နယ်စပ်ပြဿနာ ပြေလည်အောင် ဆောင်ရွက်ဖို့ တရုတ်နဲ့ အိန္ဒိယ သဘောတူ

အိန္ဒိယ ကာကွယ်ရေးဝန်ကြီး Rajnath Singh (ဝဲ) နဲ့ တရုတ်ဗိုလ်ချုပ်ကြီး Wei Fenghe.

(Zawgyi / Unicode)

အာရှဒေသက နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ အိန္ဒိယနဲ့ တရုတ် ၂ နိုင်ငံ ကာကွယ်ရေးဝန်ကြီးတွေရဲ့ တွေ့ဆုံမှု အပြီးမှာတော့ ၂ နိုင်ငံကြား အငြင်းပွားနေတဲ့ နယ်စပ်ပြဿနာ တင်းမာမှုတွေ လျော့ပါးအောင် ဦးတည်ဆောင်ရွက်ကြဖို့ သဘောတူညီခဲ့ကြတယ်လို့ အိန္ဒိယနဲ့ တရုတ်အစိုးရတွေက စနေနေ့မှာ ပြောပါတယ်။

နယ်စပ်မှာ ဇွန်လတုန်းက ဖြစ်ပွားတဲ့ ပဋိပက္ခအတွင်း အိန္ဒိယစစ်သား ၂၀ သေဆုံးခဲ့တဲ့နောက် နယ်စပ်မှာ ၂ ဖက်စလုံးက တပ်တွေ တိုးချထားခဲ့တာ ဖြစ်ပါတယ်။ တရုတ်အစိုးရကတော့ ဒီပဋိပက္ခအတွင်း ထိခိုက်သေဆုံးမှု ရှိမရှိ သတင်းမထုတ်ပြန်ခဲ့ပါဘူး။

SEE ALSO: တရုတ်-အိန္ဒိယနယ်စပ်မှာ နှစ်ဘက်တပ်တွေ ခိုက်ရန်ဖြစ်ရာက အိန္ဒိယတပ်သား ၂၀ သေဆုံး

အိန္ဒိယ ကာကွယ်ရေးဝန်ကြီး Rajnath Singh နဲ့ တရုတ်ဗိုလ်ချုပ်ကြီး Wei Fenghe တို့ဟာ ရုရှားနိုင်ငံ မော်စကိုမြို့က ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အစည်းအဝေးမှာ ဘေးထွက်အစည်းအဝေးအဖြစ် သောကြာနေ့ ညနေပိုင်းက တွေ့ဆုံခဲ့ကြတာပါ။ မေလကစပြီး တင်းမာခဲ့တဲ့ နယ်စပ်ပြဿနာအတွက် အဆင့်အမြင့်ဆုံး တာဝန်ရှိသူတွေ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးတာ ဒါ ပထမဆုံး ဖြစ်ပါတယ်။

နယ်စပ်ဒေသမှာ အခြေအနေ ပိုဆိုးအောင်ဖြစ်စေ ပိုရှုပ်ထွေးအောင်ဖြစ်စေ ၂ ဖက်စလုံးက မလုပ်ဖို့ သဘောတူခဲ့ကြတယ်လို့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ၂ ဖက်စလုံးက လုပ်သင့်ကြောင်းနဲ့ လက်ရှိတင်းမာမှုတွေ ပြေလျော့အောင် လုပ်ဆောင်ကြဖို့ ဗိုလ်ချုပ်ကြီး Wei က ပြောကြားခဲ့တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာ အခုဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

နယ်စပ်ပြဿနာ ပြေလည်အောင် ဆောင်ရွက်ဖို့ တရုတ်နဲ့ အိန္ဒိယ သဘောတူ

--------------------------

(Unicode)





SEE ALSO: နယ်စပ်တင်းမာမှု လျှော့ချရေး တရုတ်-အိန္ဒိယ သဘောတူ

