ကယ်လီဖိုးနီးယားပစ်ခတ်မှု သေနတ်သမား ၂ ဦး အပါအဝင် အနည်းဆုံး ၁၄ ဦးသေဆုံး

ကယ်လီဖိုးနီးယားပြည်နယ် San Bernardino ရှိ မသန်မစွမ်းသူများကို သင်တန်းပေးတဲ့ဌာန တခုတွင်းကို သေနတ်သမား ၃ ဦးတို့ ဝင်ရောက်ပြီး ဗုဒ္ဓဟူးနေ့က ပစ်ခတ်ခဲ့ရာမှာ လူအနည်းဆုံး ၁၄ ဦး သေဆုံးပြီး၊ တခြား လူ ၁၇ ဦး ဒဏ်ရာရရှိသွားပါတယ်။

နာရီအနည်းငယ်အကြာမှာ သေနတ်သမားတွေ ထွက်ပြေးခဲ့တဲ့ SUV မော်တော်ကားကို ရဲအရာရှိတွေက ကယ်လီဖိုးနီးယားရဲ့ Redlands အနီး ရပ်ကွက်မှာ တွေ့ရှိခဲ့လို့ ရဲက ပစ်ခတ်ခဲ့ရာ၊ သေနတ်သမား ၂ ဦးတို့ သေဆုံးသွားတယ်လို့ သိရပါတယ်။ သေဆုံးသူတွေဟာ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ ဖြစ်ကြပြီး၊ သူတို့ဟာ စစ်ပျောက်ကျားဝတ်စုံတွေကို ဝတ်ဆင်ထားပြီး ပြောင်းရှည်နဲ့ ပြောင်းတို သေနတ်တွေကို ကိုင်ဆောင်ထားကြတယ်လို့ San Bernardino ရဲ့ ရဲမှူး Jarrod Burguan က သတင်းထောက်တွေကို ပြောပါတယ်။

တတိယ မသင်္ကာရသူ ၁ ဦးကိုလည်း SUV မော်တော်ကားဘေးမှာ ရဲနဲ့ အပြန်အလှန် ပစ်ခတ်ချိန် ထွက်ပြေးဖို့ ကြိုးစားစဉ် ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီလူဟာ အလိုရှိနေတဲ့ သေနတ်သမားတွေအနက် ၁ ဦး ဖြစ်၊ မဖြစ် ဒါမှမဟုတ် ပစ်ခတ်စဉ် ဘေးကင်းရာကို ထွက်ပြေးဖို့ ကြိုးစားခဲ့သူဖြစ်ကြောင်း အတိအကျ မပြောနိုင်ကြောင်းလည်း Burguan က ပြောပါတယ်။

San Bernardino ဟာ Los Angeles မြို့ အရှေဘက် မိုင် ၆၀ ခန့် အကွာမှာ ရှိတာဖြစ်ပါတယ်။

ဒီသေနတ်သမားတွေဟာ သင်တန်းရှိရာ နေရာကို သတ်ဖို့ ရည်ရွယ်ချက်နဲ့ လာရောက်ကြတယ်လို့ San Bernardinoရဲ့ ရဲမှူး Jarrod Burguan က သတင်းထောက်တွေကို ပြောပါတယ်။ အခုလို သေနတ်ပစ်ခတ်မှုများဟာ ပြည်တွင်းရေး အကြမ်းဖက်မှုဖြစ်တယ်လို့ ရဲမှူး Jarrod Burguan က ပြောပေမဲ့ အခုလို လုပ်ရခြင်း ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ မသိကြောင်း ပြောပါတယ်။

မြင်ကွင်းမှာရောက်ရှိနေတဲ့ FBI အရာရှိတစ်ဦးကတော့ ခုချိန်ခါမှာ ဒီတိုက်ခိုက်မှုဟာ နိုင်ငံတကာ အကြမ်းဖက်မှုနဲ့ ဆက်စပ်မှု ရှိ မရှိ ဆိုတာကို စုံစမ်းစစ်ဆေးသူတွေနဲ့ အသေအချာ မသိတဲ့အကြောင်း ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အခုလို လူတွေကို သေနတ်ပစ်ခတ်မှု ပုံစံမျိုးတွေဟာ ကမ္ဘာတဝှမ်း တခြားနေရာမှာ မတွေ့ရတဲ့အကြောင်း - CBS ရုပ်သံလွှင့်ဌာနကို သမ္မတ အိုဘားမားက ပြောကြားပါတယ်။