တရုတ်ကုန်ပစ္စည်း နောက်ထပ် အမေရိကန်ဒေါ်လာ ဘီလျံ ၂၀၀ ဖိုးအပေါ် အခွန် ၁၀ % ကောက်ခံဖို့ အတွက် Trump အစိုးရအဖွဲ့က ပြင်ထားဖို့ ဆုံးဖြတ်လိုက်တာအတွက် အံ့သြတုန်လှုပ်ရကြောင်း တရုတ်အစိုးရက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ ကမ္ဘာ့စီးပွါးရေး အင်အားအကြီးဆုံး၂ နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်တို့ကြား ကုန်သွယ်ရေး စစ်ပွဲအရှိန်က မြင့်လာနေတာပါ။
အခုလို ဆုံးဖြတ်ချက်ဟာ လုံးဝ လက်ခံနိုင်စရာ မရှိဘူးလို့ တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောကြားပြီး လက်တုန့်ပြန်ဖို့ လုပ်မယ်လို့ ပြောပါတယ်။
တရုတ်ကုန်ပစ္စည်း အမေရိကန် ဒေါ်လာ ဘီလျံ ၅၀ ဖိုးအပေါ် အခွန်ကောက်ခံဖို့ ချမှတ်ခဲ့ပြီးတဲ့နောက်မှာ နောက်ထပ် အခွန်ကောက်ခံမှု အသစ်ချမှတ်ဖို့ အမေရိကန်က လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
Trump အစိုးရအဖွဲ့က တရုတ်ကို သူတို့ရဲံ တရားမမျှတတဲ့ ကုန်သွယ်မှုတွေ ရပ်ဆိုင်းပြီး သူတို့ရဲ့ ဈေးကွက်ကို ဖွင့်ပေးဖို့နဲ့ ကုန်သွယ်မှုမှာ မှန်ကန်တဲ့ ယှဉ်ပြိုင်မှုကိုပဲ လုပ်ဖို့ စိတ်ရှည်လက်ရှည် တိုက်တွန်း နေခဲ့ပေမယ့် ဒါကို တရုတ်ဘက်က ပြုပြင်လုပ်ဆောင်ရမယ့်အစား အမေရိကန် ထွက်ကုန်တွေ အပေါ် လက်တုန့်ပြန်တာနဲ့ စတင်ခဲ့တာသာ ဖြစ်ကြောင်း အမေရိကန် ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ် Robert Lighthizer ကကြေညာချက် ထုတ်ပြန် ပြောကြားခဲ့ပါတယ်။
တရုတ်ဟာ မမျှတတဲ့ ကုန်သွယ်မှုတွေနဲ့ ဉာဏမူပိုင်ခွင့် ဆိုင်ရာ ခိုးယူမှုတွေ လုပ်ဆောင်တယ်လို့ ပြောပြီး Trump အစိုးရအဖွဲ့က အမေရိကန် ဒေါ်လာ ၃၄ ဘီလျံ တန်ဖို့းရှိတဲ့ တရုတ်ကုန်ပစ္စည်း အမျိးပေါင်း ၈၀၀ ကျော်အတွက် အခွန် ၂၅ % ကောက်ခံခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ အခုလို အခွန်ကောက်ခံမှု အသစ်ကို လုပ်ဆောင်ဖို့ စီစဉ်နေတာပါ။ တရုတ်ကလည်း အမေရိကန် ကုန်ပစ္စည်းတွေ အပေါ် အလားတူ အခွန်ကောက်ခံ ပြီးတုန့်ပြန် ခဲ့တာပါ။
Your browser doesn’t support HTML5