ရခိုင်ကမ်းလွန်မှာ အာကာသယာဉ် အပိုင်းအစတချို့ ကျရောက်ခဲ့

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်အတွင်း ရေနံချက်စက်ရုံရှိရာ ဆိပ်ကမ်းတခုမြင်ကွင်း။ (အောက်တိုဘာ ၂၊ ၂၀၁၉ )

{{Zawgyi/Unicode}}

ရခိုင်ပြည်နယ်တောင်ပိုင်းကမ်းလွန် ဘင်္ဂလားပင်လယ်ပြင်ထဲကို အာကာသယာဉ်ကလို့ ယူဆရတဲ့ အပိုင်းအစတချို့ ဒီကနေ့မနက်ပိုင်းက ကျရောက်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ Spaceflight လှုပ်ရှားမှုကနေ အပိုင်းအစတစ်ချို့ ရခိုင်ပြည်နယ် အတွင်းက ပင်လယ်ပြင်ကို ကျရောက်နိုင်တယ်လို့ သက်ဆိုင်ရာက သတိပေးချက်ထုတ်ပြန်ထားချိန်မှာပဲ ခုလိုကျရောက်ခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းအပြည့်အစုံ သတင်းပေးပို့ထားချက်ကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

တရုတ်နိုင်ငံပိုင် အာကာသယာဉ်က အစိတ်အပိုင်းတွေ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းဘက်ကို ကျလာနိုင်တယ်လို့ မြန်မာအာဏာပိုင်တွေ သတိပေးထားပြီး ရက်ပိုင် အတွင်းမှာပဲ သံတွဲနဲ့ မာန်အောင်မြို့နယ်တွေအနီး ဘင်္ဂလားပင်လယ်ပြင်ထဲ ကျရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်း ၆ နာရီကျော်လောက်မှာ ထူးဆန်းတဲ့ မီးခိုးတန်းတခု ထိုးဆင်းသွားတာကို တွေ့လိုက်တယ်လို့ မာန်အောင်ဒေသခံ အမျိုးသမီးတဦးက ခုလိုပြောပြပါတယ်။

“ကျမမနက်စောစော လမ်းလျောက်ထွက်တယ်။ ၆နာရီလောက်မှာ ပြန်လာတော့ အိမ်ရှေ့နားရောက်တော့ ကောင်းကင်ကို မော့ကြည့်လိုက်တာနဲ့ မိုးခိုးတန်းကြီးက အောက်ကို ဆင်းလာသလိုပဲ ကျမမြင်လိုက်တယ်။ ဘာမှန်းလည်းမသိဘူး။”

အဲဒီလို မီးခိုးတန်းကြီး ပင်လယ်ပြင်ဘက်ကျသွားတာကို ရခိုင်ပြည်နယ် နေရာတော်တော်များများက လူတွေ မြင်လိုက်ကြရပါတယ်။ တရုတ်အာကာသယာဉ် အပိုင်းအစတွေဟာ သံတွဲလေဆိပ်ရဲ့ အနောက်တောင်ဘက် ရေမိုင် ၃၄ မိုင်ခန့်၊ မာန်အောင်လေဆိပ်ရဲ့ တောင်ဘက်ရေမိုင် ၃၄ မိုင်ခန့်နဲ့ ပုသိမ်လေဆိပ်ရဲ့ အနောက်မြောက်ဘက် ရေမိုင် ၆၅ ခန့်အကွာမှာ ကျရောက်နိုင်ကြောင်း မြန်မာနိုင်ငံ စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနကလည်း သက်ဆိုင်ရာ နေရာတွေမှာ သတိပေးထားပါတယ်။ ငါးလုပ်ငန်းဦးစီးဌာနကိုလည်း ရုံးချုပ်က အသိပေးတာတာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ညွန်ကြားရေးမှူး ဦးသက်ဦးက ပြောပြပါတယ်။

“ကျနော်တို့ဆီကိုတော့ ရုံးချုပ်ကနေပြီးတော့ပေါ့နော်။ မနေ့ကရက်စွဲနဲ့ တရုတ် ပြည်သူ့သမ္မတနိုင်ငံက Spaceflight လှုပ်ရှားမှုနဲ့ ပတ်သတ်လို့ သတိပေးချက် ထုတ်ပြန်ထားခြင်း ဆိုပြီးတော့ စာတစောင် အကြောင်းကြားစာဝင်လာတယ်။ လေကြောင်း အန္တရာယ်ကင်းရှင်းရေးစာ ၂၃ ရက်၊ ၁၁ လ၊ ၂၀၂၁ မနက် ၆နာရီ ၁၈ မိနစ်ကလေ။ ၆ နာရီ (မိနစ်) လေးဆယ်အတွင်းမှာ ဖြစ်နိုင်ခြေရှိကြောင်းဆိုပြီး ကျနော်တို့ဆီကို သတိပေးထားပါတယ်။ အဲဒီစာမှာတော့ သံတွဲလေဆိပ်ရဲ့ ရေမိုင် ၃၄ မိုင်ခန့်၊ မာန်အောင်လေဆိပ်ရဲ့ ရေမိုင် ၃၄ မိုင်ခန့်နဲ့ ပုသိမ်လေဆိပ်ရဲ့ အနာက်ဘက် ရေမိုင် ၆၅ မိုင်ခန့်အကွာ ဘင်္ဂလားပင်လယ်အော်အတွင်း ကျရောက်နိုင်တယ်လို့ အဲလို သတိပေးထားပါတယ်ဗျာ။ အဲဒီစာကို ကျနော်တို့ သံတွဲ ကျောက်ဖြူ ခရိုင်ရုံးတွေကနေတဆင့် Email နဲ့ အကြောင်းကြားထားပါတယ်ခင်မျာ။ ဒီနေ့မနက်ကတော့ စစ်တွေကမ်းခြေမှာ လမ်းလျောက်တဲ့လူတွေ မီးခိုးတန်းတခုကျသွားတာကို မြင်လိုက်ရတယ်လို့ ကြားပါတယ်။”

တရုတ်နိုင်ငံက Gaofen 3 လို့နာမည်ပေးထားတဲ့ C-band အမျိုးအစား ဂြိုဟ်တုတခု မွန်ဂိုးလီးယားမှာရှိတဲ့ တရုတ်ရဲ့ Jiuquan ဂြိုဟ်တု လွှတ်တင်ရေးစင်တာကနေ လွှတ်တင်ခဲ့တယ်လို့ NASASpaceflight.com မှာသတင်းထုတ်ပြန်ထားပါတယ်။ တရုတ်အာကာသယာဉ်အပိုင်းအစတွေ ဘယ်နေရာ အတိအကျကို ကျခဲ့သလဲ၊ ကျရောက်တဲ့အနေရာမှာ ငါးဖမ်းလှေတွေ ရှိနေသလား၊ ထိခိုက်ပျက်စီးမှု ရှိခဲ့သလားဆိုတာကိုတော့ အတိအကျ မသိရသေးသလို သက်ဆိုင်ရာအာဏာပိုင်တွေ ဖက်ကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလအကုန်ပိုင်းလောက်ကလည်း ရခိုင်တောင်ပိုင်း သံတွဲမြို့အနီး က ပင်လယ်ပြင်ထဲကို တရုတ်နိုင်ငံက အာသယာဉ်အပိုင်းအစတစ်ချို့ ကျရောက်ခဲ့ဖူးပါတယ်။ ၂၀၁၆ ခုနှစ်တုန်းကလည်း ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်ဟောင်းတခုအပေါ် အာကာသယာဉ်ကလို့ ယူဆရတဲ့ သတ္တုကိုယ်ထည် အပိုင်းတခု ကျလာခဲ့ဖူးပါတယ်။

Your browser doesn’t support HTML5

ရခိုင်ကမ်းလွန်မှာ အာကာသယာဉ် အပိုင်းအစတချို့ ကျရောက်ခဲ့


===========

{{Unicode}}









#RakhineCoastalRegion #MyanmarSpaceDebris #VOABurmese


===========