ကမ္ဘောဒီးယားမှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကျင်းပဖို့ ဂျပန် တိုက်တွန်း

ကမ္ဘောဒီးယားနိုင်ငံမှာ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက တနင်္ဂနွေနေ့မှာ ဝန်ကြီးချုပ် ဟွန်ဆန်နဲ့ တွေ့ဆုံချိန်အတွင်း တိုက်တွန်းလိုက်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးအတိုက်အခံတွေကို ကမ္ဘောဒီးယားအစိုးရက ဖိနှိပ်နေတာနဲ့ ပတ်သက်လို့တော့ ဘာမှပြောမသွားပါဘူး။

ကမ္ဘောဒီးယားမှာ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲတွေကျင်းပဖို့ ဂျပန်နိုင်ငံက ကူညီမယ်လို့ နိုင်ငံခြားရေးဝန်ကြီး Taro Kono က ပြောတဲ့အကြောင်း ဝန်ကြီးရုံးပြောခွင့်ရ Norio Maruyama ကပြောပါတယ်။ ဇူလိုင်လမှာလုပ်မယ့် ရွေးကောက်ပွဲ အတွက် မဲပုံးတွေကို ဂျပန်က ပို့ပေးမယ်လို့လည်း ပြောခွင့်ရက အတည်ပြု ပြောဆိုပါတယ်။

ကမ္ဘောဒီးယား အတိုက်အခံပါတီနဲ့ပတ်သက်ပြီး အစိုးရက အမှုဖွင့် တိုင်ကြားပြီးတဲ့နောက် အတိုက်အခံပါတီကိုဖျက်ဖို့ တရားရုံးက အမိန့်ထုတ်ခဲ့တာ၊ ပါတီခေါင်းဆောင်တဦး ထောင်ချခံရပြီး ကျန်တဲ့ခေါင်းဆောင်တွေ ပြည်ပထွက်ပြေးသွားရတာ၊ အဓိက သတင်း မီဒီယာတွေ အပိတ်ခံရတာ စတဲ့ဖြစ်ရပ်တွေ ကမ္ဘောဒီးယားမှာရှိထားပါတယ်။ ဒီလိုအခြေအနေအောက်မှာ ရွေးကောက်ပွဲကျင်းပ မယ့်အပေါ် စိုးရိမ်တဲ့အကြောင်း လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အနောက်နိုင်ငံအစိုးရတွေက ပြောထားတာပါ။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာန ပြောခွင့်ရက အစောပိုင်းမှာ ပြောတာမှာတော့ ဝန်ကြီး Kono ဟာ ဝန်ကြီးချုပ် ဟွန်ဆန်၊ နိုင်ငံ ခြားရေးဝန်ကြီး Prak Sokhonn တို့နဲ့ တွေ့ဆုံချိန်တွေအတွင်း ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တာမရှိဘူးလို့ ဆိုပါတယ်။

ဝန်ကြီးချုပ်ဟွန်ဆန်က အတိုက်အခံတွေကို ဖိနှိပ်နေတာနဲ့ပတ်သက်ပြီး သတင်းထောက်တွေက မေးတာမှာတော့ ဝန်ကြီး Kono အနေနဲ့ ကမ္ဘောဒီးယားပြည်တွင်းရေးကို မှတ်ချက်ပေးမပြောခဲ့ဘူးလို့ ပြောခွင့်ရ Maruyama ကပြောပါတယ်။

Your browser doesn’t support HTML5

ကမ္ဘောဒီးယားမှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကျင်းပဖို့ ဂျပန် တိုက်တွန်း