ချင်းပြည်နယ် တီးတိန်မြို့က စစ်ကောင်စီတပ်စွဲထားတဲ့ တောင်ကုန်းတချို့ကို ချင်းညီနောင်အဖွဲ့ကသိမ်းပိုက်နိုင်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့တွေက ဗွီအိုအေကိုပြောပါတယ်။ စစ်ကောင်စီကလည်း လေကြောင်းကနေ ပြန်ပြီးတိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ဆိုပါတယ်။ မကွေးတိုင်း ပခုက္ကူဘက်မှာလည်း စစ်တပ်ရဲ့နယ်မြေရှင်းလင်းရေးအတွင်း လူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေက ဆိုပါတယ်။ ချင်းပြည်နယ်နဲ့ မကွေးတိုင်းထဲက စစ်ရေးအခြေအနေ ရန်ကုန်ကပေးပို့လာတဲ့သတင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ချင်းပြည်နယ် တီးတိန်မြို့ပေါ်က စစ်ကောင်စီ တပ်စွဲထားတဲ့နေရာ ၃ ခုကို ချင်းညီနောင်တပ်ဖွဲ့တွေက မေ ၂၇ ရက် မနက်ပိုင်းကစလို့ ဝင်ရောက်တိုက်ခိုက်နေတာလို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။
စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာတွေကြောင့်မြို့တွင်းကနေအိမ်တွေ ပျက်စီးခဲ့ပြီး စစ်တပ် တပ်စွဲထားတဲ့နှစ်နေရာကို တိုက်ခိုက်သိမ်းပိုက်ထားပြီလို့ ဇိုလန် PDF တာဝန်ရှိသူတဦးက ပြောပါတယ်။
"မနက်ပိုင်း ၄ နာရီလောက်ကစတာ။ သူတို့စခန်း တီးတိန်မြို့ပေါ်မှာတော့ သူတို့ ၅ နေရာရှိတယ်။ ၅ နေရာမှာ ၃ နေရာကို တပြိုင်တည်း တိုက်လိုက်တာပေါ့။ အဓိက,က ရဲစခန်းရယ်၊ နတလ (နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန) ရယ်၊ ဆက်သွယ်ရေးကုန်းရယ်။ တိုက်ပွဲကတော်တော်လေး ပြင်းထန်တယ်။ ကုန်း ၂ ခုတော့ ရလိုက်တယ်။ (လေယာဉ်) က မြို့ပေါ်မှာ ဒီတိုင်းကြဲချတယ်ဆိုတော့ လူနေအိမ် ထိခိုက်တာတော့ အများကြီးရှိတယ်။ ပြည်သူထိခိုက်မှုကတော့ ကျနော်တို့လည်း စုံစမ်းဆဲဖြစ်တယ်။ ပြောလို့ရတာက လူနေအိမ်ထိခိုက်တာတော့ အများကြီးပေါ့နော်။ ဗုံးကြဲတာက ပြည်သူအိမ်လည်း ထိခိုက်တယ်။ ရဲစခန်းဆိုလည်း သူ့ဗုံးနဲ့သူမိတာပေါ့နော်။ (စစ်တပ်ဘက်က) ထိခိုက်ကျဆုံးမှုရှိပါတယ်။ ကျနော်တို့ သုံ့ပန်းလည်း ရထားတယ်။"
ကာကွယ်ရေး တပ်ဖွဲ့တွေ ၃ နေရာ ဝင်ရောက်တိုက်ခိုက်ခဲ့ပေမဲ့ တီးတိန် ရဲစခန်းနဲ့ တီးတိန်မြို့အခြေစိုက် ခလရ ၂၆၉ တပ်ရင်းထဲမှာတော့ စစ်ကောင်စီတပ်က တပ်စွဲနေရာယူနေတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။ လက်ရှိမှာတော့ မြို့တွင်းမှာ စစ်တပ်နဲ့ကာကွယ်ရေး တပ်ဖွဲ့တွေ စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေကြောင့် မြို့ခံတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။
မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေမြို့နယ်ထဲမှာလည်း မေ ၂၅ ရက်က ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေပြောပါတယ်။ မြစ်ခြေမြို့နယ် ချမ်းသာကြီးကျေးရွာဘက်ကို စစ်တပ်က စစ်ကြောင်းထိုးချိန် သတ်ဖြတ်ခံရတာဖြစ်တယ်လို့ ဒေသခံတွေကေပြောပါတယ်။
"စစ်ကြောင်းက ပုဂံကို မင်းအောင်လှိုင်လာမယ်ဆိုလို့ အကာလာတာ။ အင်အား ၄၀ လောက်နဲ့ စစ်ကြောင်းက ၂၄ ရက်နေ့ စက်လှေတွေ အရှေ့ဘက်ကနေ ချောဆွဲပြီး လုံးပို လှေဆိပ်ကနေလာတာ။ အကာလာတာ။ အဲ့ရွာကို သတင်းပေးရှိလို့လားမသိဘူး။ အဲ့ကျောင်းထဲမှာ အဲ့ကလေးတွေ အိပ်နေတယ်ဆိုတာသိလို့လားမသိဘူး။ မနက် ၃ နာရီခွဲလောက်မှာ ကလေးတွေကိုဖမ်းပြီး ညနေ ၆ နာရီထိုးလောက်ကြတော့ ပစ်သတ်သွားတာ။ ခေါင်းတွေချိန်ပြီး ပစ်သတ်သွားတာ။"
ချမ်းသာကြီးကျေးရွာဟာ ဧရာဝတီမြစ်အနောက်ဘက်ကမ်းမှာတည်ရှိပြီး ဧရာဝတီမြစ်အရှေ့ဘက်မှာတော့ ပုဂံမြို့ဟောင်းရှိပါတယ်။ ကျေးရွာသားတွေ အသတ်ခံတယ်ဆိုတာနဲ့ပတ်သက်လို့ သီးခြားအတည်ပြုလို့တော့မရသေးပါဘူး။ စစ်ကောင်စီဘက်ကလည်း ဒီတိုက်ပွဲတွေနဲ့ပတ်သက်လို့ တစုံတရာထုတ်ပြန်ပြောဆိုတာ မတွေ့ရသေးပါဘူး။
Your browser doesn’t support HTML5