တရုတ်အစိုးရဟာ Tianjinမြို့ ဂိုဒေါင်ပေါက်ကွဲမှု နဲ့ ပတ်သက်လို့ သံသယရှိသူ ၁၂ယောက်ကို ဒီနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ အခုလို ဖမ်းဆီးခံရသူတွေ မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ဒီဂိုဒေါင်ကို လက်ရှိပိုင်ဆိုင်တဲ့ Ruihai နိုင်ငံတကာ ကုန်ပစ္စည်းထောက်ပို့ ဝန်ဆောင်မှုလုပ်ငန်းရဲ့ ထိပ်သီး အစုရှယ်ရာပါဝင်ထားသူ Yu Xueweiနဲ့ Dong Shexuanတို့ နှစ်ယောက်လည်း ပါဝင်ပါတယ်လို့ ဆင်ဟွာ သတင်းဌာနက ဒီကနေ့ ကြာသပတေးနေ့မှာ ပေးပို့ခဲ့ပါတယ်။
တရုတ်အစိုးရပိုင် မီဒီယာတွေကတော့ ဒီအချိတ်အဆက်ရှိသူ စီးပွားရေး လုပ်ငန်းရှင်နှစ်ဦး ရဲ့ ခံဝန်ချက်တွေကို မကြာသေးခင်က ဖော်ပြခဲ့ပါတယ်။ သူတို့ဟာ ဒေသခံ အရာရှိတွေနဲ့ ရင်နှီးမှုကို အသုံးချပြီး ဘေးအန္တရာယ် ကင်းရှင်းကြောင်း လုပ်ငန်းလိုင်စင်အတုကို ရယူခဲ့တာလို့ ဆိုပါတယ်။
သူတို့အပြင် Ruihai ကုမ္ပဏီရဲ့ တခြား လက်ထောက် မန်နေဂျာ သုံးဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနက ဆိုပါတယ်။ တခြားထိန်းသိမ်းခံ ထားရသူတွေရဲ့ နာမည်ကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။
ဒီကုမ္ပဏီနဲ့ ထိန်းသိမ်းခံထားရသူတွေကို အန္တရာယ်ဖြစ်စေတဲ့ ဓါတုဗေဒပစ္စည်းတွေ တရားမဝင် သိုလှောင်ထားမှုနဲ့ သံသယရှိတယ်လို့ ရဲက ပြောခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနက ဆိုပါတယ်။ ဒါ့အပြင် Tianjin Zhongbin Haishengလို့ခေါ် တဲ့ ကုမ္ပဏီတစ်ခုကိုလည်း Ruihaiကုမ္ပဏီ ကို ဘေးအန္တရာယ် ကင်းရှင်းကြောင်း စာရွက်စာတမ်းတွေ တရားမဝင် အကူအညီပေးခဲ့မှု နဲ့ ရဲက သံသယရှိနေပါတယ်။
Tianjinဆိပ်ကမ်းက အရာရှိတွေနဲ့ အလုပ်အမှုဆောင်အဖွဲ့ စုစုပေါင်း ၁၁ယောက်ကိုလည်း တာဝန်လစ်ဟင်းမှု၊ အာဏာအလွဲသုံးစားပြုမှုတွေနဲ့ စုံစမ်းစစ်ဆေးနေသေးကြောင်း ဆင်ဟွာသတင်းဌာနက ဒီကနေ့ကြာသပတေးနေ့ မှာ ရေးသားထားပါတယ်။
စွပ်စွဲခံထားရသူတွေထဲမှာ Tianjin ပို့ဆောင်ရေး မြူနီစပယ် ကော်မရှင် ခေါင်းဆောင် Wu Dai နဲ့ Tianjin ဆိပ်ကမ်း ဦးပိုင်ရဲ့ ဥက္ကဋ္ဌ Zhen Qingyueတို့ ပါဝင်ကြောင်းပြောပါတယ်။
အစိုးရ တာဝန်ရှိသူတွေကတော့ သြဂုတ်လအစောပိုင်းက ဒီပေါက်ကွဲမှု မှာ သေဆုံးသူ အရေအတွက်ကို ၁၃၉ယောက်ကနေ ၁၄၅ယောက်အထိ ဒီကနေ့မှာ တိုးမြှင့်လိုက်ကြောင်းနဲ့ အခုအချိန်အထိ ပျောက်ဆုံးနေသူပေါင်း ၂၈ယောက်ဖြစ် သွားပြီလို့ အစိုးရကို ကိုးကားပြီး ဆင်ဟွာသတင်းဌာနက ပြောပါတယ်။