အင်ဒိုနီးရှားနဲ့ ဆက်ဆံရေးကောင်းဖို့ တရုတ်ကြိုးပမ်း

အင်ဒိုနီးရှား ရေတပ်စစ်ရေးလေ့ကျင့်နေစဉ်။ (ဧပြီ ၁၄၊ ၂၀၁၆)

တရုတ်နိုင်ငံက အင်ဒိုနီးရှားနဲ့ စစ်ဘက်ဆိုင်ရာ အဆက်အဆံတွေလုပ်မယ့် အစီအစဉ်ကြောင့် ၂ နိုင်ငံကြား ဆက်ဆံရေးမှာ ချက်ခြင်း လက်ငင်း ပြောင်းလဲ လာမယ့် အလားအလာတွေ မရှိဘူးလို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။ ဒါပေမဲ့လည်း ရေရှည်မှာတော့ တောင်တရုတ်ပင်လယ် နယ်မြေတော်တော်များများကို ပိုင်ဆိုင်ကြောင်း ပြောဆိုထားတာကို အင်ဒိုနီးရှားနိုင်ငံက ထောက်ခံမှုရအောင် ကြိုးပမ်းကောင်း ကြိုးပမ်းလာနိုင်တယ်လို့လည်း ခန့်မှန်းနေကြတာပါ။

တရုတ်အစိုးရပိုင် သတင်းမီဒီယာတွေမှာတော့ တရုတ်နဲ့ အင်ဒိုနီးရှား အနေနဲ့ ၂ နိုင်ငံကြား ကိစ္စရပ်တွေရော၊ နိုင်ငံပေါင်းစုံနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာပါ အပြုသဘောဆောင်တဲ့အမြင်တွေ ဖလှယ်ဖို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုနက်နက်ရှိုင်းရှိုင်း ဆောင်ရွက်သွားနိုင်ဖို့ မျှော်လင့်ထားတဲ့အကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီး ချန် ဝမ်ကွမ် ကို ကိုးကားပြီးဖော်ပြကြပါတယ်။

ဒါပေမဲ့လည်း တရုတ်နဲ့ အိမ်နီးချင်းတိုင်းပြည်တွေကြား တောင်တရုတ် ပင်လယ်ပြင်တွင်း ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတာတွေကတော့ ဆက်လက်ကြီးထွားနေဆဲပါ။ မကြာသေးခင်က အင်ဒိုနီးရှားနိုင်ငံ ရေပိုင်နက်ထဲ တရုတ်ငါးဖမ်းသင်္ဘောတွေ ကျုးကျော်ဝင်ရောက်လာတဲ့ အဖြစ်အပျက်နဲ့ ကြုံခဲ့ရအပြီးမှာပဲ တရုတ်နိုင်ငံက ဆက်ဆံရေး တိုးမြှင့်မယ့် အစီအစဉ်တွေ ထွက်ပေါ်လာနေတာလည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ တရုတ်နိုင်ငံက အင်ဒိုနီးရှားကို ရေဒါနဲ့ သင်္ဘောဖျက် မစ်ဇိုင်းဒုံး အပါအဝင် လက်နက်ရောင်းချတာ၊ အဓိကအားဖြင့် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ရည်ရွယ်ပြီး နှစ်စဉ် ၂ နိုင်ငံရေတပ်ကြား ပူးပေါင်း လှုပ်ရှားမှုတွေ လေ့ကျင့်မှုတွေလည်း ရှိနေပါတယ်။

စစ်ရေးလေ့ကျင့်တဲ့ အစီအစဉ်တွေမှာတော့ သမားရိုးကျစစ်တပ်တွေအပြင် အထူးတပ်တွေလည်း ပါဝင်ပြီး၊ ၂ နိုင်ငံကာကွယ်ရေး ဝန်ကြီးတွေ အပြန်အလှန် လည်ပတ်တာလို တရုတ်နဲ့ အင်ဒိုနီးရှားနိုင်ငံတို့ကြား စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုတွေလည်း ရှိနေပါတယ်။

Your browser doesn’t support HTML5

အင်ဒိုနီးရှားနဲ့ ဆက်ဆံရေးကောင်းဖို့ တရုတ်ကြိုးပမ်း