ဝမ်းပျက်ဝမ်းလျှောရောဂါ တနေ့အတွင်း လူနာသစ် ၇၀ ကျော်ရှိ

မြန်မာပြည်မှာနေရာစုံမှာတွေ့ရလေ့ရှိတဲ့ လမ်းဘေး အသင့်စားအထမ်းသည်များ။ (ယခင်မှတ်တမ်းဓာတ်ပုံ)

ဇူလိုင် ၁၄ ရက် တနေ့တည်းမှာတင် ဝမ်းပျက်ဝမ်းလျှောရောဂါ လူနာသစ် ၇၀ ကျော်အထိ ရှိခဲ့ပြီး လူနာအားလုံး သက်သာကောင်းမွန်ခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနကထုတ်ပြန်ပါတယ်။ စစ်ကောင်စီထုတ်ပြန်ချက်အရ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးသူမရှိသေးဘူးဆိုပေမယ့် မြေပြင်လက်တွေ့မှာ သေဆုံးသူရှိတယ်လို့ ရန်ကုန်မြို့ခံနဲ့ ပရဟိတလူမှုကူညီရေးအသင်းတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနစာရင်းတွေအရ ရန်ကုန်တိုင်းအတွင်း ဇူလိုင်လ ၆ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူ ၆၈၃ ဦးရှိပြီး အဲ့ဒီထဲမှာ ၉၈ ဦးက ပြင်းထန်ဝမ်းရောဂါဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးသူမရှိဘူးလို့ ကျန်းမာရေးဝန်ကြီးဌာန ပြောဆိုထားပေမယ့် မြေပြင်လက်တွေ့မှာ သေဆုံးမှုရှိတယ်လို့ ပရဟိတကူညီရေးအဖွဲ့တွေက ပြောကြပါတယ်။

အခု ရက်ပိုင်းအတွင်း ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ပြင်းထန်ဝမ်းရောဂါလူနာ တဦး သေဆုံးခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“ကျနော်တို့ ဒဂုံဆိပ်ကမ်းဘက်ကတော့ ဟိုတနေ့ကပေါ့နော်၊ ကာလဝမ်းရောဂါနဲ့ တယောက်တော့ ဆုံးသွားတယ်ဗျ။ ကျနော်တို့မိသားစုထဲမှာတော့ လောလောဆယ် ကျန်းမာရေးသတိထားပြီးတော့ နေကြတယ်ပေါ့နော်၊ ကူးစက်တာတော့ မရှိသေးပါဘူး။ အနီးအနား ပတ်ဝန်းကျင်ကလူတွေလည်း လောလောဆယ်တော့ မရှိသေးပါဘူး။ ကျနော်တို့ရဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်ကတော့ အဲ့တယောက်ကတော့ ဟိုတနေ့က ဆုံးသွားတယ်ဗျ။”

မြို့ခံက ကာလဝမ်းရောဂါလို့ သုံးနှုံးပေမယ့် ကျန်းမာရေးဌာနတွေကတော့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအဆင့်ပဲ သုံးနှုံးထားပါတယ်။

ပြီးခဲ့တဲ့ ၁၃ ရက်နေ့ကလည်း သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံမှာ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆေးကုသမှုခံယူရင်း သေဆုံးသူတဦးကို ရေဝေးသုသာန်ကို ကူညီပို့ဆောင် သင်္ဂြိုဟ်ခဲ့တယ်လို့ ဆန်ရေ လူမှုကူညီရေးအသင်းက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့က safe ဖြစ်အောင် PPE တွေ ဘာတွေ.. positive တွေက အဲ့လို မကူးအောင်ပေါ့နော်။ PPE နဲ့ အကာအကွယ်နဲ့ သွား၊ သွားပြီးပို့တာပဲရှိတယ်။ တခြားဟာတော့ ဘာမှမရှိဘူး။ ကျနော်တို့ဆီမှာ တက်လာတာ အဲ့တကြောင်းပဲ တက်တာ ။ ဝမ်းရောဂါနဲ့ပတ်သက်တာ ဘာမရှိဘူး။ ကျနော်တို့ သွားတာတို့ ပို့တာတို့ အဲ့လိုမကြုံဖူးဘူးပေါ့နော်၊ အဲ့တကြောင်းက နာရေးရှိမှ ကျနော်တို့ကို အကူအညီတောင်းလို့ ကျနော်လည်း သိရတာပါ။ ကျနော်တို့ဆီမှာ အဲ့လို အကူအညီတောင်းရင် နာရေးပဲဖြစ်ဖြစ် လူနာပဲဖြစ်ဖြစ်ပေါ့နော်၊ အကူအညီတောင်းရင် ကျနော်တို့ဘက်က ဆောင်ရွက်ပေးပါတယ်။”

ဇူလိုင်လဆန်ပိုင်းကတည်းက သာကေတနဲ့ ဒေါပုံမြို့နယ်တွေမှာ လူအစုလိုက် ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်မှုရှိရာက အခု သင်္ဃန်းကျွန်း၊ ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်း စတဲ့မြို့နယ်မှာပါ ပျံ့နှံ့ကူးစက်နေတာပါ။

ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဒဂုံဆိပ်ကမ်း၊ သာကေတနဲ့ တခြားမြို့နယ်တွေမှာ မုန့်ဟင်းခါးဆိုင်၊ အသုပ်ဆိုင် စတဲ့ လမ်းဘေးဆိုင်တွေပိတ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဝမ်းရောဂါကူးစက်မှုလျော့ကျလာအောင် ကျန်းမာရေးဌာနအနေနဲ့ ဘာတွေ ဆောင်ရွက်နေပါလဲ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးကို ဗွီအိုအေက ဆက်သွယ်မေးမြန်ရာမှာ သူ့အနေနဲ့ ကွင်းဆင်းနေတာကြောင့် မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

ပုံမှန်ဝမ်းပျက်ဝမ်းလျှောရောဂါဟာ အချိန်မီဆေးရုံရောက် ကုသမှုခံယူရင် စိုးရိမ်စရာမရှိပေမယ့် ရေဓာတ်ခန်းခြောက်တာ၊ သွေးပေါင်ကျဆင်းနေပြီး ဆိုးဝါးတဲ့အခြေအနေရောက်လာပြီဆိုရင်တော့ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

“ဆေးရုံစောစောစီးစီးရောက်ရင် ဒီကိစ္စမျိုးက စိုးရိမ်စရာမရှိပါဘူး။ ဒီခေတ်မှာလေ၊ တခုပဲ ရေဓာတ်တွေခန်းခြောက်၊ ရှော့တွေဘာတွေဖြစ်တော့မှ၊ သွေးတွေဘာတွေလန့်တော့မှ၊ သွေးပေါင်တွေ ဘာတွေ တအားကျတာနော်၊ ဆီးတွေဘာတွေ မထွက် အဲ့လိုပေါ့၊ နောက်ဆက်တွဲပေါ့ အရမ်းဆိုးဝါးတဲ့ အခြေအနေရောက်ရင်တော့ ကုသရတာ လုရတာပေါ့နော်၊ အဲ့လိုအခြေအနေမျိုးဆို ၅၀၊ ၅၀ လောက်ထိ သွားဖြစ်နိုင်တာပေ့ါ။ စောစောစီးစီးပေါ့နော် ဒီလို ဝမ်းပျက်ဝမ်းလျှော လက္ခဏာ၊ အပြင်းအထန်ဝမ်းပျက်ဝမ်းလျှော လက္ခဏာတွေလည်း ကျနော်တို့ ထုတ်ပြန်ထားတဲ့အထဲမှာ ပါတယ်လေ၊ အဲ့လိုမျိုး ချက်ခြင်း ဆေးရုံလာမယ်ဆိုတော့ ဒါ စိုးရိမ်မရှိပါဘူး။”

ကျန်းမာရေးဌာန၊ ကြက်ခြေနီအသင်း၊ လူမှုကူညီရေးအသင်းအဖွဲ့တွေ စုပေါင်းပြီး ရပ်ကွက်တွေမှာ ပိုးသတ်ဆေးဖျန်းတာ၊ ကလိုရင်းဆေးခတ်တာ စတဲ့ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ လူမှုကူညီရေးအသင်းတွေက ဗွီအိုအေကို ပြောပါတယ်။

အခုလို မိုးရာသီဝင်လာချိန် ဝမ်းပျက်ဝမ်းလျှောရောဂါအဖြစ်များလေ့ရှိတာမို့ ပြည်သူတွေအနေနဲ့ အစားအသောက်နဲ့ အနေအထိုင်ဆင်ခြင် ဂရုစိုက်ရင် ဒီရောဂါဟာ စိုးရိမ်စရာမရှိဘဲ ကူးစက်မှုနှုန်း လျှော့ကျလာမှာဖြစ်တယ်လို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

ရန်ကုန်မြို့အပြင် စစ်ဘေးဒုက္ခသည်များတဲ့ ဒေသတွေမှာလည်း သောက်သုံးရေ မသန့်လို့ ဝမ်းရောဂါခံစားနေကြရပါတယ်။ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်က ခါနန်စစ်ရှောင်စခန်းမှာလည်း ဇူလိုင်လဆန်းပိုင်းကတည်းက ဝမ်းရောဂါ ဖြစ်ပွားနေကြပါတယ်။ ဒေသခံသတင်းဌာနတွေ ဖော်ပြချက်အရ လူ ၁၇၀ ရှိတဲ့ ခါနန်စစ်ရှောင်စခန်းမှာ လူဦးရေ ၆၀ လောက်က ဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားနေကြရတယ်လို့ သိရပါတယ်။ ဒီစစ်ရှောင်စခန်းက လူနာတွေ ဆေးရုံဆေးခန်းတက်ရောက် ကုသရတာမျိုး ပြင်းထန်ဖြစ်ပွားတာ မရှိဘူးလို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ကိုဗညားက ပြောပါတယ်။ ပြီးခဲ့တဲ့လက မယ့်စဲနဲ့ ဖားဆောင်ဘက်မှာလည်း ဒေသခံနဲ့ စစ်ရှောင်တွေ ရာနဲ့ချီ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခဲ့ပေမဲ့ အခုတော့ သက်သာပျေက်ကင်းလာပြီလို့ ကိုဗညားက ဗွီအိုအေကို ပြောပါတယ်။

Your browser doesn’t support HTML5

ဝမ်းပျက်ဝမ်းလျောရောဂါ တနေ့အတွင်း လူနာသစ် ၇၀ ကျော်ရှိ