လေပြင်းနဲ့မိုးကြောင့် မင်းတပ်စစ်ပြေးဒုက္ခသည်စခန်းထိခိုက်ပျက်စီးမှုရှိ

မင်းတပ် စစ်ဘေးရှောင် ပြည်သူများ။ (ဇွန် ၆၊ ၂၀၂၁။ ဓာတ်ပုံ - မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့) ယခင် မှတ်တမ်းဓာတ်ပုံ။


[[Zawgyi/Unicode]]


ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ လေပြင်းတိုက်ပြီး မိုးသည်းထန် ရွာသွန်းမှုကြောင့် စစ်ပြေးဒုက္ခသည်တွေ ယာယီခိုလှုံနေကြတဲ့ စခန်း ၃၀ လောက်ထိခိုက်ပျက်စီးခဲ့ပါတယ်။ တနင်္ဂနွေနေ့ ညနေက မိုးရွာပြီး လေပြင်းတိုက်ခတ်မှုကြောင့် မိုးကာအမိုးတွေ ဓနိမိုးတွေနဲ့ ယာယီဆောက်လုပ်ထားတဲ့ ယာယီတဲ အများအပြား ပျက်စီးခဲ့တယ်လို့ ဘာသာရေးဆရာတော်တဦးက ပြောပါတယ်။ ယာယီခိုလှုံနေတဲ့နေရာတွေ ပျက်စီးကုန်တာကြောင့် မိသားစု ရာနဲ့ချီ နောက်ထပ်ဘေးလွတ်ရာမှာ ရွှေ့ပြောင်းနေကြရပါတယ်။ ဒီအခြေအနေအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို မမြသဇင်အောင် ပြောပြပါမယ်။

ဧပြီလ ၁၇ ရက် တနင်္ဂနွေနေ့က ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ လေကြီး မိုးကြီးကျခဲ့လို့ စစ်ဘေးဒုက္ခသည်တွေ ယာယီခိုလှုံနေကြတဲ့ ဒုက္ခသည်စခန်းတချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။ ယာယီဒုက္ခသည် စခန်းပေါင်း ၃၀ လောက်က ပလတ်စတစ်အမိုးတွေ၊ ဓနိမိုးတွေနဲ့ ဆောက်ထားတဲ့ တဲအိမ်တွေ ပျက်စီးသွားတယ်လို့ ခရိယာန်ဘာသာရေးဆရာတော်တယောက်က ပြောပါတယ်။ ယာယီတဲအိမ်တွေ ပျက်စီးကုန်တဲ့အတွက် အိမ်ထောင်စု ၃၀၀ လောက် နီးစပ်ရာ ဘုရားကျောင်း၊ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ ပြောပါတယ်။

“မင်းတပ်မြို့နယ်မှာတော့ တော်တော်လေး စခန်းတွေက မုန်တိုင်းလေနဲ့ တော်တော်များများပျက်စီးတာတွေ ရှိပါတယ်။ မြို့ပေါ်မှာလည်း ယာယီခိုလှုံဖို့ လုပ်ထားတဲ့ဟာတွေ အကုန်လုံး တာလပတ်နဲ့ လုပ်ထားတဲ့ဟာတွေတော့ ပျက်စီးတယ်။ ဒီအိမ်မှာနေတဲ့ အဆောက်အဦးတွေ သာသနာ့အဆောက်အဦးတွေမှာနေတဲ့လူပဲ လုံခြုံပြီးမှ ယာယီတဲဟူသမျှ အားလုံးပျက်စီးနေတယ်။ ခန့်မှန်းတာကတော့ စခန်း ၃၀ ပတ်ဝန်းကျင်ကတော့ ထိခိုက်မယ်လို့တော့ ယူဆတယ်။ နီးစပ်ရာဘုရားကျောင်းတို့ နီးစပ်ရာစာသင်ကျောင်းတို့ နီးစပ်ရာဘုန်းကြီးကျောင်းတွေမှာတော့ နောက်လုံခြုံတယ်လို့ သူတို့ယူဆတဲ့ နေရာမှာ ယာယီ သူတို့ရွှေ့ကြတယ်။ အားလုံးစုစုပေါင်းဆိုလို့ရှိရင်တော့ (လူဦးရေ) ၂၀၀၊ ၃၀၀ ပတ်ဝန်းကျင်တော့ ရှိမယ်လို့တော့ ယူဆတယ်။”

ပျက်စီးသွားတဲ့ ယာယီစစ်ဘေးဒုက္ခသည်စခန်းတွေ ပြန်လည်တည်ဆောက်နိုင်ဖို့ကြိုးစားနေကြပါတယ်။ ဒါပေမဲ့ ယာယီတဲ ဆောက်လုပ်ဖို့ အမိုးအကာလိုအပ်ချက်တွေ ရှိနေကြပါတယ်။ အခုလို ဧပြီလထဲမှာ ခုလိုမိုးကြီး လေကြီးဖြစ်တာကြောင့် မိုးရာသီကာလရောက်ရင် ဒုက္ခသည်တွေအတွက် ပိုစိုးရိမ်စရာဖြစ်တယ်လို့ ဘာသာရေးဆရာတော်က ပြောပါတယ်။

“မိုးဦးပဲရောက်သေးတဲ့အခါမှာ ဒီလိုဖြစ်တယ်ဆိုတော့ မိုးရာသီရောက်လာရင်တော့ သူတို့ တော်တော်လေး စစ်ဘေးရှောင်တွေရဲ့ အသက်အိုးအိမ်တွေကို စိုးရိမ်စရာတော့ ဖြစ်လာမယ်။ နောက်ပြီးတော့ စားနပ်ရိက္ခာကလည်း တော်တော်လေးအခက်အခဲတွေက ဆန်ကလည်း လိုချင်သလိုသယ်လို့မရတဲ့အခါမှာ ဒါတွေကြောင့် စားနပ်ရိက္ခာခက်ခဲလာမယ်။ နောက်ပြီးတော့ ဒီနေအိမ်တွေ လုံခြုံဖို့ မိုးလေဝသကြောင့် ပိုပြီးမှဆိုးဝါးလာမယ်လို့တော့ ယူဆတယ်။ စိုးရိမ်စရာတော့ များလာမယ်လို့ ယူဆတယ်။”

စစ်ဘေးရှောင် ဒုက္ခသည်တွေထဲမှာ ကလေးငယ်တွေ အသက်ကြီးရင်းသူတွေ မသန်းစွမ်းတွေလည်း အများအပြားပါဝင်ပါတယ်။ အိုးအိမ်စွန့်ပြီး ဘေးလွတ်ရာ ပုန်းခိုနေကြရသူတွေအနေနဲ့ ဒေသအလိုက် မိုးလေဝ သတင်းတွေ နားစွင့်ထားကြပြီး မိုးရာသွန်းမှု အခြေအနေကိုလိုက်ပြီး သတိထားဖို့နဲ့ ပြောင်းရွှေ့သင့်ရင် အမြန်ပြောင်းရွှေ့ဖို့ ဒုက္ခသည်တွေကို အကူအညီပေးသူက တိုက်တွန်းထားကြပါတယ်။

Your browser doesn’t support HTML5

လေပြင်းနဲ့မိုးကြောင့် မင်းတပ်စစ်ပြေးဒုက္ခသည်စခန်းထိခိုက်ပျက်စီးမှုရှိ

==============


[[Unicode]]








==============