖော်လာတဲ့အပေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တွဲဖက်အတွင်းရေးမှုူး ဦးထွန်းဇော်က အခုလိုသုံးသပ် ပါတယ်။

“ဒီနေ့လိုမျိုး အခြေအနေအောက်မှာတော့ ဗျာ မြန်မာ့တပ်မတော် က တောက်လျှောက် ပြောလာတာရှိပါတယ်။ သဘောထားကြီးဖို့လိုတယ်ဆိုတဲ့ ကိစ္စမျိုးတွေပေါ့နော်။ အခုက မြန်မာ့တပ်မတော်က ငြိမ်းချမ်းရေးလို့ တဘက် က ပြောပြီးတော့ တဘက်က လုပ်နေတဲ့ကိစ္စကတော့ အပြောနဲ့အလုပ်က လက်တွေ့မကျဘူးလို့ ကျနော်တို့မြင်ပါတယ်။ ဘယ်လိုအကြောင်းကြောင့် ပဲဖြစ်စေပေါ့နော် စားပွဲဝိုင်းမှာ ဖြေရှင်းပြီးမှ အဖြေရှာတဲ့ ညှိနှိုင်းဆွေးနွေးမှုမျိုးတွေနဲ့ သွားစေချင်တယ်ပေါ့နော်။ အခု ဒေါ်အောင်ဆန်းစုကြည်တို့ တက်လာတဲ့အစိုးရက လည်း ငြိမ်းချမ်းရေးဖြစ်စဉ်ကို အဲဒီလိုဖော်ဆောင်မယ်လို့ ပြင်ဆင်နေတယ်လို့ ကျနော်တို့မြင်ပါတယ်။ အဲဒီလိုအစိုးရက တခုပြင်ဆင်နေ တယ်၊ နောက်မြေပြင်မှာ ကျတော့ တပ်မတော်က တခုလုပ်နေတယ်။ တပ်မတော်က ဒါ အစိုးရရဲ့ အုပ်ချုပ် မှုအောက်မှာမရှိပဲနဲ့ သီးခြားဆိုတဲ့ လက္ခဏာမျိုးတွေ့နေရတယ်။ ဒီအခြေအနေ ဆိုရင်တော့ အလားအလာမကောင်းဘူး။ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးက လူထု ရည်မှန်းချက်နဲ့ တော်တော်လေးကို ဝေးနေတဲ့အနေအထားမှာ ရောက်နေတယ်လို့ ကျနော်တို့မြင်ပါတယ်။”

လတ်တလောမှာတော့ SSPP/SSA North ရှမ်းပြည်မြောက်ပိုင်းတပ်၊ ရခိုင်တပ် AA၊ ကချင်လွတ်မြောက်ရေးတပ် KIA ၊ တအာင်းတပ် TNLA တို့နဲ့ မြန်မာအစိုးရတပ်တို့ ကြား တိုက်ပွဲဖြစ်တာတွေကြောင့် စစ်ရေးတင်းမာတဲ့အခြေအနေ ရှိနေတဲ့ဒေသတွေ မှာ ဒေသခံရာပေါင်းများစွာဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး စားသောက်နေ ထိုင်ရေး အတော်လေးဒုက္ခရောက်နေကြရတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ရှမ်းမြောက်ပိုင်း စစ်ပြေးဒုက္ခသည်များ နေရေး စားရေး အခက်တွေ့