တရုတ်ရေတပ် သင်္ဘောနှစ်စင်း ရန်ကုန်ရောက်

ပြည်ပသို့ ထွက်ခွာမည့် တရုတ်စစ်သင်္ဘောများ (၂၀၁၅)

တရုတ်ရေတပ် သင်္ဘော ၂ စင်းဟာ ၅ ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်အဖြစ်နဲ့ ရန်ကုန် သီလဝါဆိပ်ကမ်း ကို ရောက်ရှိ လာကြောင်း မြန်မာ အစိုးရ သတင်းမှာ ဖေါ်ပြ ထားပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အစိုးရ တက်လာ ခဲ့ပြီးနောက်ပိုင်း မြန်မာနဲ့ ဆက်ဆံရေး ကောင်းမွန်စေဖို့ တရုတ်အစိုးရက သံတမန် နည်းလမ်းနဲ့ ကျိုးစားလာခဲ့တာ ဖြစ်ပြီး အခု တောင်ဘက်မဟာဗျူဟာကျတဲ့ မြန်မာနဲ့ စစ်ရေးဆက်ဆံမှုတွေပါ တိုးမြှင့်ဖို့ လုပ်ဆောင်လိုက်တာလို့ အများက ရှုမြင်ကြ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သြဂုတ်လထဲ တရုတ်နိုင်ငံကို သွားရောက်စဉ်က သမ္မတ Xi Jinping က မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမှာ မှန်ကန်တဲ့ လမ်းကြောင်းအတိုင်း ရှိဖို့ လိုလားကြောင်း ပြောကြားခဲ့သလို တရုတ်ထိပ်တန်း စစ်ဘက်အရာရှိကြီး တဦးကို လည်း ပြီးခဲ့တဲ့လကပဲ မြန်မာနိုင်ငံကို စေလွှတ်ခဲ့တာပါ။

တရုတ်ရေတပ်က အရာရှိနဲ့ စစ်သည် ၇၂၈ ဦးလိုက်ပါလာတဲ့ Xiangtan နဲ့ Zhoushan တိုက်ချင်းပစ် ဒုံးတင် စစ်ရေယာဉ် ၂ စင်းဟာ သောကြာနေ့မှာ ရောက် ရှိလာတာဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Hong Liang အပြင် တရုတ်ပညာတော်သင်တွေနဲ့စီးပွါးရေးပညာရှင်တွေက ကြိုဆိုတယ်လို့ သတင်းမှာ ဖေါ်ပြထားပါတယ်။

ဒီ သင်္ဘောတွေဟာ အေဒင် ပင်လယ်ကွေ့ဒေသက ပင်လယ်ကူးသင်္ဘောတွေ ဓါးပြရန် ကာကွယ်ဖို့နဲ့ ဆိုမာလီယာ ပင်လယ်ဓါးပြတွေကို နှိမ်နင်းဖို့ ၅ လကြာ သွားရောက်နေရာက အပြန်မှာ ချစ်ကြည်ရေးခရီး လာရောက်တာလို့ တရုတ်ရေကြောင်း ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီခရီးစဉ်မှာ တရုတ်ရေတပ် အရာရှိတွေဟာ မြန်မာစစ်ဘက် ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံဖို့ ရှိကြောင်းလည်း တရုတ်အစိုးရ ဆင်ဟွာသတင်းက ဖေါ်ပြပါတယ်။ မြန်မာနိုင်ငံကို တရုတ်ရေတပ် လေ့ကျင့်ရေးသင်္ဘော ၂၀၁၄ ခုနှစ်မှာ နောက်ဆုံး လာရောက်ခဲ့ တာဖြစ်ပြီး အခု ရေတပ် သင်္ဘောတွေ နောက်ထပ်တကြိမ် လာရောက် တာလည်း ဖြစ်ပါတယ်။

Your browser doesn’t support HTML5

တရုတ်ရေတပ် သင်္ဘောနှစ်စင်း ရန်ကုန်ရောက်