တရုတ်ငှက်တုတ်ကွေး အိမ်နီးချင်းနိုင်ငံတွေ ပျံ့ နှံ့မည့် အရေး ကုလစိုးရိမ်

တရုတ်နိုင်ငံတွင်း ကြက်ဌက်တုတ်ကွေး ရောဂါပိုး စစ်ဆေးနေစဉ်။

တရုတ်နိုင်ငံမှာ ငှက်တုပ်ကွေး ရောဂါကြောင့် နောက်ထပ် လူတဦး သေဆုံး သွားခဲ့ပြီးနောက် မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်း တိုင်းပြည်တွေကို ပျံ့နှံ့မှာစိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) ကပြောလိုက်ပါတယ်။ H7N9 ဗိုင်းရပ်ကြောင့် ရှန်ဟိုင်းမြို့မှာ နောက်ထပ် လူတဦး သေဆုံးသွားခဲ့တဲ့အတွက် စုစုပေါင်း ငှက်တုပ်ကွေးကြောင့် သေဆုံးသူ စုစုပေါင်းဟာ အခုအခါ ၁၀ ယောက်အထိ ရှိနေပြီဖြစ် သလို၊ နောက်ထပ် ရောဂါ ကူးစက်မှု တွေ့ရှိထားသူ ၃၈ ယောက်အထိ ရှိနေတာပါ။

လတ်တလော ရောဂါ ကူးစက်မှုတွေဟာ တရုတ်နိုင်ငံ အရှေ့ပိုင်းမှာသာ ဖြစ်ပွားနေပေမဲ့လည်း နယ်စပ်ချင်း ထိစပ်နေတဲ့ မြန်မာ၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေကို ပျံ့နှံ့မှု မရှိအောင် အနီးကပ် စောင့်ကြည့်နေ တယ်လို့ FAO တာဝန်ရှိသူတွေက ပြောဆို လိုက်တာ ဖြစ်ပါတယ်။ တရုတ်အစိုးရ အာဏာပိုင်တွေကတော့ ငှက်တုပ်ကွေးရောဂါ ပျံ့နှံ့နေပြီ လို့ ကောလဟလတွေ ဖြန့်ချီတယ် ဆိုတဲ့ စွပ်စွဲချက် နဲ့ လူအတော်များများ ကိုလည်း ဖမ်းဆီးထားတာပါ။ ကျန်းမာရေး အရာရှိတွေကတော့ ငှက်တုပ်ကွေးရောဂါ ကူးစက်မှုတွေ တွေ့ရှိရတဲ့ ရှန်ဟိုင်းမြို့ရဲ့ မြစ်တွေထဲမှာ မကြာသေးခင်တုန်းက ဝက်အသေကောင် ထောင်ပေါင်းများစွာ မျောပါနေခဲ့တဲ့ ကိစ္စတွေဟာ ဆက်နွယ်မှု မရှိဘူးလို့ ပြောပါတယ်။

H7N9 ဗိုင်းရပ်ပိုးဟာ လူလူချင်း ကူးစက်နိုင်တဲ့ အန္တာရာယ် မရှိပေမဲ့လည်း တိရစ္ဆာန်ကတဆင့် ကူးစက်ခံရတဲ့ လူတွေမှာတော့ ရောဂါပြင်းထန်လေ့ ရှိတတ်ပါတယ်။