မဟနကို ဦးဥတ္တရတို့ ပြန်စွဲတဲ့အမှု တရားရုံးလက်မခံ

အင်္ဂလန်ဆရာတော် ဦးဥတ္တရ

မဟာသန္တိသုခ ကျောင်းတော်ပိုင်ဆိုင်မှု အငြင်းပွားနေတာနဲ့ ပတ်သတ်ပြီး ကျောင်းတော်မှာ သီတင်းသုံးနေတဲ့ အင်္ဂလန် ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာ ၅ ပါးကို ဖမ်းဆီးခေါ်ဆောင်ခဲ့တာနဲ့ ပတ်သတ်လို့ ကာယကံရှင် ဆရာတော်တွေက မဟာသံဃာ့နာယကဥက္ကဌ အပါအဝင် ဦးဆောင် သံဃာတော်တွေကို မတရား ဖမ်းဆီးမှုနဲ့ ဗဟန်းတရားရုံးမှာ အမှုဖွင့်ခဲ့ပါတယ်။ ဒါပေမဲ့ အရင်စွဲဆိုထားတဲ့ အမှုနဲ့ ဆက်စပ်နေတာကြောင့် ကာယကံရှင် ဆရာတော်တွေရဲ့ ဦးတိုက် လျှောက်လွှာကို တရားရုံးက လက်မခံဘဲ ပယ်ချခဲ့ပါတယ်။ အပြည့်အစုံကို ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုစည်သူက သတင်းပေးပို့ထားပါတယ်။

မဟာသံဃာ့နာယကနဲ့ ပီနန်ဆရာတော်တို့အကြား ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ မဟာသန္တိသုခ ကျောင်းတော်ကို ညအချိန်မတော် ဝင်ရောက် ဖမ်းဆီးခဲ့တာနဲ့ ပတ်သတ်လို့ ဖမ်းဆီးခံခဲ့ရတဲ့ ဆရာတော်တွေက ဒီကနေ့ ဗဟန်းမြို့နယ် တရားရုံးမှာ မဟာသံဃာ့နာယကကို အမှုဖွင့်ခဲ့ပါတယ်။ ဒါပေမဲ့ ဗဟန်းတရားရုံးကတော့ တာမွေတရားရုံးမှာ မဟာသံဃာ့နာယကနဲ့ ရင်ဆိုင်နေရတဲ့ အမှုနဲ့ အခုတရားစွဲတဲ့အမှုဟာ ဆက်စပ်နေတာကြောင့် ဦးတိုက်လျှောက်လွှာကို ပယ်ချခဲ့ပါတယ်။ မတရား ဖမ်းဆီးချုပ်နှောင်ခဲ့မှုနဲ့ ကျောင်းတော်ကနေ မတရားသဖြင့် ဖယ်ရှားခံခဲ့ရလို့ တရားစွဲဆိုခဲ့တာဖြစ်ကြောင်း အင်္ဂလန်ဆရာတော် ဦးဥတ္တရ က မိန့်ပါတယ်။

“ပိုင်ဆိုင်ခွင့်အတွက် အငြင်းပွားနေတဲ့ ကိစ္စနဲ့ ဒီအမှု လုံး၀ မသက်ဆိုင်ပါဘူး။ သက်ဆိုင်တဲ့အမှုကတော့ ဘုန်းကြီးတို့ကို မတရား တားဆီးကန့်ကွက်မှုနဲ့ မတရား ဖမ်းဆီးချုပ်နှောင်ထားမှုတွေနဲ့ ပတ်သက်တဲ့ ဒီအမှုနှစ်မှုနဲ့ ဘုန်းကြီးတို့ကို တရားစွဲဆိုတာပါ။ တရားစွဲဆိုတာမှာ နိုင်ငံတော် သံဃာ့မဟာနာယက ဥက္ကဌ အပါအဝင် အလှည့်ကျသံဃာတွေ အဲ့ဒီ ဘုန်းကြီးတို့ကို တတိယအဖွဲ့ခွဲရဲ့ ၁၅ ပါးအပြင် ရန်ကုန်တိုင်း သံဃာ့နာယကဥက္ကဌ ဦး ဧတ္တိဗလရယ်၊ သူ့ရဲ့ ဒုဥက္ကဌ ဦးဂုရလင်္ကရရယ်၊ နောက် အကျိုးတော်ဆောင်ရယ်၊ နောက်တခါ မဟာသန္တိသုခကျောင်းမှာ တာဝန်ခံဆရာတော်ဆိုပြီးတော့ သင်တန်းမှူးဆရာတော်အနေနဲ့ နေတဲ့ ဦးဇနိတ ဖမ်းစဉ်ခါတုန်းက သူကိုယ်တိုင်လည်း ပါပါတယ်။ အဲ့ဒီပုဂ္ဂိုလ်တွေရဲ့ မတရားလုပ်မှုတွေကို ဘုန်းကြီးတို့က ဒါ မတရားတာ ဖြစ်နေတဲ့အတွက်ကြောင့်မို့ ဒါ ဘုန်းကြီးတို့ကို မတရား ချုပ်နှောင်ထားတယ်။ ဘယ်ကိုမှ သွားလို့မရအောင် ချုပ်နှောင်ထားတဲ့ ဖမ်းဆီးထားတဲ့အတွက် ဘုန်းကြီးတို့က ဒါကို တရားစွဲတာပါ။ အဲတော့ တရားစွဲတဲ့အခါကျတော့ ဘုန်းကြီးတို့ ဒီတရားရုံးကနေပြီးတော့ ဒီစာကို လက်မခံဘူးပေါ့။ လက်မခံဘူးလို့ပဲ ဒါ ရှင်းရှင်းပြောရမယ်။ သူတို့ရေးထားတဲ့အတိုင်းကတော့ တာမွေမြို့နယ် တရားရုံးမှာ စစ်ဆေးဆဲအမှုနဲ့ စပ်လျဉ်းနေတဲ့အတွက် ကိစ္စရပ်များနဲ့ စပ်ဆိုင်နေတဲ့အတွက်တဲ့ တာမွေမြို့နယ် တရားရုံးတွင် စစ်ဆေးဆဲ အမှုနဲ့ စပ်လျဉ်းသည့် ကိစ္စရပ်များဖြစ်၍ ဦးတိုက်လျှောက်လွှာအား ပြန်ပေးမည်ဆိုပြီးတော့ အဲ့ဒီမြို့နယ်တရားသူကြီးက ဘုန်းကြီးတို့ကို ပြန်ပြီးတော့ ဒီစာပေးပါတယ်။”

စီမံခန့်ခွဲရေးအရ တရားရုံးတွေကို ညွှန်ကြားထားတာကြောင့် အခု တရားစွဲဆိုတာကို ပယ်ချခဲ့တာဖြစ်ကြောင်း အင်္ဂလန်ဆရာတော်ရဲ့ ရှေ့နေဖြစ်တဲ့ တရားလွှတ်တော် ရှေ့နေ ဦးသန်းထွန်းအောင် က ပြောပါတယ်။

“Direct Complain နဲ့ စွဲလာရင် ဘယ်လိုလုပ်ရမယ်လို့ စီမံခန့်ခွဲရေးအရ ညွှန်ကြားထားတာ တရားရုံးကို ညွှန်ကြားထားတာရှိတယ်။ အဲ့ဒီညွှန်ကြားချက်အရ ဒါကို ပြန်ပြီးတော့ ပေးတာပါ။ စွဲတာကို ပယ်တာမဟုတ်ဘူးတဲ့။ အဲတော့ ဒီအပေါ်မှာ ဥပဒေနဲ့ စပ်ဆိုင်ပြီးတော့ ဆက်ပြီးတော့ လုပ်စရာရှိရင်လည်း လုပ်ပါလို့ အဲ့လိုပြောတယ်။”

ဗဟန်းမြို့နယ် တရားရုံးက အမှုကို လက်မခံဘဲ ပယ်ချခဲ့ပေမဲ့ တိုင်း၊ ခရိုင် အဆင့်ဆင့်ကို ဆက်လက် လျှောက်ထားသွားမှာဖြစ်ကြောင်းလည်း ဦးဥတ္တရ က အခုလို မိန့်ပါတယ်။ မဟာသန္တိသုခကျောင်းတော်နဲ့ ပတ်သက်ပြီး ဒီနေ့အချိန်ထိတော့ တာမွေတရားရုံးမှာ ရုံးတင်စစ်ဆေးဆဲ ဖြစ်ပါတယ်။ အမှုရဲ့ လက်ရှိ စစ်ဆေးနေဆဲ အခြေအနေတွေကို တရားစွဲဆိုခံထားရတဲ့ ဆရာတော် ဦးဥတ္တရက အခုလို မိန့်ပါတယ်။

“မဟာသန္တိသုခရဲ့ ပိုင်ဆိုင်မှုနဲ့ အငြင်းပွားပြီးတော့ စွဲတာမဟုတ်ဘူး။ မဟနရဲ့ အမိန့်အာဏာတွေကို မလိုက်နာဘဲ လူချွတ်ပြီးတော့မှ တရားစွဲဆိုတဲ့အမှု ဖြစ်နေတာ အဲ့ဒီအမှုပေါ့။ အခုကတော့ တရားလို ပုဂ္ဂိုလ်ကို စစ်ဆေးနေဆဲ ရှိသေးတယ်။ ဒါမပြီးသေးဘူး။ ဘုန်းကြီးတို့က ၅ ပါးဆိုတော့ ၂ ပါးကတော့ ဘုန်းကြီးတို့ ၂ ပါးရဲ့ကိုယ်စားလှယ်ဖြစ်တဲ့ ဘုန်းကြီးတို့ရဲ့ ရှေ့နေတွေက အဲ့ဒီပုဂ္ဂိုလ်တွေကို ဘုန်းကြီးတို့ကိုယ်စား မေးမြန်းတဲ့ဟာတော့ ကိစ္စပြီးသွားပြီ။ ကိစ္စပြီးသွားပြီဆိုတာ မေးမြန်းတဲ့ကိစ္စပေ့ါနော်။ တရားလိုကိုမေးတဲ့ကိစ္စ။ ဒါပေမဲ့ နောက်ထပ် ၃ ပါးအတွက်က စစ်ဆေးနေတုန်းပဲ ရှိသေးတယ်။ ဒါကတော့ မပြီးသေးဘူးပေါ့။ နောက် သက်သေတွေ စစ်ရဦးမယ်ဆိုတော့ ဒါကတော့ ကျန်ပါသေးတယ်။ အဲ့ဒါမျိုးတွေ အများကြီးရှိပါတယ်။”

၂၀၁၄ ခုနှစ် ဇွန်လ ၁၃ ရက်နေ့၊ ဇွန်လ ၂၇ ရက်နေ့နဲ့ ဇူလိုင်လ ၄ ရက်နေ့တွေမှာ ရုံးထုတ်စစ်ဆေးထားတဲ့ တရားရုံး စစ်ဆေးမှုတွေအကြောင်း ဆရာတော် ဦးဥတ္တရ ပြောသွားတာပါ။

မဟာသန္တိသုခ ကျောင်းတော်ဟာ သံဃာ့မဟာနာယကအဖွဲ့နဲ့ ပီနန်ဆရာတော် ဦးပညာဝံသ တို့အကြား ပိုင်ဆိုင်မှု အငြင်းပွားနေခဲ့ပြီး ဇွန်လ ၁၀ ရက်နေ့မှာတော့ ယာယီသီတင်းသုံးနေတဲ့ အင်္ဂလန်ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာ ၅ ပါးကို အင်အားသုံး ဖမ်းဆီးခေါ်ဆောင် လူဝတ်လဲစေခဲ့ပြီး ကျောင်းတော်ကိုလည်း ချိတ်ပိတ်ခဲ့တာ ဖြစ်ပါတယ်။