ထိုင်ဝမ်ကို တရုတ်စစ်ရေးအင်အားပြ ခြိမ်းခြောက်

China Nuclear Submarine Fleet

တရုတ်စစ်တပ်က ထိုင်ဝမ်ကျွန်းတဝိုက်မှာ စနေနေ့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်တာဟာ ထိုင်ဝမ်ကို ပြင်းပြင်းထန်ထန် သတိပေးတာဖြစ်တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသွားပါတယ်။ သူတို့အခေါ် ခွဲထွက်ရေးသမားတွေဖြစ်တဲ့ ထိုင်ဝမ်ဟာ နိုင်ငံခြားတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကြံစည်မှုတွေ ပြုလုပ်နေတာကို သတိပေးချက်ဖြစ်တယ်လို့ ဒီကနေ့ စနေနေ့ကပဲ ပြောသွားတာပါ။

ထိုင်ဝမ် ဒုသမ္မတ ဝီလျံလိုင် William Lai တလောက အမေရိကန်ပြည်ထောင်စုကို သွားရောက်ခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ တရုတ်ဘက်က အခုလို သတိပေးသွားတာပါ။ ထိုင်ဝမ် ဒုသမ္မတက တောင်အမေရိကန်တိုက်က ပါရာဂွေးနိုင်ငံကို သွားရောက်တဲ့ ခရီးစဉ်နဲ့ တဆက်တည်း အမေရိကန်ပြည်ထောင်စုကို ဝင်ရောက်ခဲ့တာပါ။ ထိုင်ဝမ် ဒုသမ္မတလိုင် က ဆန်ဖရန်ဆစ္စကိုမြို့နဲ့ နယူးယောက်မြို့တို့ကို လာရောက်သွားခဲ့ပါတယ်။

တရုတ်အစိုးရ ကွန်မြူနစ်ပါတီက ထိုင်ဝမ်ကျွန်းကို သူတို့ နိုင်ငံပိုင်နက်အဖြစ် မှတ်ယူပြီး ထိုင်ဝမ်အနေနဲ့ နိုင်ငံခြားအစိုးရတွေနဲ့ သီးသန့်ဆက်ဆံရေး လုပ်ကိုင်ခွင့်မရှိဘူးလို့ ပြောနေတာဖြစ်ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုမှာ စစ်သ‌င်္ဘောတွေ၊ စစ်လေယာဉ်တွေ ပါဝင်ပြီး လေကြောင်းရေကြောင်း ချိန်သားကိုက် ထိန်းချုပ်နိုင်စွမ်းကို စမ်းစစ်လေ့ကျင့်တာ ဖြစ်တယ်လို့ တရုတ်အရှေ့ပိုင်း ထိန်းချုပ်ကွက်ကဲရေးတပ်မ ပြောရေးဆိုခွင့်ရှိသူ ရှီယီက ဆိုပါတယ်။ တရုတ်စစ်တပ်ရဲ့ တိုက်ခိုက်နိုင်ရည် စွမ်းအားကို ဆန်းစစ်မှုလည်း ဖြစ်တယ်လို့ သူကပြောပါတယ်။