မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ၅ ရက်ကြာ ခရီးစဉ်အဖြစ် တရုတ်ပြည်ကို ဒီကနေ့ ရောက်လာပါတယ်။ တရုတ်အစိုးရဟာ မြန်မာစစ်အစိုးရကို အားပေးထောက်ခံနေပြီး နိုင်ငံတကာ အလယ်မှာလည်း မြန်မာစစ်အစိုးရဘက်က အကာအကွယ် ပေးနေတယ်လို့ ဆိုကြပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ တရုတ်ပြည် ခရီးစဉ်ဟာ မြန်မာပြည်သူတွေရဲ့ အကျိုးထက် စစ်အစိုးရနဲ့ စစ်အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ နိုင်ငံရေးပါတီတွေရဲ့ အကျိုးကိုပဲ ဦးစားပေးလိမ့်မယ်လို့ စောင့်ကြည့် လေ့လာသူတွေက ပြောနေကြတဲ့အကြောင်း ကိုကျော်အောင်လွင် ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားပါတယ်။
တရုတ်ဝန်ကြီးချုပ် ဝမ်ကျားဘောင် (Wen Jiabao) မြန်မာပြည်ကို အလည်အပတ် ရောက်ခဲ့ပြီး ၃ လအကြာမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အဖွဲ့ တရုတ်ပြည်ကို ရောက်လာတာပါ။ သူနဲ့အတူ ဝန်ကြီးချုပ် ဦးသိန်းစိန် အပါအဝင် မြန်မာကိုယ်စားလှယ် ၃၄ ဦး ပါလာတယ်လို့ DPA သတင်းက ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အိန္ဒိယနိုင်ငံကိုလည်း ၅ ရက်ကြာခရီး ထွက်ခဲ့ပါသေးတယ်။
အိမ်နီးချင်းနိုင်ငံကြီး ၂ ခုအကြား အခုလို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခရီးတွေ ထွက်နေပေမဲ့ မြန်မာပြည်သူတွေ အကျိုးထက် စစ်အစိုးရ အကျိုးရှိစေဖို့ လုပ်နေတာလို့ မြန်မာ့အရေးကို စောင့်ကြည့် လေ့လာနေတဲ့ ထိုင်းနိုင်ငံ အခြေစိုက် ဦးဇော်မင်းက ယူဆပါတယ်။
“သူတို့ အခုသွားတဲ့ ခရီးတွေက သူတို့ စစ်အစိုးရအတွက် လာမယ့် ရွေးကောက်ပွဲမှာ ဆက်ပြီးတော့ သူတို့ရဲ့ နောက်ခံပေးထားတဲ့ ပါတီတွေ၊ အဲဒါတွေရဲ့ ရပ်တည်ရေးအတွက် ထောက်ခံမှုရအောင် သွားတဲ့ ခရီးစဉ်တွေလို့ ကျနော် မြင်တယ်။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့၊ တိုင်းပြည်ထဲမှာ လူတွေ ပိုပြီး အဆင်ပြေလာဖို့၊ စသဖြင့် အဲဒီလို ရည်မှန်းချက်တွေနဲ့ လုပ်တယ်လို့ ကျနော်တော့ သိပ်မမြင်ဘူး။ ကုလသမဂ္ဂမှာ အနောက်နိုင်ငံတွေက မြန်မာပြည်နဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်တခု ပြတ်ပြတ်သားသား ချမယ်ဆိုရင် တရုတ်နိုင်ငံတို့၊ အိန္ဒိယနိုင်ငံတို့က သူတို့အတွက် ကာကွယ်ပေးနိုင်အောင်၊ အဲဒီရည်မှန်းချက်တွေကပဲ ပိုများမယ်လို့ ကျနော်တော့ မြင်ပါတယ်။”
ရွေးကောက်ပွဲ မတိုင်ခင်မှာ သွားတဲ့ ခရီးစဉ်တွေဖြစ်လို့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲနဲ့ အိမ်နီးချင်း နိုင်ငံကြီး ၂ ခုရဲ့ မြန်မာပြည်ဆိုင်ရာ သဘောထားတွေနဲ့လည်း ဆက်စပ်မှု ရှိနိုင်တယ်လို့ ယူဆတာတွေလည်း ရှိကြပါတယ်။ တရုတ်အစိုးရဟာ စစ်အစိုးရကို အကာအကွယ် ပေးနေတယ် ဆိုပေမဲ့ မြန်မာပြည်မှာလုပ်မယ့် ရွေးကောက်ပွဲတွေကိုတော့ မျှမျှတတ၊ မှန်မှန်ကန်ကန် ဖြစ်စေချင်နေတဲ့အကြောင်း တရုတ်၊ မြန်မာ နယ်စပ် အခြေစိုက် မြန်မာ့အရေး အကဲခတ် ဦးအောင်ကျော်ဇောက ပြောပါတယ်။
“တရုတ်ပြည်ကတော့ မြန်မာပြည်က ရွေးကောက်ပွဲကို သင့်တင့်လျောက်ပတ်တဲ့၊ လူပေါင်းစုံ ပါဝင်နိုင်တဲ့ ရွေးကောက်ပွဲတခု ဖြစ်စေချင်တယ်။ ဒါမှလည်း သူတို့ နိုင်ငံတကာမှာ ထွက်ပြီး မြန်မာအစိုးရအတွက် ရပ်ပေးရတာ မျက်နှာရှိတာကိုး။ လူမိုက်လုပ်၊ ထွက်ထွက်ပြီး ရပ်ပေးရတာ သူတို့လည်း ကြာတော့ မျက်နှာပူနေကြတယ်။ ဒါကြောင့်မို့ သူက ဖြစ်စေချင်တယ်၊ မကြာခဏလည်း ပြောတယ်၊ ဝမ်ကျားဘောင် လာတုန်းကလည်း တော်တော်ပြောပါတယ်။”
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် အိမ်နီးချင်း နိုင်ငံကြီး ၂ ခုအကြား ရွေးကောက်ပွဲ မတိုင်ခင် သံတမန်ရေး လှုပ်ရှားမှုတွေ လုပ်လာတာဟာ ရွေးကောက်ပွဲနောက်ပိုင်း ဖြစ်လာမယ့် အစိုးရသစ် ကိစ္စနဲ့လည်း ဆက်စပ်မှု ရှိနိုင်တယ်လို့ အိန္ဒိယနိုင်ငံ အခြေစိုက် NCGUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရရဲ့ ဝန်ကြီးတဦးဖြစ်တဲ့ ဒေါက်တာတင့်ဆွေက မြင်ပါတယ်။
“အိန္ဒိယနဲ့ တရုတ်နဲ့ ပတ်သက်ရင် အရင်တုန်းကတော့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးကို အိန္ဒိယနဲ့ ဗိုလ်ချုပ် ခင်ညွန့်ကို တရုတ်လွှတ်ပြီး ကစားခဲ့တယ်။ ဒါပေမဲ့ ဒီနေ့အခါမှာတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် ဝင်ကလာတဲ့ အခြေအနေ ရောက်လာပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင် နအဖ လုပ်သမျှ၊ လွန်ကျွံခဲ့သမျှ၊ လွဲမှားသမျှကို ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေက ကြာလေ ကြာလေ ထောက်ခံမှုနည်းလေ ဖြစ်လာပြီးတော့ အခု ကမ္ဘာ့တရားရုံးမှာတောင် ရာဇဝတ်ကောင် ဖြစ်မယ့် အနေအထား ဖြစ်နေတဲ့ အချိန်မှာ တရုတ်နဲ့ အိန္ဒိယက အတော် အရေးကြီးနေတဲ့အတွက် သူကိုယ်တိုင် ထွက်ကရတယ်လို့ ကျနော် ယူဆပါတယ်။
“၂၀၁၀ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲလွန်ကာလ အခင်းအကျင်းပေါ်မှာ အိန္ဒိယနဲ့ တရုတ်နိုင်ငံက ဘယ်လိုထားသလဲဆိုတာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့အတွက် အင်မတန်မှ သေရေး ရှင်ရေး အရေးကြီးနေတယ်။”
ဒီနှစ်ဟာ တရုတ်၊ မြန်မာ သံတမန် ဆက်ဆံရေး နှစ်ပေါင်း ၆၀ ပြည့်တဲ့နှစ်ဖြစ်ပြီး အခု ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ခရီးစဉ်ဟာလည်း တရုတ်သမ္မတ ဟူဂျင်တောင်း (Hu Jintao) ရဲ့ ဖိတ်ခေါ်မှုနဲ့ ရောက်လာတာပါ။ တရုတ်ဟာ မြန်မာပြည်မှာ တတိယ အများဆုံး စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားတဲ့နိုင်ငံ ဖြစ်သလို မြန်မာပြည်က ထွက်တဲ့ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့တွေကိုလည်း အများအပြားရဖို့ ကြိုးစားနေတာပါ။ တဘက်မှာလည်း အိန္ဒိယနဲ့ မြန်မာစစ်အစိုးရ အကြား ဆက်ဆံရေးကို အမြဲ စောင့်ကြည့်နေပြီး ဒေသတွင်း နိုင်ငံရေးနဲ့ စစ်ရေးကိစ္စတွေကို မြန်မာစစ်အစိုးရနဲ့ အဆင်ပြေအောင် ဆက်ဆံနေပါတယ်။
အခု ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ တရုတ်ပြည် ခရီးစဉ်မှာ တရုတ်ပြည်နဲ့ နယ်မြေချင်း ထိစပ်နေတဲ့ မြန်မာပြည်ဘက်ခြမ်းက အပစ်ရပ် တိုင်းရင်းသားတွေနဲ့ စစ်အစိုးရအကြား စစ်ရေးတင်းမာမှုတွေ ထပ်ပြီး မဖြစ်ပေါ်ရေးကိစ္စ တရုတ်အစိုးရဘက်က ပြောဆိုလိမ့်မယ်လို့လည်း လေ့လာသူတချို့က ခန့်မှန်းချက် ထုတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ နှစ်အတွင်း ကိုးကန့် အပစ်ရပ် တပ်ဖွဲ့တွေနဲ့ မြန်မာစစ်အစိုးရ တပ်တွေ တိုက်ခိုက်ခဲ့ကြလို့ တရုတ်ပြည်ထဲကို စစ်ပြေးဒုက္ခသည်တွေ အများအပြား ရောက်လာခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တရုတ်အစိုးရဘက်က သဘောမကျတဲ့အကြောင်း ထုတ်ပြောခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။