ကြားဖြတ်ရွေးကောက်ပွဲ လူထုစိတ်ဝင်စားမှုနည်းလာသလား

နိုဝင်ဘာလ ၃ ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် ပြည်သူတွေကြားမှာ စိတ်ဝင်စားမှု နည်းပေမဲ့လည်း နိုင်ငံရေးပါတီတွေကတော့ အကြိတ်အနယ် မဲဆွယ်စည်းရုံးနေကြပါတယ်။ လစ်လပ်နေရာ ၁၃ နေရာ ယှဉ်ပြိုင်မယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ ရွေးကောက်ပွဲ ကော်မရှင်ဘက်က ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် မမေခက စုစည်းတင်ပြထားပါတယ်။

လွှတ်တော်မှာ လစ်လပ်နေတဲ့ အမတ် နေရာ ၁၃ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရက်ပိုင်းသာ ကျန်ပါတော့တယ်။

လွှတ်တော်မှာ အများဆုံးနေရာရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေး ပါတီကြီးတွေ၊ ပါတီသစ်တွေ၊ တသီးပုဂ္ဂလယှဉ်ပြိုင်သူတွေ၊ တိုင်းရင်းသား ကိုယ်စားလှယ်တွေ ယှဉ်ပြိုင်ကြမှာပါ။

ကိုယ်စားလှယ်လောင်း (၆၉) ယောက် ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး နိုင်ငံရေးပါတီတွေအနေနဲ့၊ ရေဒီယို ရုပ်မြင်သံကြားကတဆင့် ဖြစ်စေ၊ နောက် လူထုနဲ့ တွေ့ဆုံပွဲတွေကတဆင့် ဖြစ်စေ သူတို့ရဲ့ နိုင်ငံရေး ရပ်တည်ချက်တွေကို ဟောပြောနေကြပြီ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာတော့ ဆိပ်ကမ်းမြို့နယ်နဲ့ လက်ရှိသမ္မတကြီး မဲပေးမယ့် တာမွေမြို့နယ်တွေမှာ ပါတီကြီးတွေ ကအပြိုင်အဆိုင်မဲဆွယ်နေကြပါတယ်။ ဒီနေရာတွေမှာ အင်တိုက်အားတိုက်ပြိုင်ဆိုင်လာမှုတွေလည်းတွေ့နေရတယ်လို့ ရပ်ကွက်နေပြည် သူတွေကဆိုပါတယ်။

တာမွေမြို့နယ် တခုတည်းမှာ လက်ရှိအာဏာရပါတီ NLD နဲ့ အတိုက်အခံ အင်အားကြီးပါတီတွေအပြင် အခြားပါတီ ၆ ခုကပါ ပါဝင်ရွေးခံဖို့ ပြင်ဆင်နေပါတယ်။ ကျားကွက်သစ် ရပ်ကွက်က မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးထွန်းကြည်ကတော့ မဲဆန္ဒရှင်ပြည်သူတွေရဲ့ စိတ်ဝင်စားမှု အခြေအနေကို အခုလို ပြောပြပါတယ်။

"အခက်အခဲကတော့ ဘာမှမရှိပါဘူး။ အားလုံးအဆင်ပြေပါတယ်။ စိတ်ဝင်စားမှုအပိုင်းကတော့ နီးကပ်လာလေ ပြည်သူကပိုစိတ်ဝင် စားလာလေပေါ့နော်။ ပထမအကြိမ်ကြေညာတုန်းကမဲဆန္ဒရှင်တွေက စောသေးတယ်ဆိုပြီး လာရောက်ကြည့်တယ်ဆိုတာနည်းတယ် ပေါ့နော်။ ဒုတိယအကြိမ်ကတော့ ၁.၁၀. ၂၀၁၈ ကနေ ၁၄ရက်နေ့အထိ ကတော့ပြည်သူလူထုက ပထမအကြိမ် လာကြည့်တုန်းကထက် စိတ်ပါဝင်စားပြီး ပထမကြိမ်ထက် ဒုကြိမ်လာကြည့်တာ ၂ဆလောက်ပိုများလာလို့ ပြည်သူလူထုက စိတ်ပါဝင်စားလာတယ်လို့ပြောရမှာ ဖြစ်ပါတယ်"

ဒီ ကြားဖြတ်ရွေးကောက်ပွဲဟာ ၂၀၂၀ မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ NLD ပါတီအပေါ် လူထုက ဘယ် လောက်ထိ ထောက်ခံမှု ရှိမလဲ ဆိုတာကို စမ်းသပ်မယ့် ရွေးကောက်ပွဲမျိုး ဖြစ်လိမ့်မယ်လို့လည်း နိုင်ငံရေးလေ့လာ သုံး သပ်သူ တွေကဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတုန်းက တောင်ပြိုကမ်းပြို အနိုင်ရခဲ့တဲ့ NLD ပါတီဟာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်သွားရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ စီးပွားရေး ကောင်းမွန်အောင် လုပ်ဆောင်သွားမယ်လို့ ကတိတွေ ပေးခဲ့တာပါ။ NLD ပါတီအုပ်ချုပ်လာတာ ၂နှစ်ခွဲလောက် ရှိလာပြီဖြစ်ပေမယ့် ရွေးကောက်ပွဲ ကတိတွေကို အနည်းငယ်ပဲ လုပ်ဆောင် နိုင်သေးတယ်ဆိုပြီး စိတ်ပျက်လက်ပျက် ဝေဖန်သံတွေလည်း ထွက်ပေါ်နေပါတယ်။

တာမွေမြို့ခံတချို့ရဲ့ ကြားဖြတ် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အမြင်သဘောထားတွေကို မေးကြည့်တဲ့အခါ အနှေးယာဉ်လုပ်သား ဦးရဲလင်းထွဋ် က

"ဆန္ဒတော့မရှိဘူး။ ဘယ်သူတက်တက်ဘာမှမဟုတ်ဘူး။ ဆိုက်ကားတွေက ဈေးလည်းတက် အုံနာကြေးတွေလည်းတက်လာတယ်။ ဟိုလူတယောက် တက်လည်း ဒေါ်လာဈေးတက်တာနဲ့ ဘာနဲ့ ။ဟိုလူကိုမဲပေးလည်းဈေးကမကျဘူး။ ပစ္စည်းဈေးလည်းမကျဘူး "

တာမွေမြို့နယ်တွင်းနေထိုင်နေတဲ့ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူ ဦးအေးကိုကတော့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့၊

"မေး။ ။ ကြားဖြတ်ရွေးကောက်ပွဲ ကိုမဲပေးရမှာဘယ်လိုသိပါသလဲ

.ဖြေ။ ။ သတင်းစာဖတ်တယ်။ ဆိုင်းပုဒ်တွေရှိတယ်။ ရဝတရုံးမှာ ကပ်ထားတယ်။

မေး။ ။ ကြားဖြတ်ကိုကော စိတ်ဝင်စားမှုရှိရဲ့လား

ဖြေ ။ ။ မရှိဘူး

မေး။ ။ ဘာဖြစ်လို့လဲရှင့်

ဖြေ။ ။ မသိဘူး ဘယ်လိုကြီးမှန်းမသိဘူး ပေးလိုက်လို့ဆို ပေးလိုက်မှာဘဲ"

၂၀၁၈ နိုဝင်ဘာလ ၃ရက် စနေနေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြရမယ့် မဲဆန္ဒနယ်တွေကတော့ ပြည်သူ့ လွှတ်တော်အတွက် ၄ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၁ နေရာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အတွက် ၈ နေရာ စုစုပေါင်း (၁၃) နေရာ ဖြစ်ပါတယ်။ ဒီကြားဖြတ်ရွေးကောက်ပွဲ တိုင်းရင်းသားလူမျိုးစုတွေ ရှိတဲ့နေရာတချို့မှာ လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အနိုင်ရဖို့ ခက်လိမ့်မယ်ဆိုပြီး ကြိုတင်ခန့်မှန်းချက်တွေလည်း ထွက်ပေါ်နေပါတယ်။

Your browser doesn’t support HTML5

ကြားဖြတ်ရွေးကောက်ပွဲ လူထုစိတ်ဝင်စားမှုနည်းလာသလား