ထိုင်းနိုင်ငံမြောက်ပိုင်းက ကမ္ဘာလှည့်ခရီးသည်တွေကြား ရေပမ်းစားတဲ့ ချင်းမိုင်မြို့မှာ ရုတ်တရက်ရေကြီးမှုအတွင်း ဆင် ၂ ကောင် ရေနစ်သေဆုံး သွားတယ်လို့ ဆင်စခန်းတာဝန်ရှိသူတွေ ဒီနေ့ပြောပါတယ်။ ဒါ့အပြင် ရေကြီးမှုကြောင့် အဲဒီကိုလာကြတဲ့ ကမ္ဘာ့လှည့်ခရီးသည်တွေကိုလည်း ဟိုတယ်တွေကနေ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရသလို၊ မြို့လယ်က ဈေးဆိုင်တွေကိုလည်း ပိတ်လိုက်ရပါတယ်။
ရုတ်တရက် ရေကြီးလာတာကြောင့် ချင်းမိုင်ခရိုင်မှာရှိတဲ့ သဘာဝ ဆင်ဥယျာဉ်က ဆင်ကောင်ရေ ၁၀၀ ကျော်ကို ရေကြီးတာကနေ လွတ်အောင် ကုန်းမြင့်ပိုင်းကို ရွှေ့ပေးခဲ့တယ်လို့ ဆင်စခန်း တာဝန်ရှိသူတဦးက AFP ပြောပါတယ်။ ဒါ့ပေမဲ့ အသက် ၁၆ နှစ် အရွယ် Fahsai နဲ့ အသက် ၄၀ အရွယ် မျက်စိမမြင်တော့ Ploython ဆိုတဲ့ ဆင် ၂ ကောင်ကို စနေနေ့က သေဆုံးနေတာ တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။
ချင်းမိုင်မြို့လယ်က ညဈေးမှာတော့ လူတွေဟာ ဒူးလောက်ရှိတဲ့ ရွှံရေတွေထဲမှာ သွားနေကြပြီး ရေကြီးတာကြောင့် ချင်းမိုင် ရထားဘူတာကိုလည်း ပိတ်လိုက်ရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ အစောပိုင်းက ရာဂီတိုင်ဖုန်းမုန်တိုင်းကြောင့် အရှေ့တောင်အာရှဒေသတွင်းမှာ မိုးအကြီးအကျယ် ရွာသွန်းပြီး ချင်းမိုင်မြို့က ထိုင်းနိုင်ငံမြောက်ပိုင်းမှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့ပြီး၊ ချင်းမိုင်းမြို့က ပင်းမြစ်ရေဟာလည်း စိုးရိမ်ရေမှတ်အထိ ရောက်ခဲ့တာပါ။
မကြာသေးခင်က မိုးများရေကြီးခဲ့တာကြောင့် နိုင်ငံအဝန်းက ဆည်ရေတွေ ဖောက်ချရမှာဖြစ်ကြောင်း ထိုင်းနိုင်ငံ ဆည်မြောင်းဝန်ကြီးဌာနက ကြေညာထာပါတယ်။ ကျောက်ဖရားမြစ်က ရေတွေ ဖောက်ချရမှာ ဖြစ်တာကြောင့် ဘန်ကောက်မြို့တော်မှာလည်း ရေဘေးကြုံရနိုင်တယ်လို့ သတိပေးထားပါတယ်။