ကျောင်းသားတွေ ဖမ်းဆီးခံရမှု George Bush ဇနီးမောင်နှံ စိုးရိမ်

သပိတ်မှောက်ကျောင်းသားတဦးကို ရဲလုံခြုံရေးတွေ ဝိုင်းရိုက်နှက်နေစဉ်။ (မတ် ၁၀၊ ၂၀၁၅)

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အာဏာပိုင်တွေက ဖမ်းဆီးတဲ့အပေါ် အထူးပဲ စိုးရိမ်မိတဲ့အကြောင်း အမေရိကန် သမ္မတဟောင်း ဂျော့ဂျ် ဒဗလျူ ဘုရှ် (George W. Bush) နဲ့ ဇနီးဖြစ်သူ လော်ရာ ဘုရှ် (Laura Bush) တို့က ကြာသပတေးနေ့မှာ ကြေညာချက်တစောင် ထုတ်ပြန်ပါတယ်။

အဖမ်းခံထားရသူတွေထဲမှာ Bush Institute က စီစဉ်တဲ့ လွတ်လပ်မှုနဲ့ ခေါင်းဆောင်မှုဆိုင်ရာဖိုရမ်မှာ ပါဝင်သူတဦးဖြစ်သူ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ရဲ့ အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်လည်း ပါဝင်ပြီးတော့ သူဟာ မြန်မာနိုင်ငံပညာရေးအတွက် စူးနစ်စွာ ဆောင်ရွက်သူတဦးဖြစ်တယ်လို့ သမ္မတဟောင်း ဘုရှ်နဲ့ ဇနီးဖြစ်သူရဲ့ ကြေညာ ချက်မှာပြောထားပါတယ်။

မဖြိုးဖြိုးအောင်လိုပဲ ဆန္ဒပြသူအများအပြားဟာ ပွင့်လင်းမြင်သာပြီး တာဝန်ခံမှုရှိတဲ့ ပညာရေးစနစ်တခု ပေါ်ပေါက်လာဖို့ စည်းရုံး ဆောင်ရွက်ခြင်းအားဖြင့် မြန်မာ့ အသွင်ကူးပြောင်းရေးကို ထောက်ခံ လုပ်ဆောင်သူတွေ ဖြစ်တယ်လို့လည်း ကြေညာချက်က ထောက်ပြပါတယ်။

ပညာရေးဟာ နိုင်ငံနဲ့လူထုတိုင်းရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှု သာယာဝပြောရေးတို့အတွက် အသက်တမျှအရေးကြီးပြီး အဖမ်းခံ ထားရတဲ့ သပိတ်မှောက်ကျောင်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးမယ်လို့ မျှော်လင့်တဲ့အကြောင်း သမ္မတဟောင်းဘုရှ်နဲ့ သမ္မတဟောင်းကတော် လော်ရာ ဘုရှ်တို့ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။