မြန်မာနိုင်ငံကို လေးရက်ကြာ ခရီးရောက်ရှိခဲ့တဲ့ စီးပွားရေးနဲ့ စီးပွားရေးလုပ်ငန်းများဆိုင်ရာ အမေရိကန်လက်ထောက်နို်င်ငံခြားရေးဝန်ကြီး Charles Rivkin ဟာ မြန်မာနိုင်ငံ ရန်ကုန်မှာရှိတဲ့ အမေရိကန် ရင်းနှီးမြုပ်နှံမှုအချို့ကို သွားရောက်ပြီး၊ တာဝန်သိရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိုအပ်ချက်တွေ ကို လေ့လာကြည့်ရှုခဲ့ပါတယ်။ သူ့ အခု ခရီးစဉ်ဟာ အမေရိကန်စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံတွင်း ပိုမို ရင်းနှီးမြုပ်နှံနိုင်ဖို့ လာရောက်တဲ့ အစီအစဉ်ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်မြို့ကနေ ကိုသားညွန့်ဦး သတင်းပေးပို့ထားပါတယ်။
မှော်ဘီမြို့နယ်မှာရှိတဲ့ကျေးရွာ ၁ ရွာမှာ အမေရိကန်ရင်းနှီးမြုပ်နှံမှုဖြစ်တဲ့ ကိုကာ ကိုလာ ကုမ္ပဏီ ကနေပြီးတော့ လူမူ့အထောက်အကူပြုလုပ်ပေးနေတဲ့ အစီအစဉ်တခုကို အမေရိကန်လက်ထောက်နို်င်ငံခြားရေးဝန်ကြီး Charles Rivkin လာရောက်လေ့လာနေတာဖြစ်ပါတယ်။ လက်ထောက်နို်င်ငံခြားရေးဝန်ကြီး Rivkin ဟာ သူ့ရဲ့ ၄ ရက်ကြာခရီးစဉ်အတွင်းမှာတော့ နေပြည်တော်မှာရှိတဲ့ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သလိုပဲ အမေရိကန် ရင်းနှီးမြုပ်နှံမှုတွေ လူထုအထောက်အကူပြုပေးနေသလဲဆိုတာကို လေ့လာမှုတွေလုပ်ခဲ့ပါတယ်။
ကိုကာ ကိုလာ ကုမ္ပဏီ နဲ့ Pact Myanmar တို့ ပူးပေါင်းပြီး ကူညီစောင့်ရှောက်ပေးနေတဲ့ ဒေသခံ လူမှုအသိုင်းအဝိုင်းဖွံဖြိုးရေး အစီအစဉ်အချို့ကို လိုက်လံ ကြည့်ရှုလေ့လာခဲ့တာပါ။ အဲဒီမှာတော့ ဒေသခံ အမျိုးသမီးတွေစုဖွဲ့ပြီး ဦးစီးဦးဆောင်လုပ်တဲ့ ငွေစုငွေချေးလုပ်ငန်းတွေဖြစ်ပြီး အဲဒီအတွက် Pace Myanmar က သတင်ပေးပြီး၊ ကိုကာ ကိုလာ ကုမ္ပဏီ က ဒီအစီအစဉ်အတွက် ထောက်ပံ့ကူညီခဲ့တာဖြစ်ပါတယ်။
စီးပွားရေးနဲ့ စီးပွားရေးလုပ်ငန်းများဆိုင်ရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Rivkin ဟာ ဒီကနေ့မှာပဲ မှော်ဘီမှာရှိတဲ့ အမေရိကန် ကုမ္ပဏီ Coca Cola စက်ရုံကိုလည်း သွားရောက် ကြည့်ရှုပါတယ်။ အခု လေးရက်ကြာ သူ့ရဲ့ခရီးစဉ်ဟာ American Innovation Roadshow to Myanmar ဆိုတဲ့ ခေါင်းစဉ်နဲ့ အမေရိကန်စီးပွားရေးကိုယ်စားလှယ်အဖွဲ့ကိုပါ ဦးဆောင်လာတာ ဖြစ်ပါတယ်။ ဒီ အစီအစဉ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးဖွံဖြိုးမှုပိုင်းမှာ ရခဲ့တဲ့ အတွေ့အကြုံတွေကို မျှဝေဖို့လည်းဖြစ်တယ်လို့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Rivkin က ဗွီအိုအေနဲ့ သီးခြားတွေ့ဆုံမေးမြန်းမှုမှာ အခုလို ပြောခဲ့ပါတယ်။
“နိုင်ငံခြားရေးဝန်ကြီး ကယ်ရီရဲ့ ခေါင်းဆောင်မှုအောက်မှာ လက်ရှိဆောင်ရွက်နေတာကတော့ တကမ္ဘာတဝှမ်းမှာရှိတဲ့ ကုမ္ပဏီ တွေကို စုစည်းပေးနေတာ တခုရှိပါတယ်။ အဲဒါကို Innovation Roadshow တီထွင်ဖန်တီးကြံဆမှုတွေကို မျှဝေတဲ့အစီအစဉ်ဖြစ်ပါတယ်။ အဲဒီ အစီအစဉ်ရဲ့ အစိတ်အပိုင်းအဖြစ်နဲ့ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ပုဂ္ဂလိက ကဏ္ဍ လုပ်ငန်းတွေနဲ့ မြန်မာနိုင်ငံတွင်းက စားသုံးသူတွေအပါအဝင် ပုဂ္ဂလိက ကဏ္ဍပိုင်းကို ဆက်စပ်ပေးဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ကျနော်တို့မှာ အတွေ့အကြုံ ရှိခဲ့တဲ့ ဖန်တီးကြံဆမှုတွေ စွန့်ဦးတီထွင်မှုတွေကိုလည်း ဝေမျှပေးဖို့လည်း ဖြစ်ပါတယ်။”
ဒါကြောင့်လည်း မစ္စတာ Rivkin ရဲ့ ခရီးစဉ်အတွင်းမှာ မြန်မာနည်းပညာ ကုမ္ပဏီတွေ လူငယ်စွန့်ဦးထွင်လုပ်ငန်းရှင်တွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ တချိန်တည်းမှာ မြန်မာအစိုးရပိုင်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး အမေရိကန်ပြည်ထောင်စုဘက်က မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံမှုတွေ ပိုလုပ်နိုင်အောင် အခွင့်အလမ်းတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။
“ရန်ကုန်မှာရော နေပြည်တော်မှာပါ အတော်လေး ရလဒ်ကောင်းတွေရှိတဲ့ တွေ့ဆုံစည်းဝေးမှုတွေ လုပ်ခွင့်ရခဲ့ပါတယ်။ ကျနော်နဲ့အတူ စီးပွားရေးကိုယ်စားလှယ်တွေပါ ပါဝင်ကြပြီး၊ အဲဒီအထဲ အချို့ကတော့ အမေရိကန်ပြည်ထောင်စုက အကြီးဆုံး ကုမ္ပဏီ တွေ ဖြစ်ကြပါတယ်။ ဒီအတွက ်မြန်မာအစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးတော့ ရင်းနှီးမြုပ်နှံဖို့ အခွင့်အလမ်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။”
လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Rivkin နဲ့အတူ အမေရိကန် အာဆီယံ စီးပွားရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့တွေ ပါဝင်တာမို့ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေနဲ့လည်း သီးခြားတွေ့ဆုံမှုတွေ ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေဖြစ်ပြီးတဲ့နောက် အမေရိကန်ဘက်က အရေးယူဒဏ်ခတ်မှုအတော်များများကို ဖယ်ရှားတာ ဆိုင်းငံမှုတွေ လုပ်တာနဲ့အတူပဲ၊ မြန်မာနိုင်ငံထဲ ရင်းနှီးမြုပ်နှံကြမယ့် အမေရိကန် ကုမ္ပဏီ တွေအနေနဲ့ မြန်မာနိုင်င့တွင်းလူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့မပတ်သက်အောင် တဖက်ကလည်း ဒေသခံတွေအတွက် စီးပွားရေးအခွင့်အလမ်းတွေ ဖွံဖြိုးရေးအခွင့်အလမ်းတွေ ဖန်တီးပေးအောင် အမေရိကန်နိုင်ငံခြားရေးဌာနက စည်းမျဉ်းလမ်းညွှန်မှုတွေ ထုတ်ထားတာရှိပါတယ်။ ဒါကြောင့်လည်း Mr.Rivkin ဟာ သူ့ရဲ့နောက်ဆုံးနေ့ မြန်မာခရီးစဉ်မှာတော့ အမေရိကန် ကုမ္ပဏီ တခုဖြစ်မတဲ့ ကိုကာကိုလာကုမဏီက ဆောင်ရွက်ပေးနေတဲ့ မြန်မာလူမှုအသိုက်အဝန်းများအတွက် အခွင့်အလမ်းတွေ ကူညီဆောင်ရွက်ပေးတဲ့ အစီအစဉ်ကို သွားရောက်လေ့လာကြည့်ရှုခဲ့တာဖြစ်ပါတယ်။
Your browser doesn’t support HTML5