နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် ယုံကြည်မှုတည်ဆောက်ဖို့ တရုတ်နိုင်ငံဘက်က အဆင်သင့်ရှိနေကြောင်းနဲ့ ကဏ္ဍပေါင်းစုံမှာ လက်တွေ့ကျကျပူးပေါင်း ဆောင်ရွက်ဖို့နဲ့ မြန်မာစစ်ဖက်နဲ့ အဆင့်မြင့်ဆက်ဆံရေးကိုလည်း ဆက်ထိန်းသိမ်းသွားမယ်လို့ တရုတ်ဗဟိုစစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ Zhang Youxia (ကျန်းယူရှား) က ဒီကနေ့ (အောက်တိုဘာ ၃၀) ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံမြို့တော် ဘေဂျင်းမှာ ကျင်းပနေတဲ့ ၁၀ ကြိမ်မြောက် ရှန်စန်း ဖိုရမ်လို့ခေါ်တဲ့ နိုင်ငံတကာကာကွယ်ရေးညီလာခံကို တက်ရောက်လာတဲ့ စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးတင်အောင်စန်းနဲ့ တွေ့ဆုံချိန်မှာ တရုတ်ဗဟိုစစ်ကော်မရှင်ဒုဥက္ကဋ္ဌက ပြောဆိုလိုက်တာပါ။
တွေ့ဆုံစဥ်အတွင်း တရုတ် မြန်မာ ဆွေမျိုးပေါက်ဖေါ် ဆက်ဆံရေးဟာ ဘယ်တုန်းကနဲ့မှ မတူ ခိုင်မာအားကောင်းလာကြောင်းလည်း ဒုဥက္ကဋ္ဌကျန်းက ပြောကြားခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တရုတ်က ထောက်ခံကြောင်းနဲ့ နယ်စပ်လုံခြုံရေးအတွက် မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံနဲ့အတူ လက်တွဲဆောင်ရွက်ဖို့ မျှော်လင့်ကြောင်းလည်း ကျန်းယူရှားက ပြောပါတယ်။
မြန်မာနိုင်ငံဘက်ကလည်း တရုတ်နိုင်ငံနဲ့ စစ်ဖက် ပူးပေါင်းဆောင်ရွက်ဖို့၊ နယ်စပ်တည်ငြိမ်ဖို့နဲ့ ဘက်ပေါင်းစုံကနေ ပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်း ဗိုလ်ချုပ်ကြီးတင်အောင်ဆန်းက ပြောတယ်လို့ တရုတ်နိုင်ငံပိုင် CCTV သတင်းမှာဖေါ်ပြပါတယ်။ တရုတ်ဗဟိုစစ်ကော်မရှင် ဒုဥက္ကဋ္ဌ Zhang Youxia (ကျန်းယူရှား) ဟာ မြန်မာအပြင် တီမောလက်စ်တေနဲ့ ဘယ်လာရုစ်နိုင်ငံက ကာကွယ်ရေးဝန်ကြီးတွေနဲ့ တနင်္ဂနွေနေ့က သီးခြားတွေ့ဆုံခဲ့ပါတယ်။
မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ ကိုးကန့် (MNDAA) ၊ တအာင်း(TNLA) နဲ့ ရက္ခိုင် (AA ) တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒီလ ၂၇ရက်နေ့က စတင်ခဲ့ပြီးနောက် တရုတ်နယ်စပ်နဲ့ကပ်လျက် ဒေသတွေမှာပါ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေချိန်မှာပဲ ရှန်စန်း ဖိုရမ်တက်ရောက်ဖို့ မြန်မာကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တရုတ်နိုင်ငံကို ရောက်နေတာဖြစ်ပါတယ်။
Your browser doesn’t support HTML5