အမေရိကန် ပြည်ထောင်စုမှာ ဖေဖော်ဝါရီလဟာ Black History Month လူမည်းသမိုင်းတင်လအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။ လူမည်းတွေရဲ့ သမိုင်းမှာ ထူးခြားလှတဲ့ ပုဂ္ဂိုလ်တွေအနက် အထင်ရှားဆုံး အမျိုးသမီးကြီးကတော့ Rosa Parks ပဲဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၆၂ နှစ်က လူဖြူလူမည်း အသားရောင်ခွဲခြားရေးဝါဒကို ကန့်ကွက်ခဲ့တဲ့ သာမန်လူမည်း အမျိုးသမီး ရဲ့ သတ္တိရှိလှတဲ့ လုပ်ရပ်ဟာ ကနေ့အထိ လူအများအတွက် အားကျအတုယူစရာ ဖြစ်ခဲ့ပါတယ်။ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ဆက်ထားပါတယ်။
"ကျမအနေနဲ့ အဲ့ဒီနေ့က အဖမ်းခံဖို့ ရည်ရွယ်ပြီး လုပ်ခဲ့တာတော့ မဟုတ်ပါဘူး။ ထောင်ထဲမသွားရဘဲနဲ့ လုပ်နိုင်ဖို့ ရည်ရွယ်ခဲ့ပါတယ်။ ဒါပေမဲ့လို့ ကျမ အဖမ်းခံဖို့ ဆုံးဖြတ်ချက် ချလိုက်တာကတော့ ကျမတို့အနေနဲ့ ဒီလို အနှိမ်ခံရတဲ့ ဘဝမျိုးမှာ နေရာတာ ကြာခဲ့ပြီမို့ ကျမတို့အပေါ် ခွဲခြားဆက်ဆံတာ ပိုပြီးခံလေ၊ ပိုပြီး အနှိမ်ခံရလေ ဖြစ်တယ်ဆိုတာကို ကျမ သဘောပေါက်မိလို့ ဖြစ်တယ်" - လို့ ပြောသွားသူကတော့ ကွယ်လွန်လေပြီဖြစ်တဲ့ ပြည်သူ့အခွင့်အရေး လှုပ်ရှားမှုရဲ့ မိခင်ကြီးရယ်လို့ တင်စားခေါ်ဝေါ်သူ Rosa Parks ပဲ ဖြစ်ပါတယ်။
ဒီလ ဖေဖော်ဝါရီလကို အမေရိကန်မှာ Black History Month လူမည်းသမိုင်းတင်လအဖြစ် သတ်မှတ်ထားတဲ့အတွက်ကြောင့်လည်း Rosa Parks ရဲ့ အသားအရောင် ခွဲခြားမှု အဆုံးသတ်ရေး သမိုင်းတင်ကြိုးပမ်းမှုများကို တင်ပြပေးဖို့ ရည်ရွယ်ခဲ့တာပါ။
လူမည်းသမိုင်းတင်လ စခဲ့တာကတော့ ၁၉၁၅ ခုက ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ ကျေးကျွန်စနစ် ပပျောက်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ချက်မှာ သတ်မှတ်ထားပြီး နှစ် ၅၀ အကြာမှာ ဖြစ်တယ်လို့ ဆိုရမှာပါ။ ဟားဗတ်ကျောင်းဆင်း ဘွဲ့ရသမိုင်းရှင် ကာတာဂျီ ဝွတ်ဆင် နဲ့ တခြား အထင်ကရ အာဖရိကနွယ်ဖွား အမေရိကန် နိုင်ငံသားတွေရဲ့ ကြိုးပမ်းမှုကြောင့် အမေရိကန်သမိုင်းမှာ လူမည်းအမေရိကန် နိုင်ငံသားတွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုဖို့ ၁၉၇၆ ခုနှစ်ကစလို့ အမေရိကန် သမ္မတတိုင်းက ဒီလကို Black History Month ရယ်လို့ သတ်မှတ်ပြီး နိုင်ငံကနေ ဂါရဝပြုခဲ့တာလည်း ဖြစ်ပါတယ်။
အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသား အမျိုးသမီးတွေရဲ့ ကြိုးပမ်းမှုတွေ၊ အောင်မြင်မှုတွေ အများကြီး ရှိတဲ့အနက် Rosa Parks ကတော့ အထင်ရှားဆုံး ပုဂ္ဂိုလ်တွေအနက် တဦးလို့ ဆိုရမှာပါ။ အချိန်ကတော့ ၁၉၅၅ ခု ဒီဇင်ဘာလ ၁ ရက်နေ့ကပဲ ဖြစ်ပါတယ်။ ထိုစဉ် အသက် ၄၂ နှစ်အရွယ် ရှိပြီဖြစ်တဲ့ Rosa Parks ဟာ တောင်ပိုင်းဒေသမှာ ချမှတ်ထားတဲ့ လူဖြူလူမည်း ခွဲခြားတဲ့စနစ်ကို ကျင့်သုံးတဲ့ အယ်လ်ဘားမားပြည်နယ်၊ မောင်ဂိုမာရီမြို့မှာ ဘတ်စ်ကားတစင်းပေါ် လိုက်ပါလာပြီး လူဖြူတဦးအတွက် နေရာဖယ်ပေးဖို့ ငြင်းခဲ့တာဖြစ်ပါတယ်။
ထိုစဉ်ဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့ မကွယ်လွန်မီ သူ သတင်းမီဒီယာကို ပြောပြခဲ့တာကိုလည်း ပြန်ပြောင်း တင်ပြလိုပါတယ်။
“အဲ့ဒီဘတ်စ်ကားပေါ်မှာ ကျမတို့ လူမည်း ၄ ဦး ရှိခဲ့ပါတယ်။ တဦးက ပြတင်းပေါက်နားခုံမှာထိုင်ပြီး၊ ကျမကတော့ အတွင်းဘက်ပိုင်းမှာ ထိုင်နေပါတယ်။ တခြားတဘက်မှာ နောက်ထပ် လူမည်းအမျိုးသမီး ၂ ဦး ထိုင်နေကြပါတယ်။ ဘတ်စ်ကားရပ်တော့ လူဖြူအမျိုးသားတဦး တက်လာပြီး၊ သူက မတ်တပ်ရပ်နေရတယ်။ သူက ကျမတို့အားလုံးကို ခုံကနေ ဖယ်ပေးစေချင်တယ်။ တခြား ၃ ယောက်ကတော့ မထချင် ထချင်နဲ့ ထပေးကြတယ်။ ကျမကတော့ ဖယ်မပေးဘူး။ အဲ့ဒီတော့ ကျမ အဖမ်းခံရ၊ အချုပ်ထဲမှာ အထည့်ခံခဲ့ရတယ်” - လို့ Rosa Parks က သူမကွယ်လွန်မီက ပြန်ပြောင်း ပြောပြခဲ့တာပါ။
အခုလို လူဖြူလူမည်း ခွဲခြားဆက်ဆံတာကို ခံနေရတာ များလို့လည်း သူ့အနေနဲ့ အခုလို မခံမရပ်နိုင်ဖြစ်လို့ အာခံရဲခဲ့တာဖြစ်တယ်လို့ Rosa Parks ပြောခဲ့တာကတော့ -
“ကျမက အလုပ်ပင်ပန်းပြီး ပြန်လာတာ။ ဒါပေမဲ့ ကျမပင်ပန်းလို့ ဘတ်စ်ကားပေါ်မှာ ခုံနေရာကနေ ထ ပေးဖို့ ငြင်းခဲ့တာတော့ မဟုတ်ပါဘူး။ ကျမအနေနဲ့ ကျမက တန်ရာတန်ကြေး ဘတ်စ်ကားခပေးပြီး စီးတာမို့လို့လည်း ကျမ ထပေးစရာ အကြောင်းမရှိဘူးလို့ ကျမ ယုံကြည်ပါတယ်။ ဒါ့အပြင် ကျမကို အခုလို ခွဲခြားဆက်ဆံတာမျိုးကိုလည်း ကျမ မခံတော့ဘူးလို့ ဆုံးဖြတ်တဲ့အတွက် အခုလို ဘတ်စ်ကားပေါ်မှာ ခုံနေရာကို မဖယ်ပေးခဲ့တာပါ” - လို့ Rosa Parks က ပြောခဲ့တာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အသားအရောင် ခွဲခြားတဲ့စနစ်ကို ကျင့်သုံးတဲ့ ထိုစဉ်က ခရီးသွားရာမှာ လူဖြူက ရှေ့တန်းခုံ၊ လူမည်းတွေက နောက်တန်းခုံတွေမှာ ထိုင်ကြရပြီး၊ လူဖြူတွေအတွက် ရှေ့တန်းခုံတွေမှာ နေရာမရှိရင် နောက်တန်းခုံမှာ လူမည်းတွေက ဖယ်ပေးကြရတာဖြစ်ပါတယ်။ ဒါကို Rosa Parks က ဆန့်ကျင်ခဲ့တာပါ။ အလားတူပဲ ကျောင်းတွေ၊ စားသောက်ဆိုင်တွေ၊ ရုပ်ရှင်ရုံတွေ စသဖြင့်မှာလည်း လူဖြူနဲ့ လူမည်းတွေကို ခွဲခြားဆက်ဆံထားတာပါ။
Rosa Parks တို့ရဲ့ မောင်ဂိုမာရီမြို့လေးမှာ ဒီအသားအရောင် ခွဲခြားတဲ့စနစ်ကို ဘတ်စ်ကားတွေပေါ်မှာ တခြား လူမည်းအမျိုးသမီးတွေက အာခံခဲ့လို့ အဖမ်းခံခဲ့ကြရတာတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့လို့လည်း ဒီတခါ Rosa Parks အဖမ်းခံခဲ့ရတော့ လူမည်းလူ့အဖွဲ့အစည်းက ဒီဖြစ်ရပ်ကို မခံတော့တဲ့အတွက် သူ့နောက်မှာ ဝိုင်းပြီး ရပ်တည်ပေးခဲ့ကြပါတယ်။ Rosa Parks ကတော့ အလုပ်ပြုတ်ခဲ့ပြီး၊ အယ်လ်ဘားမားပြည်နယ်မှာ အလုပ်ရှာမရတော့တဲ့ အတွက်ကြောင့်လည်း သူနဲ့ သူ့ခင်ပွန်းဟာ ဒေးထရိုက်မြို့ကို ပြောင်းခဲ့ကြရပါတယ်။ ထိုစဉ် လူမည်းအဖွဲ့အစည်းဖြစ်တဲ့ NAACP ကလည်း ဒီဖြစ်ရပ်ကို စမ်းသပ်ခံအဖြစ် ရှေ့တန်းတင်ခဲ့ပါတယ်။
အထူးသဖြင့် ထိုစဉ်က ပြည်သူ့အခွင့်အရေး လှုပ်ရှားမှုမှာ ခေါင်းဆောင်အဖြစ် တက်လာသူကတော့ တရားဟောဆရာ ဒေါက်တာ မာတင် လူသာကင်းပဲ ဖြစ်ပါတယ်။ ထိုစဉ် လူဖြူလူမည်း ခွဲခြားဆက်ဆံမှု အဆုံးသတ်ဖို့၊ ငြိမ်းချမ်းစွာ တိုက်ပွဲဝင်ဖို့၊ ဆုံးဖြတ်ခဲ့သူ ဒေါက်တာ ကင်း ပြောခဲ့တာကိုလည်း ပြန်ပြောင်း တင်ပြလိုပါတယ်။
“အများပြည်သူ အသုံးပြုတဲ့ သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်တွေ၊ ရထားတွေပေါ်မှာ အသားအရောင် ခွဲခြားမှုစနစ်ဟာ တနေ့ အဆုံးသတ်ရမှာပါ။ ဒါကြောင့် ဒီကနေ့ကစပြီးတော့ ကျနော်တို့ ဒါကို ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ကြဖို့ လိုမယ်လို့ ထင်ပါတယ်။ အဲ့ဒီအချိန်ရောက်လို့ အခြေအနေတွေကို ရင်ဆိုင်ရတဲ့အခါမှာ ကျနော်တို့ သိက္ခာရှိရှိ တည်တည်ငြိမ်ငြိမ် ဆင်ခြင်တုံ တရားရှိရှိနဲ့ ရင်ဆိုင်ကြပါစို့”
ဒေါက်တာ မာတင်လူသာကင်း ဦးဆောင်တဲ့ လှုပ်ရှားမှုကြောင့်လည်း အသားအရောင် ခွဲခြားရေးစနစ်ဟာ ဥပဒေအရ အမေရိကန် ပြည်ထောင်စုမှာ အဆုံးသတ်ခဲ့ပါတယ်။ ဒေါက်တာ မာတင် လူသာကင်းကတော့ လုပ်ကြံခံခဲ့ရပါတယ်။
Rosa Parks ဟာ ၁၉၈၀ ခုနှစ်များ နောက်ပိုင်းမှာလည်း အသားအရောင် ခွဲခြားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအတွက် ဆက်လက် ဆောင်ရွက်ခဲ့သလို၊ ဒေးထရိုက်မြို့မှာ လူမည်းလူငယ်တွေ အသက်မွေးဝမ်းကျောင်း အကြံပေးဌာနကိုလည်း ဖွင့်လှစ်ပေးခဲ့ပါတယ်။ အခုလို တန်းတူအခွင့်အရေး ရရှိမှုအတွက် သူ့ဘဝမှာ မနားမနေ ကြိုးပမ်းမှုတွေကြောင့် ၁၉၉၉ ခုနှစ်မှာ ထိုစဉ် သမ္မတ ဘေလ် ကလင်တန်က အရပ်သားတွေကိုပေးတဲ့ အမြင့်ဆုံး ဆုတံဆိပ်ဖြစ်တဲ့ သမ္မတရဲ့ လွတ်မြောက်မှု ဆုတံဆိပ်အပြင် လွှတ်တော်ဆိုင်ရာ အမြင့်ဆုံး ရွှေတံဆိပ်ဆုကိုလည်း သူ့ကို ချီးမြှင့်ခဲ့ပါတယ်။ ထိုစဉ် သမ္မတ ကလင်တန် ဆုပေးပွဲမှာ ပြောခဲ့တာကတော့ -
“Rosa Parks ဟာ ခေတ်သစ် အမေရိကန် သမိုင်းမှာ အထင်ကရအကျဆုံး လူမှုရေး အပြောင်းအလဲ ဖော်ဆောင်မှုကို စတင်ပေးခဲ့သူပါ။ ပြည်တွင်းစစ် ဖြစ်စေခဲ့တဲ့ အကြောင်းရင်းတွေ အဆုံးသတ်စေဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက် ၁၃၊ ၁၄ နဲ့ ၁၅ တို့မှာ ပေးအပ်ထားတဲ့ ကတိတွေကို ဖြည့်ဆည်းနိုင်ဖို့ ကြိုးပမ်းပေးခဲ့သူပါ။ နောင်နှစ်ပေါင်း ၅၀ ကျော်အောင်ပဲ Rosa Parks ဟာ တချိန်က ဘတ်စ်ကားပေါ်မှာ နေရာမဖယ်ပေးခဲ့တာထက် ကျော်လွန်ပြီး တခြား တန်းတူအခွင့်အရေး ရပိုင်ခွင့်အတွက် ကြိုးပမ်းပေးခဲ့သူ ဖြစ်တာမို့ သူ့ကို သမ္မတက ချီးမြှင့်တဲ့ လွတ်မြောက်မှု ဆုတံဆိပ်အပြင် ကျနော်နဲ့အတူ လွှတ်တော်ခေါင်းဆောင်တွေကလည်း လွတ်မြောက်မှု ရွှေတံဆိပ်ဆု သူ့ကို ချီးမြှင့်ပါတယ်။”
Rosa Parks ဟာ ၂၀၀၅ ခု အောက်တိုဘာလ ၂၄ ရက်နေ့ အသက် ၉၂ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ထိုစဉ် သူ့ရဲ့ဈာပနအခမ်းအနားကို တက်ရောက်ခဲ့တဲ့ သမ္မတ ဘရက်ခ် အိုဘားမား အမှတ်တရ ပြောခဲ့တာကိုလည်း ပြန်ပြောင်း တင်ပြလိုပါတယ်။
“ကျနော်တို့ ဒီကနေ့ ဂါရဝပြုတဲ့ အမျိုးသမီးကြီးဟာ နိုင်ငံရေးရာထူး လက်ကိုင်ထားသူ မဟုတ်ပါဘူး။ ကြွယ်ဝချမ်းသာသူလည်း မဟုတ်ပါဘူး။ အထက်တန်းလွှာ သတင်းတွေမှာ ဖော်ပြခံရသူလည်း မဟုတ်ပါဘူး။ ထိပ်တန်းတက္ကသိုလ်တခုကနေ ဘွဲ့ရခဲ့သူလည်း မဟုတ်ပါဘူး။ သူ့ဘ၀ အများပိုင်းမှာ သူဟာ စက်ချုပ်စားခဲ့သူပါ။ ဒါပေမဲ့ ကျနော်တို့နိုင်ငံရဲ့ သမိုင်းကို ပြုစုတဲ့အခါမှာတော့ ဒီအေးအေးဆေးဆေး နေတတ်တဲ့ အမျိုးသမီးရဲ့ အမည်ဟာ လွှတ်တော်အမတ်တွေ၊ သမ္မတတွေရဲ့ အမည်တွေ မေ့သွားတောင်မှ သူ့အမည်ကိုတော့ အမြဲ သတိရနေကြမှာပါ။”
Rosa Parks ကို ဂါရဝပြုခဲ့သူ နောက်တဦးကတော့ ဝါရှင်တန်ဒီစီ အောက်လွှတ်တော်မှ အယ်လ်လင်နာ ဟုမ်းစ်ပဲ ဖြစ်ပါတယ်။
“Rosa Parks အနေနဲ့ သိမ်မွေ့စွာပဲ ပြတ်ပြတ်သားသား အသိပေးခဲ့တာက ကိုယ့်ကိုယ်ကို လွတ်မြောက်အောင် လုပ်ကြဖို့ ဆိုတာပါပဲ။”
၁၉၁၃ ခု ဖေဖော်ဝါရီလ ၄ ရက်နေ့ မွေးနေ့ရှင် ကွယ်လွန်သွားပြီဖြစ်တဲ့ Rosa Parks ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့အသက် ၁၀၀ ပြည့်တဲ့ ၂၀၁၃ခုနှစ်တုန်းကတော့ သူ့မွေးနေ့ အထိမ်းအမှတ်အဖြစ် Rosa Parks တံဆိပ်ခေါင်းကို စာတိုက်ကြီးကနေ ထုတ်ဝေရောင်းချခဲ့ပါကြောင်း တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို နိဂုံးချုပ်အပ်ပါတယ်ရှင်။
Your browser doesn’t support HTML5