မန္တလေးက တရုတ်ကောင်စစ်ရုံး တိုက်ခိုက်ခံရ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ မန္တလေးမြို့က ကောင်စစ်ရေးရာဌာန မနေ့ အောက်တိုဘာ ၁၈ ရက် သောကြာနေ့ ညနေပိုင်းက တိုက်ခိုက်ခံခဲ့ရပါတယ်။ ကျုံးတောင်ဘက်မှာရှိတဲ့ တရုတ်ကောင်စစ်ရုံးဝန်းထဲမှာ မနေ့က ညနေပိုင်းမှာ ပေါက်ကွဲသံ ကြားခဲ့ရပြီး ထိခိုက် သေဆုံးတာတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တရုတ်ကောင်စစ်ရုံးတဝိုက်ဟာ ပုံမှန်အားဖြင့် လုံခြုံရေးတင်းကျပ်တဲ့ နေရာဖြစ်တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ တရုတ်သံရုံးကတော့ တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ ညနေ ၄ နာရီဝန်းကျင်မှာ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး ၂ ထပ်ဆောင် ခေါင်မိုးရဲ့ အုပ်ကြွပ်အမိုး ၂ ပေလောက် ပျက်စီးသွားကြောင်းနဲ့ လူနဲ့ တခြားပစ္စည်း အထိအခိုက် မရှိဘူးလို့ ဖော်ပြထားပါတယ်။ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး တာဝန်ရှိသူတွေနဲ့ ပူးပေါင်းစုံစမ်းနေသလို လုံခြုံရေး တိုးမြှင့်ထားတယ်လို့လည်း ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ နောက်ပိုင်းကစလို့ မြို့ပြဒေသတွေမှာပါ တိုက်ခိုက်မှုတွေ ကျယ်ပြန့်လာပေမဲ့ မန္တလေးလို မြို့ကြီးမှာရှိတဲ့ တရုတ်ကောင်စစ်ရေးရာရုံး အခုလို တိုက်ခိုက်ခံရတာကတော့ ဒါ ပထမဆုံး ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့ကမှလည်း သူတို့လက်ချက်လို့ ဝန်ခံထုတ်ပြန်ခြင်း မရှိသေးပါဘူး။

တရုတ်ဟာ အာဏာသိမ်းစစ်ကောင်စီကို လက်နက် အဓိကရောင်းချပေးနေတဲ့ မဟာမိတ် ဖြစ်သလို၊ တချိန်တည်းမှာလည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့အပေါ် ဩဇာညောင်းတယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ထားပါတယ်။ မြန်မာ့နိုင်ငံရေးမှာ တရုတ် ကြားဝင်တာကို မကြိုက်သူတွေ၊ တရုတ်က နိုင်ငံရေး စီးပွားရေးအရ သြဇာလွှမ်းမိုးနေတာကို မကြိုက်လို့ ဆန့်ကျင်ကွန့်ကွက်မှုတွေလည်း ရှိခဲ့ပါတယ်။

လားရှိုးမြို့ကို ညီနောင်မဟာမိတ်တပ်တွေ ဩဂုတ်လက သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း စစ်တပ်လိုလားသူတွေနဲ့ အမျိုးသားရေးဝါဒီတွေက တရုတ်ဆန့်ကျင် ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြပါတယ်။ ရန်ကုန်၊ နေပြည်တော်မြို့တွေမှာ တရုတ်ဆန့်ကျင် ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီး မကြာခင် တရုတ်ဝန်ကြီးချုပ် Wang Yi နေပြည်တော်ကို သွားပြီး တရုတ်-မြန်မာဆက်ဆံရေးကို သွေးခွဲလိုတဲ့ တရုတ်နိုင်ငံကို အမည်ဖျက် အပုပ်ချတဲ့ ပြောဆိုလုပ်ဆောင်မှု မှန်သမျှဆန့်ကျင်တယ်လို့ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ် ပြောခဲ့ကြောင်း တရုတ်သံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။