တရုတ်ကုန်ထုတ်လုပ်မှု ၄ နှစ်မှာ အနိမ့်ဆုံးဖြစ်

တရုတ်နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍဟာ လေးနှစ်အတွင်း အနိမ့်ဆုံးအဆင့်ကို ကျဆင်းသွားတဲ့အကြောင်း ဒီကနေ့ ထုတ်ပြန်တဲ့ ကိန်းဂဏန်းသစ်တွေမှာ ဖော်ပြနေပါတယ်။ ဒါဟာ ကမ္ဘာ့ ဒုတိယ စီးပွားရေး အင်အားအကြီးဆုံး တရုတ်နိုင်ငံရဲ့ စီးပွားရေး အားနည်းလာတဲ့ အခြေအနေကို နောက်ဆုံး ဖော်ပြလိုက်တဲ့ လက္ခဏာပဲဖြစ်ပါတယ်။

ထုတ်ကုန်လုပ်ငန်းတွေနဲ့ပတ်သက်လို့ လေလာ့ စောင့်ကြည်ပြီး ထုတ်ပြန်တဲ့ PMI အညွန်းကိန်းဟာ ဖေဖော်ဝါရီလတွင်း ၄၉.၀ အထိ ကျဆင်းသွားပြီး ဒါဟာ ဒီ့မတိုင်ခင်လက ရှိခဲ့တဲ့ ၄၉.၄ အဆင့်ကနေ ထပ်မံ ကျဆင်းသွားတာပါ။ PMI အညွန်းကိန်း ၅၀ အထက်ရှိရင် ကုန်ထုတ်လုပ်မှု အားကောင်းတယ်လို့ သတ်မှတ်ပြီး အညွန်းကိန်း ၅၀ အောက် ရောက်သွားရင်တော့ ကျဆင်းမှုလို့ သတ်မှတ်တာဖြစ်ပါတယ်။ အခုနောက်ဆုံး တရားဝင် PMI အညွန်းကိန်းအရ ကုန်ထုတ်လုပ်မှု ၇ လ ဆက်တိုက် ကျဆင်းတာကို ဖော်ပြနေပြီး ဒါဟာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ကစလို့ အနိမ့်ဆုံးအဆင့်ကို ရောက်သွားတာဖြစ်ပါတယ်။

ငွေကြေးနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဖော်ပြတဲ့ ပုဂ္ဂလိက မီဒီယာကုမ္ပဏီ Caixin က သီးခြား စုဆောင်း ကောက်ယူထားတဲ့ စာရင်းမှာတော့ PMI အညွန်းကိန်း ၁၂ လဆက်တိုက် ကျဆင်းသွားတာကို ဖော်ပြနေပါတယ်။ ဒီကုမ္ပဏီကတော့ အသေးစား စီးပွားရေးလုပ်ငန်းတွေကို အဓိကထားပြီး လေ့လာ သုံးသပ်ထားတာဖြစ်ပါတယ်။ လေ့လာစောင့်ကြည့်သူတွေကတော့ ပြီးခဲ့တဲ့လတွင်း ကုန်ထုတ်လုပ်မှုတွေ ကျဆင်းရတာဟာ တရုတ် နှစ်သစ်ကူး အားလပ်ရက်တွင်း စက်ရုံတွေပိတ်ပြီး အလုပ်သမားတွေ အိမ်ပြန် ကြတာကြောင့် ဖြစ်နိုင် တယ်လို့ ပြောဆိုနေကြပါတယ်။