မုန်တိုင်းသင့်မြန်မာဒေသခံများ Texas သီတာဂူဝီဟာရမှာ ခိုလှုံ

Corpus Christiမြို့တွင် ခိုလုံနေကြသူများ

Harvey ဆိုက်ကလုံးမုန်တိုင်းကြောင့် Texas ပြည်နယ် Houston နားတဝိုက်မှာ နေထိုင်ကြတဲ့ မြန်မာဒေသခံအချို့ ရေဘေးသင့်ပြီး၊ Austin မြို့မှာရှိတဲ့ သီတာဂူ ဗုဒ္ဒဝီဟာရ ကျောင်းတိုက်မှာ ခိုလှုံနေရပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ သီတာဗုဒဝီဟာရ ကျောင်းတိုက်က ဒေါက်တာဦးသစ္စာဉာဏကို ကိုရန်နိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုရန်နိုင် ။ ။ Texas ပြည်နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက Harvey ဆိုက်ကလုံးမုန်တိုင်းဝင်သွာပြီးတော့ မြို့တွေတော်တော်များများလည်း မုန်တိုင်းဒဏ်ခံရပြီးတော့ မုန်တိုင်းဒဏ်ခံလိုက်ရတဲ့ မြန်မာတွေကိုလည်း အရှင်ဘုရားတို့ကျောင်းကနေပြီးတော့ အကူအညီပေးနေတယ်ဆိုတာလည်းသိရပါတယ် ဘယ်လိုအကူအညီတွေပေးနေတာပါလဲဘုရား။

ဆရာတော်ဒေါက်တာဦးသစ္စာဉာဏ။ ။ဒီမှာတော့ ဦးပဉ္စင်းတို့ အခုလောလောဆည်တော့ ၃၈ ယောက်ကျန်သေးတယ်။ ၃၈ ယောက်ကို ဒီမှာတော့ဦးပဉ္စင်းတို့နေစရာတွေပေးတယ်ပေါ့နော် ၊ နေစရာပေးတယ် သူတို့ စားစရာတွေအတွက်လည်း အကုန်လုံး စီစဉ်ပေးထားတယ် သီတာဂူဆရာတော်ကြီးကလည်း မုန်တိုင်းဒဏ်ရှောင်တဲ့ မြန်မာပြည်သူပြည်သားတွေကို အကုန်လုံးအစစအရာရာ ဂရုစိုက်ပြီးတော့ စောင့်ရှောက်ဖို့ ဖုန်းဆက်ပြီးတော့ မိန့်တော်မှုတဲ့အတွက် ဦးပဉ္စင်းတို့လည်း အစစအရာရာ သူတို့ လိုအပ်တာမှန်သမျှကိုအကုန်လုံး ဖြည့်ဆည်းပေးနေပါတယ် ဒကာကြီး။

ကိုရန်နိုင် ။ ။တင်ပါ့ အရှင်ဘုရားတို့ကျောင်းက Austinမှာနော်။

ဆရာတော်ဒေါက်တာဦးသစ္စာဉာဏ။ ။Austin မှာ ပါ Texas ပြည်နယ်မြို့တော် Austin မှာရှိတဲ့ သီတာဂူ ဗုဒ္ဒဝီဟာရ ကျောင်းတိုက်မှာပါ။

ကိုရန်နိုင် ။ ။အခု အကူအညီပေးနေတဲ့လူတွေက ဘယ်မြို့တွေကလာတာပါလဲဘုရား။

ဆရာတော်ဒေါက်တာဦးသစ္စာဉာဏ။ ။ ဒီမြို့တွေကတော့ Port Lavaca လို့ခေါ်တယ်။ Port Lavaca ရယ် Corpus Christi လို့ခေါ်တဲ့ အဲဒီမြို့တွေက လာကြတာပါ။

ကိုရန်နိုင် ။ ။မုန်တိုင်းအဓိက ဝင်တိုက်သွားတဲ့နေရာတွေလို့ပြောရမှာပေါ့။

ဒေါက်တာဦးသစ္စာဉာဏ။ ။ဟုတ်တယ် ဒကာကြီး မုန်တိုင်းအဓိကနေရာတွေ ။ မုန်တိုင်းဝင်မယ်ဆိုတော့ ဒကာကြီးရာ အစိုးရကနေပြီးတော့ သူတို့ကြေညာတယ်ပေါ့နော် ဒီမြို့တွေကတော့ မုန်တိုင်းဒဏ်ကို အဓိကခံရမယ်၊ မုန်တိုင်းရှောင်ကြပါဆိုတော့ သူတို့အကုန်လုံးလာကြတာ ။ ကလေးတွေရော အားလုံးဆိုရင် ၃၈ ယောက် ဦးပဉ္စင်းတို့ကျောင်းမှာလာပြီးတော့ ရှောင်နေကြတာ သောကြာနေ့ညကတည်းကရောက်နေကြတာ။

ကိုရန်နိုင် ။ ။အခုအဲဒီမှာ မုန်တိုင်းအခြေအနေ ကယ်ဆယ်ရေးအခြေအနေကရော ဘယ်လိုရှိပါသလဲ။

ဆရာတော်ဒေါက်တာဦးသစ္စာဉာဏ။ ။ မုန်တိုင်းအခြေအနေကတော့ အခုကတော့ ကောင်းသွားပါပြီ ၊ ဒါပေမယ့်လို့ မုန်တိုင်းကြောင့်မို့လို့ မိုးတွေနည်းနည်းရွာမယ်၊ လေတွေနည်းနည်းတိုက်မယ် ဒီလောက်ပဲကျန်တော့တယ်။ စိုးရိမ်စရာအဆင့်ကိုတော့ မရှိတော့ပါဘူး။

ကိုရန်နိုင် ။ ။နောက်တခုက မုန်တိုင်းဒဏ်ခံလိုက်ရတဲ့ သူတွေကိုရော Texas ပြည်နယ် အစိုးရတို့ ၊ အမေရိကန်အစိုးရတို့ က ဘယ်လိုမျိုးအကူအညီတွေပေးနေပါသလဲဘုရား။

ဆရာတော်ဒေါက်တာဦးသစ္စာဉာဏ။ ။ သူတို့ကတော့ သူတို့အစိုးရအစီအစဉ်နဲ့ အကူအညီပေးလိမ့်မယ်ထင်တယ်။ ဦးပဉ္စင်းတို့ဒီမှာကတော့ ဦးပဉ္စင်းတို့မြန်မာ ဘုန်းတော်ကြီးကျောင်းလည်းရှိတဲ့အတွက် ဦးပဉ္စင်းတို့ကိုဆက်သွယ်ပြီးတော့ ဒီမှာရှောင်လို့ရလားဆိုတော့ ရှောင်လို့ရတယ်ဆိုပြီးတော့ ပြောတဲ့အတွက် ဒီမှာ ရှောင်နေကြတာပေါ့နော်။ အစိုးရကလည်း သူ့ဟာနဲ့သူ အစီအစဉ်တွေအကုန်လုံးလုပ်ပြီးတော့ ပေးထားတာတွေရှိပါတယ်။ ဒါပေမယ့်လို့လည်း ဦးပဉ္စင်းတို့မြန်မာပြည်သူတွေ ဆိုတော့ ဘုန်းကြီးကျောင်းမှာလာပြီးတော့ သောကြာနေ့ကတည်းက လာပြီးရှောင်ကြတာပါ။ ဦးပဉ္စင်းတို့မုန်တိုင်းနဲ့ ပတ်သက်ပြီးတော့ အသေအပျောက်က လောလောဆည်တော့ ၁ ယောက်ပဲရှိတယ်လို့ သတင်းရတယ် ဒကာကြီးရေ။

ကိုရန်နိုင် ။ ။ဦးပဉ္စင်းတို့ကျောင်းမှာက မြန်မာတွေကြီးပဲလား၊ တခြား လူတွေရော အကူအညီတောင်းတာမျိုးရှိပါသလား။

ဒေါက်တာဦးသစ္စာဉာဏ။ ။အခြားလူမျိုးတွေတော့ အခုအချိန်အထိ အကူအညီတောင်းတာတော့ မရှိသေးဘူး ဒကာကြီးရေ လောလောဆည် ဦးပဉ္စင်းတို့ကျောင်းမှာရောက်နေတဲ့ မုန်တိုင်းရှောင်ပြည်သူတွေကတော့ မြန်မာတွေပဲများပါတယ်၊ အဓိကတော့ အများစုက ကရင်လူမျိုးတွေများတယ်။

ကိုရန်နိုင် ။ ။ကျေးဇူးတင်ပါတယ်ဘုရား

ဆရာတော်ဒေါက်တာဦးသစ္စာဉာဏ။ ။ ဟုတ်ဒကာကြီး ဝမ်းသာပါတယ်။

သီတာဗုဒဝီဟာရ ကျောင်းတိုက်က ဒေါက်တာဦးသစ္စာဉာဏကို ကိုရန်နိုင်က ဆက်သွယ်မေးမြန်းခဲ့တာပါ။

Your browser doesn’t support HTML5

မုန်တိုင်းသင့်မြန်မာဒေသခံများ Texas သီတာဂူဝိဟာရမှာခိုလှုံ