တရုတ် ထိုင်ဝမ် ပထမဆုံး အဆင့်မြင့်ဆွေးနွေး

ထိုင်ဝမ်ကျွန်းနဲ့ တရုတ်နိုင်ငံအကြား ပြည်တွင်းစစ်ပြီးဆုံးသွားတဲ့ လွန်ခဲ့တဲ့ ၆၅ နှစ်ကစလို့ ပထမဆုံးအကြိမ်အဖြစ် အဆင့်မြင့်အရာရှိတွေရဲ့ နိုင်ငံရေး
ဆွးနွေးပွဲကို ကျင်းပခဲ့ပါတယ်။ ၂ ဘက်ကြား ဆက်ဆံရေး ပိုပြီးနွေးထွေးလာချိန်မှာ အခုလို တရုတ်နိုင်ငံတောင်ပိုင်း Nanjing မြို့မှာ ဒီကနေ့ အင်္ဂါနေ့စည်းဝေးပွဲကို ကျင်းပတာဖြစ်ပါတယ်။

တရုတ်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Zhang Zhijun က ကြိုးစားလုပ်ဆောင်မယ်ဆိုရင် ထိုင်ဝမ် - တရုတ် ဆက်ဆံရေးမှာ ထူးခြားမှု ရှိနိုင်ပါတယ်လို့ ပြောပါတယ်။

ထိုင်ဝမ်ရဲ့ ပြည်မကြီးရေးရာ ဝန်ကြီး Wang Yu-chi ကလည်း သူ့ခရီးစဉ်ဟာ ၂ ဘက် ဆက်ဆံရေး တိုးတက်အောင် အထောက်အကူ ဖြစ်လိမ့်မယ်လို့ မျှော် လင့်ကြောင်း ပြောပါတယ်။ ကိုယ်စားလှယ် ၂၀ ကို ဦးဆောင်ပြီး Shanghai မြို့ကိုလည်း ဝင်ရောက်မှာဖြစ်တဲ့ Mr. Wang ရဲ့ သမိုင်းဝင် ၄ ရက်တာ ခရီးစဉ်ရဲ့အစကို သတင်းထောက်တွေ အများကြီး လိုက်ပြီး သတင်းယူခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ ဘာတွေ ပြောဆိုကြမလဲ၊ တရားဝင် သတ်မှတ်ထားတာမရှိပေမဲ့ ဒီတွေ့ဆုံမှုဟာ ၂ ဘက်ကြား ဆက်ဆံရေး ပိုပြီး နွေးထွေးလာတယ်ဆိုတဲ့ ပြယုဂ်
ဖြစ်ပြီး ယုံကြည်မှု တည်ဆောက်တာဖြစ်တယ်လို့ အများက ယူဆပါတယ်။

၁၉၄၉ ခုနှစ်မှာ ပြည်တွင်းစစ် ပြီးဆုံးသွားပြီးနောက် ထိုင်ဝမ်ဟာ တရုတ်နိုင်ငံကနေ ကွဲထွက်သွားတာဖြစ်ပေမဲ့ တရုတ်ကတော့ ထိုင်ဝမ်ဟာ ပြည်မကြီးနဲ့ တနေ့ ပြန်ပေါင်းစည်းမယ့် ကွဲထွက်ပြည်နယ်တခုအဖြစ် ယူဆနေတာပါ။

၂ ဘက်ကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုက အထူးသဖြင့် တရုတ်ကို လက်သင့်ခံပုံရတဲ့ Ma Ying-jeou ၂၀၀၈ ခုနှစ်မှာ တခါ၊ ပြီးတော့ ၂၀၁၂ ခုနှစ်မှာ တခါ ပြန်ရွေးကောက်ခံရပြီးနောက် အခုနှစ်ပိုင်းတွေအတွင်းမှာ တိုးတက်မှုရှိလာတာပါ။

ထိုင်ဝမ်က အတိုက်အခံအမတ်တချို့ကတော့ ဒီခရီးစဉ်နဲ့ပတ်သတ်ပြီး ပူပန်စရာတွေရှိကြောင်း ပြောဆိုပြီး ထိုင်ဝမ်ကျွန်းက လူတွေအနေနဲ့ တရုတ်ပြည်မကြီးက လူ့အခွင့်အရေး ကိစ္စရပ်အပေါ် ပူပန်သင့်တယ်လို့ ပြောသွားပါတယ်။