မီးသင့်ရိုဟင်ဂျာကျေးရွာတွေ အာဏာပိုင်တွေရှင်းလင်းမှု AI အဖွဲ့ စိုးရိမ်

ရခိုင်ပြည်နယ် မြောက်ပိုင်းက မီးလောင်ခဲ့တဲ့ ရာနဲ့ချီတဲ့ ရိုဟင်ဂျာ ကျေးရွာတွေကို ရိုဟင်ဂျာတွေရဲ့ မျက်ကွယ်မှာ မြန်မာအာဏာပိုင်တွေက ပြန်လည် တည်ဆောက်နေတယ်လို့ အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ကြီး Amnesty International က ပြောဆိုလိုက်ပါတယ်။

ရိုဟင်ဂျာတွေ ဘိုးစဉ်ဘောင်ဆက် အသက်မွေးဝမ်းကျောင်း နေထိုင်လာတဲ့ မြေပေါ်မှာ အိုးအိမ်တွေ၊ စိုက်ပျိုးမြေတွေ၊ ကျေးရွာတွေ တိုးချဲ့တည်ထောင်ပြီး ရိုဟင်ဂျာ မဟုတ်သူတွေ ပိုပြီး နေထိုင်လာရေးနဲ့ လုံခြုံရေးပိုပြီး တင်းကျပ် လာနိုင်စေရေး မြန်မာ အာဏာပိုင်တွေရဲ့ လုပ်ရပ် အပေါ်မှာ Amnesty International အဖွဲ့ကြီး အနေနဲ့ အထူးဘဲ စိုးရိမ်နေတာပါ။

ဂြိုဟ်တုကနေ ရယူထားတဲ့ ပုံတွေ၊ ဗွီဒီယိုတွေ ရိုဟင်ဂျာတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ကျွမ်းကျင်သူတွေနဲ့ တွေ့ဆုံ မေးမြန်းခန်းတွေကို ကိုးကားပြီး မြန်မာအာဏာပိုင်တွေဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းကို ပြန်လည်တည်ဆောက်နေပြီဆိုပြီး AI ရဲ့ အစီရင်ခံစာက ထောက်ပြတာပါ။ မီးလောင်ပြင် ရိုဟင်ဂျာ ကျေးရွာတွေကို ရှင်းလင်းရေး၊ အိုးအိမ်သစ်တွေ၊ လုံခြုံရေး စခန်းတွေနဲ့ အခြေခံ အဆောက်အဦးတွေ ဆောက်လုပ်ရေးကို ဒီနှစ် အစပိုင်းမှာ မြန်မာအာဏာပိုင်တွေဘက်က အင်နဲ့အားနဲ့ ဆောင်ရွက်လာတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာတွေ ဌာနေပြန်ရေး အတွက် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေကြောင်း မြန်မာ အရပ်သား အစိုးရက ပြောဆိုထားပေမယ့် အခု ဒေသတွင်းမှာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ အရှိန်အဟုန်နဲ့ ကျယ်ကျုယ်ပြန့်ပြန့် လုပ်နေတဲ့ သဘောသဘာဝက အကြီးအကျယ် စိုးရိမ်စရာ ဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။ မြန်မာ အစိုးရက ဆယ်စုနှစ်တွေနဲ့ချီ အားပေး ထောက်ပံ့ထားတဲ့ ခွဲခြားဆက်ဆံမှုနဲ့ လူမျိုးရေး ခွဲခြားမှုတွေ ကင်းရှင်းသွားစေရေး အတွက် မြန်မာ အရပ်ဘက်နဲ့ စစ်ဘက် အာဏာပိုင်တွေကို နိုင်ငံတကာက ဖိအားပေးကြဖို့၊ ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ နိုင်ငံတကာ ဥပဒေတွေ အရ ရာဇဝတ်မှုတွေကို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုလုပ်ပြီး တာဝန်ရှိသူတွေကို အရေးယူရမယ်လို့လည်း AI အဖွဲ့ကြီးက တိုက်တွန်းထားပါတယ်။

Your browser doesn’t support HTML5

မီးသင့်ရိုဟင်ဂျာကျေးရွာတွေ အာဏာပိုင်တွေရှင်းလင်းမှု AI အဖွဲ့ စိုးရိမ်