ကမ္ဘောဒီးယား ဦးဆောင်တဲ့ အာဆီယံနှင့် မြန်မာ့ပြဿနာ

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နေပြည်တော် သံတမန်ခန်းမမှာ တွေ့ဆုံကြစဉ်။ (ဇန်နဝါရီ ၇၊ ၂၀၂၂/ ဓာတ်ပုံ စစ်ကောင်စီပြန်ကြားရေးအဖွဲ့)

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရာထူးကိုလက်ခံပြီး မကြာခင်မှာပဲ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen ဟာ ကမ္ဘာ့နိုင်ငံအများအပြားက လက်ရှောင်နေကြတဲ့ မြန်မာအာဏာသိမ်းစစ်ကောင်စီ အကြီးအကဲနဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ မြန်မာ့ပြဿနာ ပြေလည်ရေးအတွက် အားထုတ်မှုဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဝန်ကြီးချုပ် Hun Sen ရဲ့ ခရီးစဉ်ဟာ သူပြောသလို တကယ်ပဲ မြန်မာ့ပြဿနာ ပြေလည်ရေးအတွက် အထောက်အပံ့ ဖြစ်စေပါသလား။ ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ် (Chulalongkorn University) နိုင်ငံရေးသိပ္ပံပါမောက္ခ အရှေ့ တောင်အာရှရေးရာကျွမ်းကျင်သူ Thitinam Pongsudhirak (သီတီနမ် ပွန်ဆုဒီရာ့ခ်) နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ပါမောက္ခ သီတီနမ် ခင်ဗျား။ -- မကြာသေးခင်က ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen က မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ လူတော်တော်များများက ဒီခရီးစဉ်ကို တော်တော်ဝေဖန်ရှုတ်ချကြပါတယ်။ ဒါပေမယ့် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာ မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးကလွဲပြီး ကျန်အစိုးရတွေက တရားဝင် ဒီကိစ္စကို ဝေဖန်တာ၊ ရှုတ်ချတာ မကြားရပါဘူး။ ဆိုတော့ ဒီခရီးစဉ်ကို အဲဒီအာဆီယံနိုင်ငံတွေက လက်ခံတယ်။ သဘောတူတယ်လို့ ကျနော်တို့ ယူဆရမလား။

ဖြေ ။ ။ မဟုတ်ပါဘူး။ ကျနော်ကတော့ အဲဒီလို မထင်ပါဘူး။ Hun Sen က အာဆီယံရဲ့ ဂုဏ်သတင်းနဲ့ သိက္ခာကို သူ့ရဲ့ကိုယ်ပိုင်အကြံအစည်အတွက် အသုံးချတာ ဖြစ်ပါတယ်။ သူဟာ သူ့အတွက် နာမည်ကောင်းနဲ့ ဂုဏ်သတင်းကောင်းတွေ တွင်ကျန်ရစ်စေချင်တာ သေချာပါတယ်။ သူဟာ သူ့ရဲ့အာဏာရပါတီခေါင်းဆောင်မှုကို သူ့ရဲ့သား ဟွန်မွန်နက် (Hun Munet) က လွှဲပြောင်းပေးဖို့ လုပ်နေတာပါ။ ဟွန်ဆန်အတွက်က နောက်ထပ် (၆) နှစ် ကျန်ပါသေးတယ်။ အခုတကြိမ်က သူက ပါတီကို ခေါင်းဆောင်ခွင့်ရတာ နောက်ဆုံးတကြိမ်လည်း ဖြစ်ပါတယ်။ အခုတော့ သူဟာ မင်းအောင်လှိုင်ကို သွားတွေ့ပြီး စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ အာဆီယံရဲ့ ရပ်တည်ချက်ကို ဖြိုဖျက်လိုက်တာ၊ သစ္စာဖောက်လိုက်တာ ဖြစ်ပါတယ်။

မေး ။ ။ ဒါက ဟွန်ဆန်ရဲ့ အကြံအစည်၊ ဟွန်ဆန်ရဲ့ ရည်ရွယ်ချက်ပေါ့။ အာဆီယံအဖွဲ့ဝင် တခြားနိုင်ငံတွေရဲ့ ဒီကိစ္စအပေါ် ရပ်တည်ချက်ကိုလည်း သုံးသပ်ပါအုံး။

ဖြေ ။ ။ အာဆီယံရဲ့ တခြားနိုင်ငံတွေက ဒါကို သဘောတူတယ်လို့ ကျနော်ကတော့ မထင်ပါဘူး။ အများစုကတော့ လောလောဆယ်မှာ နှုတ်ဆိတ်မှုနဲ့ တုံ့ပြန်နေကြပါတယ်။ ဒါပေမဲ့ ကွယ်ရာမှာတော့ ဒီလိုလုပ်လိုက်တာနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်နေကြမယ် ထင်ပါတယ်။ တကယ်တော့ အာဆီယံက အခုကတည်းက ပြတ်ပြတ်သားသား စိတ်ဝမ်းကွဲနေကြတာပါ။ အင်ဒိုနီးရှားဆိုရင် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့ဆိုတဲ့ သဘောထားကို ပြင်းပြင်းထန်ထန် ပြသနေတာ ဖြစ်ပါတယ်။ မနှစ်ကတည်းက အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ၊ ဖိလစ်ပိုင်တို့က တဘက် ကျန်းမာရေး အကူအညီ အထောက်အပံ့တွေပေးဖို့နဲ့ စစ်တပ်ရဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေကို ရပ်ဆိုင်းရုံတင်မက ဖေဖေါ်ဝါရီလဆန်း အာဏာမသိမ်းခင်က ရှိခဲ့တဲ့ အလုပ်ဖြစ်နေခဲ့တဲ့ ဒီမိုကရေစီလမ်းကြောင်းကို ပြန်သွားဖို့ တောင်းဆိုလာခဲ့ကြတာပါ။ ဒီလေးနိုင်ငံက တအုပ်စုပါ။

မေး ။ ။ ဒါကတော့ ဒီမိုကရေစီကို လိုလားတဲ့ အာဆီယံနိုင်ငံတွေပေါ့။ ဆိုတော့ မြန်မာ့အိမ်နီးချင်း။ မြန်မာနိုင်ငံအတွက်လည်း သိပ်အရေးကြီးတဲ့ ထိုင်းနိုင်ငံရဲ့ သဘောထားကိုလည်း သိပါရစေ။ ထိုင်းနိုင်ငံအစိုးရကလည်း စစ်အာဏာသိမ်းပြီးတော့ ဒီမိုကရေစီအသွင် ပြောင်းထားတဲ့ အစိုးရဆိုတော့ ဒီအစိုးရရဲ့ မြန်မာစစ်ကောင်စီအပေါ် သဘောထားကိုလည်း သိချင်ပါတယ်။

ဖြေ ။ ။ ထိုင်းနိုင်ငံရဲ့ ရပ်တည်ချက်က စိတ်ပျက်ဖို့ကောင်းပါတယ်။ တကယ်တော့ ထိုင်းနိုင်ငံကလည်း အဲဒီလေးနိုင်ငံဘက်က ရပ်တည်သင့်ပါတယ်။ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ဖို့ တောင်းဆိုသင့်ပါတယ်။ ဒါပေမဲ့ ဒီလိုမဟုတ်ဘဲ ကြားနေရေးလမ်းကို ရွေးခဲ့ပါတယ်။ ရင်မဆိုင်ဘဲ ဝေ့လည်ကြောင်ပတ် လုပ်နေခဲ့ပါတယ်။

မေး ။ ။ ကျန်တဲ့ အာဆီယံနိုင်ငံတွေရဲ့ သဘောထားက ဘယ်လိုရှိလဲ။

ဖြေ ။ ။ ကျန်နိုင်ငံတွေကတော့ အာဏာရှင်ဆန်ဆန် အုပ်ချုပ်တဲ့ နိုင်ငံတွေပါ။ သူတို့ဟာ စစ်ကောင်စီ၊ စစ်တပ်ကို စာနာမယ်လို့လဲ ယူဆနိုင်ပါတယ်။ ဒီအချိန်မှာ ဟွန်ဆန်ရဲ့ လုပ်ရပ်ဟာ သူ့ရဲ့ သြဇာအရှိန်အဝါ တိုးချဲ့ရာမှာ အာဆီယံကို အသုံးချဖို့ အားထုတ်မှု ဖြစ်ပါတယ်။ သူက ခပ်တုံးတုံးတော့ မဟုတ်ပါဘူး။ သူလိုချင်တာကို ကြံဖန်လုပ်နိုင်ပါတယ်။ ရက်ရက်စက်စက်လည်း လုပ်တတ်ပါတယ်။ မြန်မာစစ်ကောင်စီကို အသိအမှတ်ပြု လက်ခံပြီး၊ ရှေ့ဆက်သွားဖို့ သူ မျှော်လင့်ထားပုံ ရပါတယ်။ ဒါဟာ အာဆီယံကို ခုတုံးလုပ်ပြီး သိပ်အန္တရာယ်များတဲ့ Game ကို ကစားဖို့ သူလုပ်နေတာပါ။ ဘာကြောင့်လဲဆိုရင် စစ်အစိုးရကို တရားဝင်အသိအမှတ်ပြု လက်ခံလိုက်ရင် စစ်တပ်အနေနဲ့ သူ့ပြည်သူတွေအပေါ် ရက်ရက်စက်စက် အကြမ်းဖက်မှုတွေ ကျူးလွန်ဖို့ တိုက်တွန်းအားပေးလိုက်တာပဲ ဖြစ်သွားမှာပါ။

မေး ။ ။ တကယ်တော့ မြန်မာနိုင်ငံကို အာဆီယံဝင်ဖို့ လက်ခံခဲ့တဲ့ ၁၉၉၇ ခုနှစ်တုန်းကလည်း မြန်မာနိုင်ငံဟာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အစိုးရလက်အောက်မှာ ရှိနေခဲ့တာပါ။ ဒီမိုကရေစီအစိုးရ မဟုတ်ပါဘူး။ ဆိုတော့ အဲဒီတုန်းကလည်း အာဆီယံကလည်း လက်ခံခဲ့တယ်။ နာချဖို့၊ ဖြောင့်ဖျဖို့ ကြိုးစားခဲ့တယ်။ အခုအခြေအနေနဲ့ ဘယ်လိုများကွာသလဲ။ နှိုင်းယှဉ်ပေးပါ။

ဖြေ ။ ။ အခုအခြေအနေကတော့ ထူးခြားပါတယ်။ စစ်အာဏာသိမ်းမှုဟာ ၁၉၆၂၊ ၁၉၈၈ တို့လို အောင်မြင်ခဲ့မယ်ဆိုရင်တော့ ပုံစံတမျိုး ဖြစ်ပါလိမ့်မယ်။ အာဆီယံကလည်း စစ်အစိုးရလက်အောက် မြန်မာနိုင်ငံနဲ့ ဆက်ဆံရမှာပါပဲ။ ဒါပေမဲ့ အခုတကြိမ်မှာတော့ စစ်အာဏာသိမ်းမှုက မအောင်မြင်ပါဘူး။ စစ်ကောင်စီဟာ အာဏာကို သိမ်းယူပေမယ့်၊ နိုင်ငံကို မချုပ်ကိုင်နိုင်ပါဘူး။ နိုင်ငံတဝှမ်း ပုန်ကန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဆိုတော့ ဒါဟာ အာဆီယံနိုင်ငံတွေအတွက် သိပ်ကိုထူးခြားပါတယ်။ အာဆီယံဟာ နှစ်ဘက်စလုံးနဲ့ ထိတွေ့ဆက်ဆံရမှာ ဖြစ်ပါတယ်။ NUG အပါအဝင် အရပ်သားအုပ်ချုပ်ရေးတွေ၊ PDF တွေ၊ EAO ခေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ CDM လှုပ်ရှားမှုအဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံရမှာပါ။ သူတို့ဟာ အာဏာလက်ကိုင် မရှိပေမယ့်၊ Shadow Civilian Government အတိုက်အခံအရပ်သား အစိုးရပါ။ သူတို့ဟာ တိုင်းပြည်နေရာ အတော်များများကို ထိန်းချုပ်ထားပါတယ်။ ဒီအခြေအနေမှာ ဟွန်ဆန်က မင်းအောင်လှိုင်တို့ စစ်ကောင်စီကို အသိအမှတ်ပြုဖို့လုပ်တာ အာဆီယံလုပ်နိုင်တဲ့ အခန်းကဏ္ဍကို ဖျက်ဆီးလိုက်တာလည်း ဖြစ်နိုင်ပါတယ်။

မေး ။ ။ ဆိုတော့ အာဆီယံလုပ်နိုင်တဲ့ အခန်းကဏ္ဍဆိုလို့ အာဆီယံလုပ်နိုင်တဲ့ အခန်းကဏ္ဍက ဘယ်လောက်များ ထိရောက်မှု ရှိနိုင်လို့လဲ။ မြန်မာပြည်သူတွေရဲ့ သဘောထားတွေကို ကြည့်ရတာကတော့ မြန်မာပြည်သူ အများစုကတော့ အာဆီယံကို အားမထားကြပါဘူး။ အစကတည်းကလည်း သိပ်ပြီးတော့ မျှော်လင့်ချက် မထားခဲ့ကြပါဘူး။

ဖြေ ။ ။ အာဆီယံမှာ ဘုံသဘောတူညီချက် (၅) ချက် ရှိပါတယ်။ သေးငယ်တဲ့နိုင်ငံ ဘရူးနိုင်းက အာဆီယံကို မနှစ်က ဦးဆောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ဒါကို ဘယ်လိုကိုင်တွယ်မယ်ဆိုတဲ့ တာဝန်ကြီးတရပ်ကို ကိုင်တွယ်ခဲ့ရပါတယ်။ အဲဒီအခါ အချိန်အတော်လေး နှောင့်နှေးခဲ့ရပြီး၊ ဘုံသဘောတူညီမှု (၅) ချက်ကို ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ဘရူးနိုင်းက ဂုဏ်တက်စရာ ဖြစ်ခဲ့ရပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား ဆွေးနွေးညှိနှိုင်းပြီးမှ သဘောတူထားတဲ့ မူတွေပါ။ အဲဒီ မူ (၅) ချက်ဟာ ပြင်းထန်တဲ့ မူတွေ မဟုတ်ပေမယ့်၊ အာဆီယံအနေနဲ့ ရှေ့ကိုရွေ့နိုင်မယ့် လမ်းကြောင်း ဖြစ်ပါတယ်။ ကုလသမဂ္ဂနဲ့ လုံခြုံရေးကောင်စီတို့ကလည်း ဒီအတွက် အာဆီယံကို တာဝန်အပ်နှင်းထားတာပါ။ အဲဒီမူ (၅) ချက်နဲ့ အခြေခံအချက်ကတော့ အာဆီယံကိုယ်စားလှယ် စေလွှတ်ဖို့လည်း ပါပါတယ်။ အဲဒီကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာပြည်ကို သွားရောက်ပြီး၊ ဘက်ပေါင်းစုံနဲ့ ထိတွေ့ဆက်ဆံဖို့ ဖြစ်ပါတယ်။ ဒီဘုံသဘောတူညီမှုဟာ အာဆီယံအနေနဲ့ လုပ်ဆောင်နိုင်တဲ့ တခုတည်းသော နည်းလမ်းလည်း ဖြစ်ပါတယ်။ ဟွန်ဆန်ရဲ့ ခရီးစဉ်ဟာ ဒီအာဆီယံမူတွေကို ချိုးဖောက်ပြီး ထိရောက်မှုမရှိအောင် လုပ်လိုက်တာပါ။ အာဆီယံအနေနဲ့ ဘာမှမတတ်နိုင်တော့ပါဘူး။

မေး ။ ။ ဆိုတော့ ဟွန်ဆန်က မြန်မာနိုင်ငံကို မသွားဘူး။ အာဆီယံရဲ့ ရပ်တည်ချက်မူကို မဖျက်ဆီးဘူးဆိုရင်ကော အာဆီယံရဲ့ သဘောတူညီချက်က ဘယ်လောက်အထိ ထိထိရောက်ရောက် လုပ်နိုင်မှာမို့လို့လဲ။ အာဆီယံကို စစ်ကောင်စီက အစကတည်းက မူ (၅) ချက်ကို လက်မခံဘူးလို့ ပြောထားပြီး ဖြစ်ပါတယ်။

ဖြေ ။ ။ အာဆီယံ မူ (၅) ချက်က အစကတည်းက ထိရောက်မှုမရှိ ဖြစ်နေခဲ့ပါတယ်။ မှန်ပါတယ်။ တကယ်တော့ မင်းအောင်လှိုင်က မူ (၅) ချက်ကို လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ မလိုက်နာဘဲ ကတိဖျက်လိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ဒီသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ ဘရူးနိုင်းအနေနဲ့ မနှစ်ကတည်းက အခက်အခဲတွေ တွေ့ခဲ့ရပါတယ်။ တနည်းပြောရရင် မင်းအောင်လှိုင်က အာဆီယံကို လှည့်စားခဲ့တာပါ။ အခုတော့ ဟွန်ဆန်လုပ်ရပ်ကြောင့် မင်းအောင်လှိုင်အနေနဲ့ ပိုခိုင်မာသွားပါပြီ။ အခုနောက်ပိုင်းမှာ အသစ်ခန့်အပ်လာမယ့် အာဆီယံသံတမန်ကို မင်းအောင်လှိုင်က လက်ခံကောင်း လက်ခံလာပါလိမ့်မယ်။ ဒါပေမဲ့ မင်းအောင်လှိုင်ရဲ့ အလိုကျဖြစ်သွားပါပြီ။ တကယ်တော့ အာဆီယံရဲ့ အလိုကျ ဖြစ်ရမှာပါ။

မေး ။ ။ ဒါပေမယ့်လည်း အာဆီယံရဲ့ အခြေခံကိုယ်နှိုက်က ဆုံးဖြတ်ချက်ချဖို့အတွက် အများသဘောတူညီမှု Consensus ဆိုတာကို ရယူရမယ်လို့ ဆိုထားလေတော့ အခု ကမ္ဘောဒီးယား ဥက္ကဋ္ဌ ဖြစ်လာတော့ ဒီဥက္ကဋ္ဌ ဖြစ်လာတာနဲ့ အာဆီယံရဲ့ အခြေခံမှုဝါဒ ပြောင်းလဲသွားနိုင်တယ်လို့များ ကျနော်တို့ တွက်လို့ရမလား။ ဖြစ်နိုင်ပါ့မလား။

ဖြေ ။ ။ အခု အာဆီယံရဲ့ အခြေခံဖွဲ့စည်းပုံ အားနည်းချက်ကို ပြသလိုက်တာလို့ ထင်ပါတယ်။ ဘုံသဘောတူညီမှု Consensus ကို အခြေခံဆုံးနည်းလမ်းဟာ ထိရောက်မှု မရှိနိုင်တော့ပါဘူး။ ဒီမူကို ပြောင်းလဲဖို့ တခုခုတော့ လုပ်ရတော့မှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် အာဆီယံဟာ အသုံးမတည့် ဖြစ်သွားပါလိမ့်မယ်။ ထိရောက်မှုမရှိ ဖြစ်သွားပါလိမ့်မယ်။ အဓိပ္ပါယ်ကတော့ အင်အားအကြီးဆုံးနိုင်ငံက အရေးကြီးတဲ့ အခန်းကဏ္ဍကနေပြီ ကျန်အဖွဲ့ဝင်နိုင်ငံတွေအတွက် ညှိနှိုင်းပေးနိုင်ခြေ၊ အလျှော့အတင်းလုပ်နိုင်ခြေ ဆုံးရှုံးသွားနိုင်ပါတယ်။

မေး ။ ။ ဆိုတော့ အာဆီယံပြင်ပနိုင်ငံတွေကို ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံက အတော်လေး အရေးကြီးတဲ့ နိုင်ငံလို့ ထင်ပါတယ်။ ဆိုတော့ စစ်ကောင်စီအနေနဲ့ အာဆီယံမူ (၅) ချက်ကို လက်သင့်ခံလိုက်နာလာအောင်၊ တရုတ်အနေနဲ့ နာချနိုင်လိမ့်မယ်၊ တွန်းအားပေးနိုင်မယ့် အခြေအနေ ရှိတယ်လို့ ထင်ပါသလား။

ဖြေ ။ ။ အနောက်နိုင်ငံတွေထက်စာရင် တရုတ်က အဓိကကျတဲ့ နိုင်ငံတခုပါ။ တရုတ်က NLD ဦးဆောင်တဲ့ အစိုးရနဲ့ ဆက်ဆံရတာ ကျေနပ်မှုရှိတယ်လို့ ကျနော် ထင်ပါတယ်။ မြန်မာနိုင်ငံမှာ မဟာဗျူဟာအရ၊ စီးပွားရေးအရ လုပ်ငန်းဆောင်တာတွေလည်း အများကြီး ရှိပါတယ်။ စစ်တပ်က အာဏာသိမ်းလိုက်တော့ ဒါတွေအားလုံး ပြန်ညှိရမယ့် အခြေအနေ ဖြစ်သွားပါတယ်။ ဒါပေမဲ့ မြန်မာစစ်ကောင်စီကို ဖိအားပေးတဲ့အထိတော့ လုပ်လိမ့်မယ် မထင်ပါဘူး။ တရုတ်အနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားရေးထက် သူ့အကျိုးစီးပွားကို ကာကွယ်ရေးသာ အဓိကထားမှာပါ။ အဲဒီအတွက် တည်ငြိမ်မှုကိုပဲ လိုချင်မှာပါ။ ဆိုတော့ စစ်ကောင်စီအနေနဲ့ အာဏာချုပ်ကိုင်ပြီး တည်ငြိမ်မှု ပေးနိုင်ရင် တရုတ်က ဒီအတိုင်း ဆက်လိုက်သွားပါလိမ့်မယ်။ ဒါပေမဲ့ အတိုက်အခံတွေ တော်လှန်ရေးအင်အားစုတွေဘက်က နယ်မြေတွေကို ပိုမိုထိန်းချုပ်လာနိုင်တယ်၊ ပိုပြီးအောင်မြင်မှု ရလာနိုင်တယ်ဆိုရင်တော့ တရုတ်သည်ပင် အတိုက်အခံတွေနဲ့ ထိတွေ့ဆက်ဆံရုံမှတပါး ရွေးစရာတခြားနည်းလမ်းမရှိ ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။ အာဆီယံလည်း ထိုနည်းအတိုင်းပဲ ဖြစ်လာပါလိမ့်မယ်။

====Unicode======

















မေး ။ ။ ဒါပမေယ့ျလညျး အာဆီယံရဲ့ အခွခေံကိုယျနှိုကျက ဆုံးဖွတျခကြျခဖြို့အတှကျ အမြားသဘောတူညီမှု Consensus ဆိုတာကို ရယူရမယျလို့ ဆိုထားလတေော့ အခု ကမ်ဘောဒီးယား ဥက်ကဋ်ဌ ဖွဈလာတော့ ဒီဥက်ကဋ်ဌ ဖွဈလာတာနဲ့ အာဆီယံရဲ့ အခွခေံမှုဝါဒ ပွောငျးလဲသှားနိုငျတယျလို့မြား ကနြောျတို့ တှကျလို့ရမလား။ ဖွဈနိုငျပါ့မလား။




==== Unicode===


#Chulalongkorn University #နိုငျငံရေးသိပ်ပံပါမောက်ခ


