မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် လုံခြုံရေး တိုးမြင့်ဖို့ လုပ်ဆောင်

ရခိုင်ပြည်နယ်တွင်းက ရဲလုံခြုံရေးစခန်း။

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ နယ်စပ်မှာ လုံခြုံရေးစခန်း ၁၅ ခု တိုးချဲ့ဆောက်လုပ်နေတဲ့အကြောင်း သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ ဒါဟာ အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်ရဲ့ လုံခြုံရေးအတွက် စဉ်းစား လုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့ ရခိုင် လွှတ်တော်အမတ်တချို့က ပြောပါတယ်။ ရခိုင်ပြည်နယ် လုံခြုံရေး တိုးမြင့်ပေးဖို့ လွှတ်တော်တွင်းမှာလည်း အရင်က တောင်းဆိုမှုတွေ ရှိခဲ့တာကြောင့် ခုလို လုပ်ဆောင်ပုံရတယ်လို့လည်း ယူဆကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက ပြောပြပေးပါမယ်။

နယ်စပ် အသွားအလာများတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ လုံခြုံရေးစခန်း ၁၅ ခု တိုးချဲ့ ဆောက်လုပ်နေတဲ့အကြောင်း ပြည်တွင်း သတင်းတချို့မှာ ဖော်ပြထားတာပါ။ ဒီသတင်းနဲ့ ပတ်သက်လို့ ရခိုင်လွှတ်တော် အမတ်တချို့ ကတော့ နယ်စပ်ဒေသ တရားမဝင် ခိုးဝင်မှုတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖို့ အခုလို လုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်ရဲ့ လုံခြုံရေး တိုးမြင့်ဆောင်ရွက်ဖို့ ပြီးခဲ့တဲ့နှစ်အတွင်း လွှတ်တော်မှာ တောင်းဆိုမှုတွေ ရှိခဲ့တဲ့အတွက်လည်း အခုလို နယ်စပ်ဂိတ်တွေ တိုးချဲ့ပြီး လုံခြုံရေး တိုးမြင့်ဖို့ လုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး တိုးမြင့်ဆောင်ရွက်ပေးဖို့ လွှတ်တော်မှာ အဆိုပြုခဲ့သူ တဦးဖြစ်တဲ့ ရသေ့တောင်ကိုယ်စားပြု ရခိုင် လွှတ်တော်အမတ် ဒေါ်ခင်စောေ၀ က ပြောပါတယ်။

" အမက အရင်တုန်းက အဆိုတခုတင်ခဲ့တယ်ပေါ့နော်။ ဘာလဲဆိုရင် အမတို့ရဲ့ အနောက်ဘက် တံခါးဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့ မောင်တော နယ်စပ်ကြားမှာ မြန်မာပြည်က ခြံစည်းရိုးကာနေတယ်။ ဒါပေမဲ့ ဒီခြံစည်းရိုးက လုံလောက်မှု မရှိဘူး။ အမြဲ ဝင်ထွက်၊ ခိုးထွက်တာတွေရှိနေတဲ့အခါကျတော့ ဒီဘင်္ဂလီတွေ လူဦးရေက တော်တော်များလာတာကို တွေ့ရတယ်။ အဲ့ဒီ့အတွက်ကြောင့် အမတို့အနေနဲ့ ဒီဟာတွေကို ထိန်းသိမ်းဖို့အတွက် ဒါလေးတွေကို အစောင့်အရှောက်လိုတယ်ပေါ့။ ခိုးဝင်တာတွေချည်းပဲ တွေ့ရတယ်။ ဒါပေမဲ့ ထိထိရောက်ရောက်လည်း မဖမ်းမိဘူးပေါ့။

ဒါပေမဲ အခုဒီစခန်းငါးခုဖွင့်တာကို အမလည်း ဂျာနယ်မှာ ဖတ်ရတယ်။ ဒါပေမဲ့ အတိအကျ ဘယ်နေရာ၊ ဘယ်နေရာဆိုတာ အမကတော့ မသိသေးဘူး။ ဘာပဲဖြစ်ဖြစ်ပေါ့လေ အမလည်း အဆိုတင်ထားဖူးတယ်။ ဒီလိုလဲ အမတို့နိုင်ငံကို ပိုပြီးတော့ ထိရောက်သွားမယ်လို့ထင်တယ် အမကတော့လေ။"

ရခိုင်မှာ နယ်စပ် လုံခြုံရေးစခန်းတွေ တိုးမြင့်ချထားမယ် ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ ပြည်နယ် အစိုးရတာဝန်ရှိသူတွေ အပါအဝင် အစိုးရပိုင်းကိုလည်း ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ မြန်မာသမ္မတ ပြောခွင့်ရ ဦးရဲထွဋ်ကတော့ ရခိုင် လုံခြုံရေးအတွက် ပြင်ဆင် ဆောင်ရွက်မှုတွေ ရှိနေတယ် ဆိုတာကလွဲလို့ အသေးစိတ် သူ မသိတဲ့အကြောင်း ပြောပါတယ်။

"အော်။ အဲ့တာတော့ ကျနော် အသေးစိတ် မသိဘူးခင်ဗျ။ လုံခြုံရေးတွေ ပြန်လည်ပြင်ဆင်ဆောင်ရွက်နေတယ်ဆိုတာပဲ သိတယ်။ ရခိုင်ပြည်နယ် အစိုးရ လုပ်တာဆိုတော့ ပြည်နယ်အစိုးရ
သတင်းထုတ်ပြန်ရေးအဖွဲ့ မေးမှသိမယ်။ ဒေသအစိုးရ နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပေါင်းပြီးတော့ ဆောင်ရွက်တာကိုး။ ကျနော်တို့က အရင်လို အကုန်လုံးကို ဗဟိုက လုပ်တာမဟုတ်တော့ဘူးလေ။ သူ့ဒေသမှာ သူ နယ်မြေစိုးမိုးရေးနဲ့ လုံခြုံရေးကို သူ့ဘာသာသူ ဆောင်ရွက်နေတာတွေရှိတယ်။ ကျနော်တို့က အသေးစိတ် မသိဘူးပေါ့ဗျာ။ အသေးစိတ်ကတော့ မြေပြင်မှာ လက်တွေ့အကောင်အထည်ဖော်တာ သူတို့ကိုး။"

ရခိုင်ပြည်နယ်အစိုးရ တာဝန်ရှိသူတွေကိုတော့ အကြိမ်ကြိမ် ဆက်သွယ်ပေမဲ့ မေးမြန်းခွင့် မရခဲ့ပါဘူး။ လက်ရှိ ရခိုင်ဒေသမှာတော့ ပဋိပက္ခတွေ ဖြစ်လာရင် ကာကွယ်ပေးနိုင်တဲ့ လုံခြုံရေး တပ်ဖွဲ့တွေ အင်အားအလုံအလောက်မရှိသလို၊ နယ်စပ်ဒေသ ခိုးဝင်မှုတွေကိုလည်း ထိထိရောက်ရောက် ကာကွယ်နိုင်ခြင်း မရှိသေးဘူး လို့ မြေပုံမြို့ ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက ပြောပါတယ်။

" ရဲတပ်ဖွဲ့မှာက ကျနော်တို့ အင်အားက သိပ်ပြီးတော့ နည်းတယ်။ နောက်ပြီးတော့ ခေတ်မှီလက်နက်တွေ မရှိဘူး။ အဲ့တာကြောင့်ပဲ စစ်တွေမှာဆိုလဲ အဲ့တာကြောင့် ပြဿနာဖြစ်တယ်။ ဒုက္ခသည်စခန်းမှာ။ နောက်ပြီးတော့ ဒုချီးရားတန်းမှာဖြစ်တယ်။ အဲ့လိုဖြစ်နေတာတွေကြောင့် ရဲကို ခေတ်မှီလက်နက်တွေ တပ်ဆင်ပေးဖို့လိုတယ်။

နောက်ပြီးတော့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ကျနော်တို့ လူဝင်လူထွက်၊ ခိုးဝင်ခိုးထွက်တာတွေရှိတယ်။ တဖက်မှာ (Rohingya Solidarity Organization (RSO) လို အဖွဲ့မျိုးကို သင်တန်းတွေ ပေးနေတယ်ဆိုတဲ့ သတင်းတွေကလည်း ထွက်ပေါ်နေတယ်။ အဲ့တာကြောင့် ကျနော်တို့ ဘာပဲပြောပြော သန်းခေါင်စာရင်း လည်း ကောက်မယ့်ကာလဆိုတော့ လူဝင်လူထွက်ကို စောင့်ကြည့်ဖို့ လိုမယ်။ ပြဿနာမဖြစ်အောင် တည်တည်ငြိမ်ငြိမ်ဖြစ်နေတဲ့ အချိန်မှာ နောက်ထပ် ပြဿနာ မဖြစ်အောင် အဲ့တာမျိုး နိုင်ငံတော်က လုံခြုံရေးအတွက် တာဝန်ယူပေးထားတယ်လို့ပဲ ကျနော်က မြင်ပါတယ်ခင်ဗျ။"

ပြီးခဲ့တဲ့ မတ်လက မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ဘင်္ဂလားပင်လယ်အော် ဒေသတွင်း ကဏ္ဍစုံ နည်းပညာနှင့်စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ (BIMSTEC) စည်းဝေးပွဲကို တက်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိက်ဟာဆီနာ နဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ သီးသန့် တွေ့ဆုံမှုတွေ ရှိခဲ့ပြီး အဲဒီတွေ့ဆုံမှုနဲ့ အခု နယ်စပ်ဒေသ လုံခြုံရေး တိုးမြင့်မယ့်ကိစ္စ ဆက်စပ်မှု ရှိမရှိဆိုတာကတော့ သေချာ မသိရပါဘူး။