နယ်မြေရှင်းလင်းမှုအတွင်း ခင်ဦးမြို့နယ် ကြက်ခြံတွေ မီးရှို့ခံရ 

စစ်တပ်နယ်မြေရှင်းလင်းရေးအတွင်း မီးရှို့ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကုန်းကြီးရွာ (ဇူလိုင် ၇၊ ၂၀၂၃)

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကုန်းကြီးရွာကို စစ်တပ်က နယ်မြေရှင်းလင်းရေး ဝင်ပြီး ပြန်ထွက်ချိန်မှာ မီးလောင် သေဆုံးနေတဲ့ ရုပ်အလောင်း တ လောင်း တွေ့ရှိပါတယ်၊ ကြက်ခြံတွေမီးရှို့ခံရလို့ ကြက်ကောင်ရေ သောင်းချီသေဆုံးခဲ့တယ်လို့လည်း ဒေသခံတွေကပြောပါတယ်၊ မန္တလေးတိုင်း ရွှေပေါ်ကျွန်း ကျေးရွာမှာလည်း ဒေသခံတွေ သတ်ဖြတ်ခံရတာရှိပြီး နေအိမ်တွေလည်း မီးရှို့ခံခဲ့ရပါတယ်။ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းထဲက အခြေအနေတွေကို ကိုခင်မောင်စိုးမင်းက စုစည်း တင်ပြပေးပါမယ်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကုန်းကြီးရွာကို စစ်တပ်က ဇူလိုင် ၅ ရက်မှာ နယ်မြေရှင်းလင်းရေး ဝင်ရောက်ခဲ့ပြီး ဒီကနေ့ ဇူလိုင် ၇ ရက်၊ ရွာထဲက ပြန်ထွက်သွားချိန်မှာတော့ ရွာထဲမှာ မီးလောင်သေဆုံးနေတဲ့ အလောင်း တလောင်းကို တွေ့ရှိခဲ့ရတာလို့ စစ်ဘေးရှောင် ကူညီသူတွေက ပြောပါတယ်။

နေအိမ်တွေအပြင် ရွာက အသားစား ကြက်မွေးမြူရေးခြံ ၁၂ ခြံလည်း မီးလောင်ခဲ့ပြီး ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အရပ်သားတွေလည်း ရှိတယ်လို့ ပြောပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတဦးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“၅ ရက်နေ့ တညရယ်၊ ၆ ရက်နေ့ တညရယ်၊ ၂ ညအိပ်တာပေါ့။ ၇ ရက်နေ့ မနက်မှာ ထွက်သွားတာပေါ့။ အဲ့မှာ နေအိမ်က ရွာထဲက ၁၁ လုံး ရွာပြင်က ၁၀ လုံး ကြက်ခြံတွေက တခြံကို ၃-၄၀၀၀ မွေးထားတဲ့ ကြက်ခြံက ၁၂ ခြံ မီးရှို့သွားတာပေါ့။ နောက်ပြီး ပြည်သူ ၁ ဦး ဘယ်သူလည်းတော့ မသိသေးဘူး မီးရှို့ပြီး သတ်ထားခဲ့တာပေါ့။ နောက်ပြီး ဖမ်းဆီးခံရတဲ့ သူတွေကလည်း မလွှတ်သေးဘူးဆိုတော့ ဘယ်သူ အသတ်ခံရမှန်းတော့ အတည်မပြုနိုင်သေးဘူးပေါ့။ ဖမ်းသွားတဲ့သူတွေကလည်း ရွာဇင်က ၂ ဦး ၃ ဦးရှိတယ်။ လက်ပံကုန်းကဆို ၄ − ၅ ဦးရှိတယ်။ အားလုံးပေါင်း ၁၀ ဦးကျော်တော့ ရှိမှာပေါ့။”

ကြက်ခြံတွေဟာ ကုမ္ပဏီတွေနဲ့ ဒေသခံတွေ ဖက်စပ်မွေးတဲ့ ခြံတွေဖြစ်ပြီး ရွှေဘို မန္တလေးစတဲ့ မြို့တွေကို ပို့ဆောင်တာဖြစ်ပြီး မီးရှို့ခံရတဲ့အတွက် ကြက်ကောင်ရေ ၄၀၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ စစ်တပ်ဟာ ကုန်းကြီးရွာကနေတဆင့် ရွှေဘိုမြို့ဘက်ကို ထွက်ခွာသွားပြီး ဖမ်းဆီး ခေါ်ဆောင်ခံရတဲ့ အရပ်သားတွေကိုလည်း ပြန်မလွတ်လာသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်နယ်မြေရှင်းလင်းရေးအတွင်း မီးရှို့ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကုန်းကြီးရွာထဲက အသားစားကြက်မွေးခြံ (ဇူလိုင် ၇၊ ၂၀၂၃)

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးအတွင်း ခင်ဦးမြို့နယ်ထဲမှာ ကျေးရွာ ၇၀ ကျော်က နေအိမ် ၅ ထောင်ကျော် မီးရှို့ခံခဲ့ရပြီး ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေရော၊ အရပ်သားတွေပါ အပါအဝင် စုစုပေါင်း လူ ၃၀၀ နီးပါး သေဆုံးခဲ့တယ်လို့ စာရင်း ကောက်ယူထားသူတွေက ပြောပါတယ်။

ဒီအတောအတွင်း မန္တလေးတိုင်း မြင်းခြံမြို့နယ်ထဲက ရွှေပေါ်ကျွန်းနဲ့ ငွေပေါ်ကျွန်းကျေးရွာမှာလည်း ဒီရက်ပိုင်း နေအိမ်တွေ မီးရှို့ခံခဲ့ရပြီး အရပ်သားတွေ မီးရှို့ သတ်ဖြတ်ခံခဲ့ရပါတယ်။ ဇူလိုင် ၃ ရက် မနက်ပိုင်းက ရွှေပေါ်ကျွန်းရွာမှာ စစ်တပ်ထောက်ခံသူ ၃ ဦးကို ဒေသတွင်း လှုပ်ရှားနေတဲ့ ကာကွယ်ရေး အဖွဲ့အစည်း တခုက ပစ်ခတ်ခဲ့လို့ သေဆုံးပြီးနောက်ပိုင်း ဇူလိုင် ၄ ရက် ညသန်းခေါင် အချိန်မှာ အမည်မသိ လက်နက်ကိုင်ဆောင် ထားသူတွေဟာ ကား ၃ စီးနဲ့ ရောက်လာပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီးပြီး အရပ်သား ၃ ဦးကို သတ်ဖြတ်သွားတာလို့ အဲဒီအခြေအနေကို သိရှိသူတဦးက အခုလို ပြောပါတယ်။

“၄ ရက်နေ့ ၁၂ နာရီ ညပိုင်းပေါ့နော်။ မြင်းခြံဘက်ကနေ ထွက်လာတာ ဖိုးဝီး ကား ၃ စီးနဲ့ပေါ့နော်။ ရွှေပေါ်ကျွန်းရွာကို ဝင်ခဲ့ပြီး ပြည်သူတွေ အိမ်တွေကို ၁၁ လုံးပေါ့ မီးရှို့သွားတယ်။ လူ ၂ ယောက်ကိုတော့ ငွေပေါ်ကျွန်းရွာကနေ ဖမ်းပြီးတဲ့အခါကျတော့ အသက် ၃၀ ကျော်လောက် အမျိုးသမီးကိုတော့ မီးပုံထဲ ပစ်ထည့်သွားတယ် အိမ်ထဲကိုပေါ့။ အမျိုးသားတဦးကလည်း အဲ့လိုပဲ ပျောက်နေတယ်ဆိုပြီး လိုက်ရှာတာ မတွေ့ဘူး။ နောက်ပြီး သူဝတ်ထားတဲ့ လက်စွပ်လေးတွေ့မှ သူပဲဆိုပြီးတော့ သိတာ။ အဖွားကြီးတယောက်လည်း ပါသေးတယ်။ အဖွားကြီးကတော့ လေဖြတ်နေတာလေ။ လေဖြတ်နေလို့ မပြေးနိုင်လို့ မီးထဲပါသွားတာ။”

ရွှေပေါ်ကျွန်းနဲ့ ငွေပေါ်ကျွန်းကျေးရွာဟာ ရွာချင်းကပ်ဖြစ်ပြီး ငွေပေါ်ကျွန်းမှာ ဖမ်းဆီးပြီး ရွှေပေါ်ကျွန်းမှာ သတ်ဖြတ်ခံရတာပါ။ မီးလောင်သေဆုံးသူတွေဟာ မပွားစီ အသက် ၃၅ နှစ်၊ ကိုကျော်စိုး ၅၅ နှစ်နဲ့ ရွှေပေါ်ကျွန်းရွာက အသက် ၈၀ ကျော် ဒေါ်သန်းကြည်တို့ ဖြစ်ပါတယ်။

နေအိမ်တွေကို မီးရှို့သွားသူတွေဟာ အရပ်ဝတ်တွေနဲ့ လက်နက်တွေ ကိုင်ဆောင်ထားပြီး ညမှောင်နေတဲ့အချိန် ဖြစ်လို့ ဘယ်အဖွဲ့အစည်း ဆိုတာကို ခွဲခြားမရပေမဲ့ စစ်တပ်ထောက်ခံသူ ၃ ဦး ပစ်သတ်ခံရလို့ သေဆုံးသွားတဲ့နောက်မှာ အခုလို နေအိမ်တွေ မီးရှို့ခံရတာ ဖြစ်တဲ့အတွက် စစ်တပ်ထောက်ခံတဲ့ ပျူစောထီးတွေ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။ အခုလို နေအိမ်တွေ မီးလောင်ပြီး အရပ်သားတွေ သေဆုံးခဲ့ရတဲ့အတွက် ဒေသခံ ကျေးရွာသားတွေကတော့ ဘေးလွတ်ရာ အနီးနားက ကျေးရွာတွေကို ထွက်ပြေး ခိုလှုံနေကြရပါတယ်။

Your browser doesn’t support HTML5

နယ်မြေရှင်းလင်းမှုအတွင်း ခင်ဦးမြို့နယ် ကြက်ခြံတွေ မီးရှို့ခံရ