ဘေးမကင်းတဲ့ နို့မှုန့် တရုတ် ဆက်လက်ဖမ်းဆီး

ဘေးမကင်းတဲ့ နို့မှုန့် တရုတ် ဆက်လက်ဖမ်းဆီး

တရုတ်နိုင်ငံမှာ စက်ရုံသုံး ဓါတုပစ္စည်းတွေပါဝင်နေတဲ့ နို့ထွက်ပစ္စည်း တန်နဲ့ချီကို ဖမ်းဆီးမိတယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။ အလားတူ ဓါတုပစ္စည်းမျိုးတွေ ပါဝင်တဲ့ နှိုမှုန့်ကိုစားသုံးမိလို့ ၂၀၀၈ ခုနှစ်တုန်းက မွေးကင်းစကလေး ၆ ယောက် သေဆုံးခဲ့ရပါတယ်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ချင့်ဟိုင်း ပြည်နယ်ထဲက နို့မှုန့်စက်ရုံမှာ ဘေးဥပါဒ် ဖြစ်စေတဲ့ မယ်လမင်း ဓါတုပစ္စည်းတွေ ပါဝင်နေတဲ့ နို့မှုန့်ကုန်ကြမ်း ၆၄ တန်ကို သိမ်းဆည်းရမိတယ်လို့ တရုတ်အစိုးရပိုင် ရှင်ဟွာ သတင်းမှာ ဖေါ်ပြထားပါတယ်။

နို့မှုန့်အဖြစ် ထုတ်လုပ်ပြီးသားထဲမှာလဲ ဘေးဖြစ်စေတဲ့ ဓါတုပစ္စည်းပါဝင်နေတဲ့ နို့မှုန့် တန်ချိန်ပေါင်း ၁၂ တန်ကိုလဲ တွေ့ရှိခဲ့ပါတယ်။ စမ်းသပ်မှုတွေအရ နို့မှုန့်တွေထဲမှာ တွေ့ရတဲ့ ဓါတုပစ္စည်း ပမာဏဟာ အများဆုံး ပါဝင်သင့်တဲ့ ပမာဏထက် အဆ ၅၀၀ ပိုများနေပါတယ်။

ချင့်ဟိုင်းနို့ထွက်ပစ္စည်း စက်ရုံ ပိုင်ရှင်နဲ့ ညွှန်ကြားရေးမှူးတို့ကို ရဲက ဖမ်းဆီးထားပါတယ်။ ဘေးမကင်းတဲ့ နို့မှုန့်တွေစားမိလို့ ကလေးငယ်တွေ သေဆုံးကြတဲ့ ပြဿနာ ၂၀၀၈ ခုနှစ်မှာဖြစ်ခဲ့ပြီး နို့မှုန့် အမြောက်အမြားကို ဖျက်ဆီးဖို့ သက်ဆိုင်ရာက ညွှန်ကြားခဲ့ပါတယ်။ ဒါပေမဲ့ ဖျက်ဆီးပစ်ရမယ့် နို့မှုန့်တွေကို တချို့ကုန်သည်တွေက ဝယ်ခဲ့ကြတာဖြစ်နိုင်တယ်လို့ အရည်အသွေး ထိန်းချုပ်ရေး တရုတ်တာဝန်ရှိသူ တယောက်က ပြောပါတယ်။