ကယ်လီဖိုးနီးယား အထက်တန်းကျောင်း ပစ်ခတ်မှု ၂ ဦးသေဆုံး

(Zawgyi/Unicode)

ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း Santa Clarita မြို့ Saugus အထက်တန်းကျောင်းမှာ ဒေသစံတော်ချိန် မနက် ၇ နာရီခွဲ ကျော်ကျော်မှာ သေနတ်ပစ်ခတ်မှု တခု ဖြစ်ပွားခဲ့ပြီး ၂ ဦး သေဆုံးခဲ့ရပါတယ်။

သေနတ်နဲ့ ပစ်ခတ်တယ်လို့ သံသယရှိသူဟာ အသက် ၁၆ နှစ်အရွယ် ကျောင်းသားတဦးဖြစ်ပြီး သူ့မွေးနေ့မှာ ခုလို အခင်းဖြစ်ပွားခဲ့ကြောင်းနဲ့ သူအပါအဝင် သေနတ်ထိမှန် ဒဏ်ရာရသူ ၆ ဦးကို ဆေးရုံကို ပို့ပေးခဲ့ ပေမယ့် အသက် ၁၆ နှစ်အရွယ်ကျောင်းသူ တဦးနဲ့ ၁၄ နှစ်အရွယ် ကျောင်းသားတဦး ဆေးရုံမှာ သေဆုံးသွားတယ်လို့ Los Angeles ကောင်တီ ရဲဌာနက ကက်ပတိန် Kent Wegener က ပြောပါတယ်။

ဗီဒီယိုထဲမှာ သူဟာ သူ့ခေါင်းကို သူပြန်မပစ်ခင်မှာ ကျောပိုးအိတ်ထဲက သေနတ်ကို ထုတ်ပြီး လူ ၅ ယောက်ကို ပစ်ခတ်ခဲ့တယ်လို့လည်း ရဲက ပြောပါတယ်။ ပစ်ခတ်တဲ့ သေနတ်က 45-caliber semi-automatic pistol ဖြစ်ပြီး သေနတ်ကို စစ်ဆေးကြည့်ရာမှာ သေနတ်ထဲ ယမ်းတောင့် တတောင့်မှ မကျန်တော့တာ တွေ့ရတယ်လို့လည်း ပြောပါတယ်။

သေနတ်နဲ့ အပစ်ခံခဲ့ရတဲ့ထဲက ဒဏ်ရာရခဲ့သူတွေကတော့ အသက် ၁၄ နှစ်နဲ့ ၁၃ နှစ်အရွယ် ကျောင်းသူ ၂ ဦး အသက် ၁၄ နှစ်အရွယ် ကျောင်းသား တဦးတို့ ဖြစ်ပါတယ်။ သေနတ်နဲ့ ပစ်ခတ်တယ်လို့ သံသယရှိသူ ဘယ်သူဘယ်ဝါ ဆိုတာကို ရဲက မထုတ်ပြန်သေးသလို ဆေးရုံတင်ထားရတဲ့ သူ့ရဲ့ အခြေနေကတော့ သိပ်ဆိုးနေတယ်လို့လည်း ရဲက ပြောပါတယ်။

အခုလို ပစ်ခတ်ရတဲ့ အကြောင်းရင်းကို စုံစမ်းဆဲဖြစ်ပြီး သူ့နေအိမ်ကို ရှာဖွေဖို့ လုပ်နေတယ်လို့ လည်း ရဲက ပြောပါတယ်။

Your browser doesn’t support HTML5

ကယ်လီဖိုးနီးယား အထက်တန်းကျောင်း ပစ်ခတ်မှု ၂ ဦးသေဆုံး


.................


(Unicode)




