တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တွေ့ဆုံ

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယီ နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်


[[Zawgyi/Unicode]]

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ ဒီနေ့ တရုတ်နိုင်ငံမှာ ဒီနေ့တွေ့ဆုံကြတယ်လို့ တရုတ်အစိုးရ သတင်းမီဒီယာက ဒီနေ့ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ မြန်မာစစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တွေ့ဆုံမှုနဲ့ပတ်သက်ပြီး မကြာခင်မှာ သတင်းထုတ်ပြန် သွားမယ်လို့ ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

တရုတ်နိုင်ငံကိုရောက်နေတဲ့ စစ်ကောင်စီနိုင်ငံခြားရေးဌာန၊ ဝန်ကြီးဦးဝဏ္ဏမောင်လွင်ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ ဒီနေ့ဧပြီလ ၁ ရက်မှာတွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲနဲ့ပတ်သက်လို့ တရုတ်နိုင်ငံဘက်က တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဒီနေ့ဆွေးနွေးတဲ့ အကြောင်းအရာတွေကို လောလောဆယ် မသိရသေးဘူးလို့ ဗွီအိုအေကို ပြောပါတယ်။

“အကြောင်းအရာတွေကတော့ ကျနော်တို့လည်း မသိသေးပါဘူး။ လောလောဆယ် (သူတို့) ဒီ ပြန်ရောက်တဲ့အချိန်မှာ သတင်းထုတ်ပြန်ပေးပါမယ်။ ဒီနေ့မှာတော့ တရုတ်နိုင်ငံတော် နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံတာဖြစ်ပါတယ်။ ပြီးရင် ညစာစားပွဲ တက်ပါမယ်။ မနက်ဖြန် ပြန်မှာပါ။”

လက်ရှိဒေသတွင်းနဲ့ နိုင်ငံတကာမှာဖြစ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ အမြင်ဖလှယ်ပြီး ဒေသတွင်း တည်ငြိမ်၊ အေးချမ်း၊ တိုးတက်ဖို့ အပြုသဘော အားထုတ်မှုတွေရရှိအောင်..လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံခြားရေးဝန်ကြီးအပြင် ထိုင်း၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတို့ကိုလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက သီးခြားစီတေ့ွဆုံဖို့ ဖိတ်ကြားထားပါတယ်။

တရုတ်အစိုးရအာဘော်တွေကို မြန်မာဘာသာနဲ့ ရေးသားဖော်ပြနေတဲ့ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးဆိုတဲ့ သတင်းဌာနမှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဖိတ်ကြားချက်နဲ့ပတ်သက်လို့ မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတွေဟာ အာဆီယံရဲ့ အရေးကြီးတဲ့ အဖွဲ့ဝင်နိုင်ငံတွေဖြစ်သလို တရုတ်ရဲ့ ရပ်ဝန်းနဲ့လမ်းမစီမံကိန်း (Belt and Road) အတွက်လည်း အရေးပါတဲ့ မိတ်ဘက်နိုင်ငံတွေဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ မတ်လ ၃၁ ရက်ကနေ ဧပြီလ ၃ ရက်အထိ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ၄ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံတဲ့အခါ ကမ္ဘာ့လုံးဆိုင်ရာ ဖွံ့ဖြိုးရေး ကိစ္စတွေကို အိမ်နီးချင်းဒေသထဲမှာ အရင်ဆုံး အကောင်အထည်ဖော်နိုင်ဖို့ တွန်းအားပေးသွားမယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်နေသလို လက်နက်ကိုင်ပဋိပက္ခတွေလည်း ကျယ်ပြန့်နေတဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေမှာ စိုးရိမ်မှုတွေရှိနေကြပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ တရုတ်စီးပွားရေးလုပ်ငန်းတွေ အမြောက်အများ မြှုပ်နှံထားတဲ့ တရုတ်နိုင်ငံက ပိုပြီးစိုးရိမ်နေပုံရပါတယ်။ အရင် NLD အစိုးရလက်ထက်က တရုတ်နိုင်ငံနဲ့ သဘောတူထားတဲ့ စီးမံကိန်းတွေ အားလုံး ရပ်တန့်နေပါတယ်။ တရုတ်သမ္မတ Xi Jinping မြန်မာနိုင်ငံကို ၂၀၂၀ ခုနှစ်က လာခဲ့စဉ်အတွင်း ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ မြန်မာနိုင်ငံစီးပွားရေးဇုံ ရန်ကုန်မြို့သစ်နှင့် ရှမ်းနဲ့ကချင်ပြည်နယ်မှာ နယ်စပ်စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ဇုန်တွေအပါဝင် အပါအဝင် တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် CMEC စီမံကိန်းတွေကို အရှိန်မြှင့်ဖို့ သဘောတူထားခဲ့ကြပါတယ်။ တရုတ် မြန်မာနယ်စပ်ကုန်သွယ်ရေးဟာလည်း ကိုဗစ်ကပ်ရောဂါနဲ့ မြန်မာနိုင်ငံတွင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပုံမှန်အခြေအနေကို ပြန်မရောက်နိုင်သေးဘဲ ထိခိုက်နေပါတယ်။

Your browser doesn’t support HTML5

တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တွေ့ဆုံ

============


[[Unicode]]







============