စစ်ရှောင်သက်ကြီးရွယ်အိုတွေနဲ့စိတ်ကျန်းမာရေး

ချင်းပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် တောတောင်တွေထဲ ပုန်းအောင်းနေရတဲ့ ဒေသခံအချို့။ (မေ ၂၀၊ ၂၀၂၁) (ယခင်မှတ်တမ်းဓါတ်ပုံ)

ချင်းပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် အိန္ဒိယဘက်ကို ထွက်ပြေး တိမ်းရှောင်ခဲ့သူတွေထဲက သက်ကြီးရွယ်အိုပိုင်း သေဆုံးသူတွေ များလာတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို ကိုခင်မောင်စိုးမင်း က ပြောပြပါမယ်။

စစ်ရှောင်သက်ကြီးရွယ်အိုတွေနဲ့စိတ်ကျန်းမာရေး

{{Zawgyi/Unicode}}

ချင်းပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် အိန္ဒိယဘက်ကို ထွက်ပြေး တိမ်းရှောင်ခဲ့သူတွေထဲက သက်ကြီးရွယ်အိုပိုင်း သေဆုံးသူတွေ များလာတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု မရတာအပြင် စိတ်ပိုင်း ထိခိုက်မှုတွေကြောင့် သေဆုံးနေကြတာဖြစ်ပါတယ်။ နေရပ်ဒေသမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကြောင့် စစ်ပြေးဒုက္ခသည်တွေ ရုပ်ပိုင်း၊ စိတ်ပိုင်း ထိခိုက်နေတဲ့ အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုခင်မောင်စိုးမင်း က ပြောပြပါမယ်။

ချင်းပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံဘက် ထွက်ပြေးခိုလှုံနေကြတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ စစ်ဘေးကနေ လွတ်ခဲ့ကြပေမဲ့ ခိုလှုံနေရတဲ့နေရာမှာ ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက်မရှိတာ၊ စိတ်ပိုင်းထိခိုက်ခံစားနေရတာတွေ ကြုံနေကြပါတယ်။ ရုပ်ပိုင်း စိတ်ပိုင်း ထိခိုက်မှုတွေကြောင့် သက်ကြီးပိုင်းထဲက သေဆုံးသူ ပိုပိုများလာတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ရဲ့ ဒုဥက္ကဋ္ဌ ဆလိုင်းဇာအုပ် ( Salai Za Uk) က ဗွီအိုအေကို ပြောပါတယ်။

“ အထူးသဖြင့် ထန်တလန်ကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့သူတွေဆိုရင် သူတို့က အသက်ကလည်းကြီးပြီ၊ သူတို့အိုးအိမ်တွေလည်း မရှိတော့ဘူး၊ ဘယ်မှာပြန်ရမှန်းတောင် မသိတော့တဲ့ အခြေအနေမျိုးမှာ စိတ်ထိခိုက်တာမျိုးလည်း အများကြီးရှိတယ်။ အရင်က အဲလောက်ကြီး ရောဂါတွေဘာတွေ မရှိခဲ့တဲ့သူတွေတောင်မှ ခိုလှုံတဲ့နေရာတွေမှာ ကိုယ်ခန္ဓာချို့တဲ့တာတွေ အများကြီးရှိတယ်။ ဆေးဝါးကုသမှုကလည်း ဆေးဝါးကအစပေါ့နော် တောထဲမှာ…။”
အသက် ၉၀ ဝန်းကျင် အဘွားအိုတဦးဆိုရင် ဆိုင်ကယ်သမားအကူအညီနဲ့ ချင်းပြည်နယ်၊ မတူပီကနေ အိန္ဒိယဘက်ကို ပြီးခဲ့တဲ့ တပါတ်မှာ ထွက်ပြေးလွတ်မြောက်ခဲ့ပေမဲ့ ခရီးဝေးလမ်းကြမ်းကို တောက်လျှောက်စီးခဲ့ရလို့ အိန္ဒိယနယ်စပ်ရောက်ပြီး မကြာခင်မှာပဲ သေဆုံးခဲ့တာပါ။ အလားတူ ဖြစ်ရပ်တွေက အခုနောက်ပိုင်းမှာ ပိုပြီးများလာပါတယ်။

“ သူက အဲဒီမတူပီက ဟိုတလောကဖြစ်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ တပ်ခွဲရှိတဲ့နေရာကနေ သူကဆိုင်ကယ်စီးလာပြီးတော့ မိုင် ၂၀၀ လောက် ဖြတ်သန်းပြီးတော့ တိမ်းရှောင်နေရင်းနဲ့ အဲလိုဖြစ်သွားတာ။ လမ်းခရီးကလည်း ကြမ်းတယ်ဆိုတော့ သက်ကြီးရွယ်အိုတွေ အတွက်တော့ အများကြီး အခက်အခဲဖြစ်တာပေါ့။”

အိန္ဒိယနယ်စပ်ကိုရောက်သွားတဲ့ သက်ကြီးရွယ်အိုတွေထဲက ဘယ်နှစ်ယောက် ဆုံးပါးသွားတယ်ဆိုတာကိုတော့ စာရင်းကောက်ယူနေကြတုံး ဖြစ်ပါတယ်။ လေးလအတွင်း အသက် ၆၅ နှစ်ကနေ ၉၀ ဝန်းကျင်ကြား သက်ကြီးရွယ်အို သေဆုံးသူပေါင်း ၄၀ ဝန်းကျင် ရှိမယ်လို့ ဆလိုင်းဇာအုပ်က ပြောပါတယ်။

စစ်ဘေးလွတ်အောင် ထွက်ပြေးခဲ့ကြရတဲ့ သက်ကြီးရွယ်အိုတွေဟာ နိုင်ငံရေးအရှုပ်အထွေးတွေထက် သူတို့လက်ငင်းကြုံတွေ့ရတဲ့ ဒုက္ခတွေကြောင့် စိုးရိမ်ပူပန်မှုဖြစ်တာ ပိုများနိုင်တယ်လို့ စိတ်ကျမ်းမာရေး ပညာရှင်တွေက ပြောကြပါတယ်။ ရန်ကုန်မြို့က စိတ်ကျန်းမာရေး အနုပညာကုထုံး ပညာရှင် ဒေါက်တာအောင်မင်းက ဗွီအိုအေကို အခုလိုပြောပြပါတယ်။

“ အဓိကတော့ displacement ( နေရပ်စွန့်ခွာရတာ) အတော်ဆိုးတာပဲ။ ကိုယ့်အိမ်၊ ကိုယ့်ယာကနေပြီးတော့ မောင်းထုတ်ခံရတဲ့ ခံစားမှု၊ အဲဒီခံစားမှု နောက်ကွယ်က နောက်ဆက်တွဲတွေ သူတို့ခံစားနေရတာ။ စစ်မဖြစ်ရင်တောင်မှလေ လူကြီးမိဘတယောက်ကို သူ့အိမ်၊ သူ့မွေးရာဇာတိကနေ ဖယ်ထုတ်ခံရင် စိတ်ကျသွားတယ်။ ဘယ်လိုမှအဲဒါကို management လုပ်လို့လည်းမလွယ်ဘူးပေါ့ ။အဲဒါက နံပတ် ( ၁) ပေါ့။ နံပတ်( ၂) ကတော့ ခန္ဓာကိုယ်ရဲ့ ဒုက္ခပေါ့၊ ပြေးနိုင်လွှားနိုင်တဲ့အရွယ် မဟုတ်တော့ သူတို့မှာပိုပြီး ဒုက္ခရောက်တယ်။ သူများတွေကဆွဲပြေးရတယ်၊ မိုးထဲလေထဲနေရတယ်၊ အချမ်းအစီးထဲနေရတယ်ဆိုတဲ့ဟာက ခန္ဓာကိုယ်ဒုက္ခပေါ့။ နံပတ်( ၃) က အနာဂတ်ပျောက်တာပေါ့။ သူ့ရဲ့မြေးတွေ၊ သားတွေ ဘယ်လိုနေကြမလဲဆိုတဲ့ဟာကို၊ လူတိုင်းလူတိုင်းက အသက်ကြီးပြီဆိုရင်လေ ကိုယ့်သားသမီးမြေးတွေကို ကောင်းကောင်းကြီး ထားခဲ့ချင်တယ်၊ အမွေတွေပေးခဲ့ချင်တယ်၊ အဲဒါမျိုးဟာတွေကို မရဘူးပေါ့။ အဲဒီသုံးခုက အဓိက သူတို့ခံစားရတဲ့ဟာပေါ့။”

မြန်မာနိုင်ငံနဲ့နယ်စပ် အိန္ဒိယ မီဇိုရမ်ပြည်နယ်ဘက်မှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်က ၃၀,၀၀၀ ကျော်ရှိနေတဲ့အပြင်၊ ချင်းပြည်နယ်ထဲက ယာယီစစ်ဘေးဒုက္ခသည်စခန်းတွေမှာ ၄၀,၀၀၀ ကျော်ရှိတယ်လို့ ချင်းအဖွဲ့အစည်းတချို့က ပြောပါတယ်။ အလားတူပဲ တိုက်ပွဲတွေဖြစ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းတို့မှာလဲ အိုအိမ်ပြစ်ထွက်ပြေးနေကြရသူတွေ သိန်းနဲ့ချီရှိနေပါတယ်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး ရဲ့ စာရင်းအရ စစ်အာဏာသိမ်းပြီးတဲ့ ၂၀၂၁ ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအထိ မြန်မာနိုင်ငံမှာ စစ်ပြေးဒုက္ခသည် ၄ သိန်း ၃ သောင်းထက်မနည်း ရှိပါတယ်။ အခုနှစ်မိုးအဝင် စောမယ်လို့ မိုးလေဝသပညာရှင်တွေက ကြိုတင်ခန့်မှန်းထားတဲ့အတွက် မိုးတွင်းကာလ ပြည်တွင်းဒုက္ခသည်တွေကို ရေရှည်ထောက်ပံ့နိုင်ဖို့၊ သက်ကြီးရွယ်အိုတွေနဲ့ မွေးကင်းစ ကလေးငယ်တွေရဲ့ ကျန်းမာရေး ဒါတွေဟာ အဓိကစိန်ခေါ်မှုတွေ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

.............................................................

Your browser doesn’t support HTML5

စစ်ရှောင်သက်ကြီးရွယ်အိုတွေနဲ့စိတ်ကျန်းမာရေး


{{Unicode}}










