တရုတ်နဲ့ အာဆီယံ ပင်လယ်ရေပြင် ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

ထိုင်းရေတပ်သင်္ဘော တရုတ်နိုင်ငံသို့ရောက်ရှိလာစဉ်

တောင်တရုတ်ပင်လယ်ပြင်အတွင်း အပြိုင်အဆိုင် ပိုင်ဆိုင်မှု အငြင်းပွားနေတာတွေကို လျော့ချနိုင်ရေးအတွက် ရည်ရွယ်ပြီး တရုတ်နဲ့ အာဆီယံနိုင်ငံတွေအကြား ရေတပ် စစ်ရေးလေ့ကျင့်မှုကို တနင်္လာနေ့မှာ စတင်လိုက်ပါတယ်။

တရုတ်နိုင်ငံတောင်ပိုင်း Guangdong ပြည်နယ်၊ Zhanjiang ဆိပ်ကမ်းကနေ စစ်သင်္ဘော ၈ စင်း စတင် ထွက်ခွာတာမှာ တပ်ဖွဲ့ဝင် ၁,၂၀၀ လိုက်ပါသွားကြောင်း တရုတ်အစိုးရပိုင် CCTV သတင်းမှာ ဖော်ပြထားပါတယ်။

တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်တို့က နယ်မြေချဲ့ထွင်နေတဲ့ကိစ္စဟာ ဒီဒေသကို ပိုင်ဆိုင်ကြောင်း ပြောဆိုနေကြတဲ့ အရှေ့တောင် အာရှနိုင်ငံတွေနဲ့ ကာလရှည်ကြာ အငြင်းပွားစရာ ကိစ္စရပ်နေသလို အစဉ်အလာအားဖြင့် အဲဒီ ဒေသမှာ ရေကြောင်းအရ အင်အားကြီး နိုင်ငံအဖြစ် ရပ်တည်လာခဲ့တဲ့ အမေရိကန်ပြည်ထောင်စုနဲ့လည်း သဘောထား ကွဲပြားစရာ ကိစ္စရပ် ဖြစ်နေတာပါ။

အငြင်းပွားနေတဲ့ ရေပိုင်နက်အတွင်း တင်းမာမှုတွေ လျော့ချနိုင်ရေးနဲ့ တည်ငြိမ်မှု ရှိစေရေးတို့အတွက် သီတင်း တပတ်ကြာ ရေကြောင်း စစ်ရေးလေ့ကျင့်မှု ပြုလုပ်ကြဖို့ တရုတ်နဲ့ အာဆီယံအဖွဲ့ ၁၀ နိုင်ငံတို့လည်း သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

ဒီ စစ်ရေးလေ့ကျင့်မှုကို ပူးတွဲ ဦးဆောင်ကျင်းပတဲ့ စင်္ကာပူနိုင်ငံအပြင် ဘရူနိုင်း၊ ထိုင်း၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့က ရေတပ်သင်္ဘောတွေ ပါဝင်ကြောင်း တရုတ်ကာကွယ်ရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့ကတော့ လေ့လာသူတွေအဖြစ် ပါဝင်ကြောင်းလည်း CCTV သတင်းမှာ ဖော်ပြထားပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုမှာ လာအိုနိုင်ငံတော့ မပါဝင်ပါဘူး။

တရုတ်နဲ့ အာဆီယံနိုင်ငံတွေအကြား အခုလို ရေကြောင်း စစ်ရေးလေ့ကျင့်မှု ပြုလုပ်မယ့်အကြောင်း သောကြာနေ့က ကြေညာတဲ့ အာဆီယံ ဝန်ကြီးများအဆင့် စည်းဝေးပွဲကို တက်ရောက်လာတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Jim Mattis ကတော့ ဒီ စစ်ရေးလေ့ကျင့်မှုဟာ အမေရိကန်ရဲ့ အကျိုးစီးပွားကို မထိခိုက်စေဘူးလို့ ပြောကြားခဲ့ပါတယ်

Your browser doesn’t support HTML5

တရုတ်နဲ့ အာဆီယံ ပင်လယ်ရေပြင် ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်