Trump အာရှခရီးစဉ် တရုတ် အပြုသဘောမြင်

အမေရိကန်သမ္မတ ဒေါ်နလ်ထရမ့်ရဲ့ အာရှ ၅ နိုင်ငံ ခရီးစဉ်ကို အခုတပတ်ထဲမှာပဲ စတင်ပါလိမ့်မယ်။ ဒီခရီးစဉ် မစခင်မှာဘဲ တရုတ်နိုင်ငံဘက်က အကောင်းမြင်တဲ့ မျှော်လင့်ချက်တွေနဲ့ ကြိုတင်ပြောဆိုတာတွေ ရှိနေပါတယ်။ ဒါပေမဲ့ အမေရိကန် ဆိုင်ရာ တရုတ် သံအမတ်ကတော့ သူတို့ရဲ့ ဒေသတွင်းပြဿနာမှာ အမေရိကန်က ဝင်မပါဖို့ ပြောထားပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Victor Beattie ရဲ့ သတင်းပေးပို့ချက်ကို ကိုကျော်အောင်လွင်က ပြောပြပါ လိမ့်မယ်။

သမ္မတထရမ့်ရဲ့ အာရှ ၅နိုင်ငံ ခရီးစဉ်ထဲမှာ တရုတ်နိုင်ငံလည်း ပါဝင်ပြီး နိုဝင်ဘာလ ၈ ရက်ကနေ ၁၀ ရက်နေ့ အထိ တရုတ်ကို သမ္မတထရမ့် လာမယ့်ခရီးစဉ်ဟာ အမေရိကန်နဲ့ တရုတ် ၂နိုင်ငံအကြား အပြန်အလှန် ဆက်ဆံရေးကို ပိုပြီးခိုင်မာစေမယ့် ခရီးစဉ်ဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားတဲ့ အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး Hau Chunying ကမနေ့တုန်းက ပြောခဲ့ပါတယ်။

“ အခုလာမယ့် သမ္မတရမ့်ရဲ့ ခရီးစဉ်က တရုတ်နဲ့ အမေရိကန် ၂ နိုင်ငံအကြား အပြန်အလှန် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု တွေကို ပိုပြီး အားကောင်းလာစေလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီခရီးစဉ်ကနေ တရုတ်နဲ့ အမေရိကန် ပြည်သူတွေ အတွက် သေချာတဲ့ အကျိုးစီးပွါးတွေကို ပိုပြီး ဖြစ်လာစေလိမ့်မယ်လို့ မျှော်လင့်ရတဲ့ အပြင် ကမ္ဘာနဲ့ ဒေသတွင်း တည်ငြိမ်မှု၊ ကြီးပွါးချမ်းသာမှုနဲ့ ငြိမ်းချမ်းမှုတွေကိုလည်း ၂ နိုင်ငံအားနဲ့ ပိုပြီး လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။”

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီးက အခုလို ကောင်းမွန်တဲ့ မျှော်လင့်ချက်တွေနဲ့ မနေ့ကပြောခဲ့တယ် ဆိုပေမယ့် အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် Cui Tiankai မကြာခင်တုန်းက ပြောခဲ့တဲ့ အထဲမှာတော့ အမေရိကန်ကို သူတို့ဒေသတွင်း ကိစ္စတွေမှာ ဝင်မပါဖို့ သတိပေး တိုက်တွန်းထားပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ မစ်ဇိုင်းဒုံးကျည် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး အခြေအနေတွေ အန္တရာယ်ပိုကြီး မလာခင် စေ့စပ်ညှိနှိုင်းကြဖို့ တရုတ်ဘက်က တိုက်တွန်းပါတယ်။

တောင်တရုတ်ပင်လယ် အတွင်းမှာ တင်းမာနေတဲ့ ဒေသတွင်း ပဋိပက္ခတွေကို ဖြေရှင်းတဲ့နေရာမှာ အမေရိကန် အနေနဲ့ ဘေးရှောင်နေဖို့ကိုလည်း တရုတ်သံအမတ်က တိုက်တွန်းခဲ့ပါတယ်။ သူက သမ္မတထရမ့်ရဲ့ တရုတ်ပြည် ခရီးစဉ်ကို သမိုင်းတင်မယ့် ခရီးစဉ်တခု ဖြစ်လာရေး လုပ်ဆောင်ဖို့လည်း တိုက်တွန်းခဲ့ပြီး တရုတ်နိုင်ငံကို ထိန်းချုပ်ဖို့ဆိုတဲ့ ရည်ရွယ် ချက်မျိုးနဲ့တော့ လုပ်လိမ့်မယ်လို့တော့ သူမထင်ကြောင်း၊ တရုတ်နိုင်ငံကို ဘယ်သူကမှလည်း ထိန်းချုပ်လို့ရမှာ မဟုတ်တဲ့အကြောင်း အမေရိကန်ဆိုင်ရာ တရုတ်သံအမတ် Cui Tiankai ကပြောထားပါတယ်။ တရုတ်ဘက်က အခုလို ပြောဆိုနေတာတွေက အမေရိကန်ရဲ့ လွတ်လပ်စွာ ပင်လယ်ရေကြောင်း လှုပ်ရှားသွားလာမှု အစီအစဉ်တွေကို ပြောချင်နေတဲ့ သဘောပဲလို့အာရှဖိစိဖိတ်ရေးရာ The Diplomat မဂ္ဂဇင်းရဲ့ တွဲဘက်အယ်ဒီတာ Ankit Pandaက ဗွီအိုအေကို ပြောပါတယ်။

“ သမ္မတထရမ့် တက်လာပြီးတောင်တရုတ်ပင်လယ် အတွင်း အမေရိကန်ဘက်က လွတ်လပ်စွာ ပင်လယ်ရေကြောင်း လှုပ်ရှားမှု အစီအစဉ်တွေကို အရှိန်မြှင့် လုပ်ဆောင်လာခဲ့တာကို ပြောချင်တဲ့ သဘောပါပဲ။ ဒီလို လှုပ်ရှားမှုတွေက အရင် သမ္မတ ဘားရက်အိုဘားမား လက်ထက်တုန်း ကလည်း ၂၀၁၅ အောက်တိုဘာကနေ ၂၀၁၆ ခုနှစ် အောက်တိုဘာလ အတွင်း လုပ်ခဲ့ဘူးပါတယ်။ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး အာဆီယံ နိုင်ငံတွေနဲ့ တရုတ်နိုင်ငံတွင်း အခုနှစ် အစောပိုင်းက ကျင့်ဝတ်ဆိုင်ရာ သဘောတူညီချက်မူကြမ်းတခု ရေးဆွဲနိုင်ခဲ့ပြီး ဒါကို တရုတ်ဘက်ကလည်း ကြိုဆိုထားတာပါ။ အမေရိကန် ဘက်ကလည်း တောင်တရုတ် ပင်လယ်အတွင်းက ပဋိပက္ခတွေက သူတို့နဲ့ဆိုင်တယ်လို့ယူဆထားပါ တယ်။”

ပြီးခဲ့တဲ့ ဧပြီလတုန်းက တရုတ်နဲ့အမေရိကန် ခေါင်းဆောင်တွေရဲ့ပထမဆုံးအကြိမ် ထိပ်သီးဆွေးနွေးပွဲကို အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှာ ကျင်းပခဲ့ပြီး အဲဒါရဲ့ နောက်ဆက်တွဲ ဆွေးနွေးမှုလည်း ဒုတိယအကြိမ် အဖြစ် ဆက်ပြီး ရှိလာပါလိမ့်မယ်။ အဲဒီအခါကျရင် မြောက်ကိုရီးယားအရေး တရုတ်ဘက်က ပိုပြီးအားထုတ်လာအောင် အမေရိကန်ဘက်က တွန်းအားပေးနိုင်ပြီး တရုတ်ဘက်ကလည်း မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး အမေရိကန်က အရှိန်လျှော့ပြီး လုပ်ဆောင်ဖို့ တိုက်တွန်းလိမ့်မယ်လို့ ယူဆတဲ့အကြောင်း The Diplomat မဂ္ဂဇင်းရဲ့ တွဲဘက်အယ်ဒီတာ Ankit Pandaက ဗွီအိုအေကို ပြောပါတယ်။

Your browser doesn’t support HTML5

Trump အာရှခရီးစဉ် တရုတ် အပြုသဘောမြင်