ကယ်လီဖိုးနီးယားပြည်နယ် Poway မြို့ ပစ်ခတ်မှု တဦးသေဆုံး

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Poway မြို့ ဂျူးဘုရားရှိခိုးကျောင်းမှာ မနေ့ စနေနေ့ က သေနတ်သမားတဦး ဝင်ရောက် ပစ်ခတ်တာကြောင့် တယောက် သေဆုံးပြီး ၃ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သေနတ်သမားက ဘုရားကျောင်းထဲကို ဒေသစံတော်ချိန် မနက် ၁၁ နာရီခွဲလောက်မှာ ဝင်လာပြီး တိုက်ပွဲသုံး AR မောင်းပြန်သေနတ်နဲ့ ပတ်ခတ်ခဲ့ကြောင်း San Diego ခရိုင်ရဲအရာရှိ Bill Gore က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ထွက်ပြေးသွားတဲ့ သေနတ်သမားကို တာဝန်ချိန်ပြင်ပက နယ်စပ်လုံခြုံရေးရဲက သေနတ်နဲ့ ပစ်ခတ်ခဲ့ပေမယ့်လည်း မထိလိုက်ဘဲ သေနတ်သမားက လွတ်မြောက်သွားခဲ့တာပါ။ ဒါပေမယ့် နောက်ပိုင်းမှာ အသက် ၁၉ နှစ်အရွယ် San Diego ဒေသခံ သေနတ်သမားက ရဲကို အကြောင်းကြားခဲ့ပြီး လက်နက်ချအဖမ်းခံခဲ့ကြောင်း San Diego ရဲမှူး David Nisleit က ဆိုပါတယ်။

ပစ်ခတ်မှု မဖြစ်ခင် တနာရီလောက်အလိုက သေနတ်သမား နဲ့ နာမည်တူ ဂျူးဆန့်ကျင်ရေးသမားတဦးက မတ်လအတွင်းက နယူးဇီလန်နိုင်ငံက ဗလီတွေမှာ ပစ်ခတ်တိုက်ခိုက်မှုနဲ့ ကယ်လီဖိုးနီးယားပြည်နယ် Escondido က ဗလီမီးရှို့ခဲ့တဲ့ သူတွေကို ချီးကျုးပြောဆိုတဲ့ စာသားတွေ အွန်လိုင်းမှာ တင်ခဲ့တာပါ။

Poway ပစ်ခတ်မှုဟာ အမုန်းတရားကို အခြေခံတဲ့ လုပ်ရပ် ဖြစ်နိုင်ကြောင်းနဲ့ ဒီတိုက်ခိုက်ကြောင့် ထိခိုက် သေဆုံးသူ မိသားစုတွေနဲ့ ထပ်တူထပ်မျှ ကြေကွဲရကြောင်း သမ္မတ Trump က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

Your browser doesn’t support HTML5

ကယ်လီဖိုးနီးယားပြည်နယ် Poway မြို့ ပစ်ခတ်မှု တဦးသေဆုံး