ဒီနှစ်သင်္ကြန်မဏ္ဍပ်ဆောက်ကြမယ့်သူတွေ အနေနဲ့ မဏ္ဍပ်ထဲက အခြေအနေတွေကို မှတ်တမ်းတင် ဗွီဒီယိုရိုက်ထားမယ့် CCTV ကင်မရာတွေ တပ်ရမှာအပါအဝင် စည်းကမ်းသတ်မှတ်ချက်ပေါင်း ၃၈ ချက်ကို သက်ဆိုင်ရာက ထုတ်ပြန်ထားပါတယ်။ CCTV တပ်ဆင်တာ၊ လုံခြုံရေးဝန်ထမ်းတွေ ထားရှိတာအပါအဝင် မဏ္ဍပ်ဆောက်ခွင့်ပါမစ်နဲ့ တခြားစရိတ်တွေ တိုးလာလို့ ဒီနှစ် မဏ္ဍပ်အရေအတွက်ဟာလည်း အရင်ကထက်ကို နည်းသွားတယ်လို့ သိရပါတယ်။ အခုလို အခြေအနေမှာ ရန်ကုန်၊ မန္တလေးမြို့တွေက သင်္ကြန်မဏ္ဍပ်တွေရဲ့ ပြင်ဆင်မှုအခြေအနေတွေကို မနန္ဒာချမ်းက တင်ပြထားပါတယ်။
ဒီနှစ်သင်္ကြန်မှာ အရင်နှစ်တွေက တခါမှ မရှိခဲ့ဖူးတဲ့ စည်းကမ်းသတ်မှတ်ချက်တွေ၊ လုံခြုံရေး တင်းကြပ်တာတွေကို တွေ့လာရပါတယ်။ အထူးသဖြင့် သင်္ကြန်မဏ္ဍပ်တွေနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို မကြာသေးခင် ရက်ပိုင်းက ထုတ်ပြန်ခဲ့တာပါ။ ဒီစည်းကမ်းချက်တွေထဲမှာ လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ သင်္ကြန်မဏ္ဍပ်တိုင်းမှာ CCTV လုံခြုံရေး ကင်မရာတွေ အနည်းဆုံး ၄ လုံး မတပ်မနေရ တပ်ဆင်ဖို့၊ ပြီးတော့ လုံခြုံရေးကုမ္ပဏီတွေက လေ့ကျင့်ပြီးသား လုံခြုံရေးအနည်းဆုံး ၁၀ ယောက် ငှားရမ်းဖို့ မဏ္ဍပ်တိုင်းမှာ မိုင်းစွန့်ကျင်း၊ သဲအိတ်၊ တာယာကွင်းတွေ ထားရှိဖို့တွေအပြင် နိုင်ငံရေးနဲ့ပတ်သက်တဲ့ လှုံ့ဆော်စာတွေ ဖြန့်ဝေတာ တွေ့ရှိရင်လည်း ချက်ခင်း အကြောင်းကြားဖို့ စတဲ့ အချက်တွေ ပါဝင်တယ်လို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။
“လုံခြုံရေးကင်မရာ ၄ လုံးတပ်ရတယ်ဗျာ။ အဲဒီ ၄ လုံးမှာမှ သူတို့က ကင်မရာတွေနဲ့စက်တွေအားလုံးရဲ့ တန်ဘိုးက အနည်းဆုံး ၉ သိန်းရှိရမယ်ဗျာ။ အဲဒီလောက်ကို ကျနော်တို့ ဆင်ရမယ်ပေါ့ဗျာ။ တစ်သောင်းနှစ်သောင်းတန်တွေ သွား မဆင်နဲ့ပေါ့ဗျာ။ security လုံခြုံရေးက ၁၀ ယောက်အပြင် အဲဒီ ၁၀ ယောက်လုံးကို အာမခံဖို့အတွက် အာမခံက ဘေးက လူဦးဆောင်သူ ၁၀ ယောက် လက်မှတ်ထိုးရတယ်။ အကယ်၍ တခုခုဖြစ်ခဲ့လို့ရှိရင် အဲဒီလူက အားလုံးတာဝန်ခံ ဆိုတာမျိုး။ လုံခြုံရေးကျတော့ ကျနော်တို့ဘာသာ ကျနော်တို့ရှာပြီးတော့ ငှားထားတယ်။ လုံခြုံရေး ၁၀ ယောက်၊ security အပြည့်အစုံနဲ့ ငှားထားပေးရတယ်။ ပြီးတော့ ကျနော်တို့ မဏ္ဍပ်ကကျတော့ နည်းနည်းလုံခြုံမှုရှိအောင်ပေါ့နော်။ အကုန်လုံး သတိထားနေရတယ်။ မော်ဒယ်ဘွိုင်းတွေလည်း ပါတယ်လေ။ မော်ဒယ်ဘွိုင်းတွေအတွက် လုံခြုံရေး လုပ်ထားပေးတယ်။”
အလားတူ ညွှန်ကြားချက်မျိုးကို မန္တလေးမြို့မှာလည်း ညွှန်ကြားထားပြီး ဒီတပတ်ထဲမှာ စည်းကမ်း သတ်မှတ်ချက်နဲ့ ကိုက်ညီမညီ မဏ္ဍပ်တိုင်းကို ဝင်ရောက်စစ်ဆေးဖို့ ရှိတယ်လို့လည်း မန္တလေးမြို့ခံတဦးက ပြောပြပါတယ်။
“CCTV ကင်မရာက ဒီနှစ်မှာ မန္တလေးမှာ ပထမဦးဆုံး စတပ်ခိုင်းတာပေါ့။ CCTV ကင်မရာတပ်တဲ့ ကိစ္စကိုတော့ ရယက ကနေမှ ညွှန်ကြားချက်ထွက်ထားတယ်။ တိုင်း အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီပေါ့။ သူ့ရဲ့ညွှန်ကြားချက်နဲ့ မန္တလေးမှာ စလုပ်ရတာပါ။ ဧပြီလ ၁၀ ရက်နေ့ကို သူတို့ သက်ဆိုင်ရာ စည်ပင်သာယာက မဏ္ဍပ်တွေကိုလိုက်စစ်မယ်။ CCTV ကင်မရာ တပ်မတပ်၊ ပြီးလို့ရှိရင် ညွှန်ကြားချက်နဲ့ညီမညီ လိုက်စစ်မယ်လို့ ပြောသံကြားတယ်ဗျ။ ဒီနေ့မှာတော့။ သူတို့ညွှန်ကြားတဲ့အတိုင်း မလုပ်ဘူးဆိုရင် ရေကစားခွင့်မပြုဘူးလို့လည်း ကြားတယ်ခင်ဗျ။ တကယ်ဖြစ်မဖြစ်တော့ မသိဘူး။”
အခုလို ဒီနှစ်သင်္ကြန်မှာ စည်းကမ်းသတ်မှတ်ချက်တွေ များလာတဲ့အတွက်ရော၊ မဏ္ဍပ်ဆောက်ဖို့အတွက် စရိတ်တွေပါ များလာတဲ့အတွက် ဒီနှစ် သင်္ကြန်မဏ္ဍပ်တွေ နည်းပါးသွားသလို မနှစ်က ဗုံးကွဲခဲ့မှုကြောင့် မဏ္ဍပ်မှာ ရေကစားဖို့ စာရင်းပေးသူတွေလည်း နည်းသွားတယ်လို့ ရန်ကုန်မြို့ခံက ဆက်ပြောခဲ့ပါတယ်။
“ပါမစ်က ၇၅ သိန်း၊ ပါမစ်ချည်းပဲ။ ပြီးတော့ ဆောက်တာရော လုံခြုံမှုတွေရော အဲဒါတွေပါ ပါတော့ တော်တော်များသွားပါတယ်။ အဲဒီအပြင် အခု CCTV တပ်တဲ့အတွက်လည်း လူကတော့ သိပ်မလာချင် ကြဘူး။ မိန်းကလေးတွေကလည်း ဒီတပ်ထားတဲ့ဟာတွေကနေ အင်တာနက်ပေါ်ရောက်သွားမှာ ကြောက်တော့ မလာချင်ကြဘူး။”
ဒါ့အပြင် မန္တလေးမှာဆိုရင် အခုလို စရိတ်စကတွေ များလွန်းတာကြောင့် မဏ္ဍပ်တွေအစား ရေစုပ်စက်တွေ ကားပေါ်တင်ပြီး ကျုံးပတ်ပတ်လည်လည်ကို ကားနဲ့လှည့် ရေကစားတာမျိုးတွေ ဒီနောက်ပိုင်း ပိုခေတ်စားလာတယ်လို့လည်း မန္တလေးမြို့ခံက ဆက်ပြောပြပါတယ်။
“အဲဒီ CCTV ကင်မရာတပ်ခက ငှားမယ်ဆိုရင်တောင် ၅ သိန်းလောက်ရှိတယ်။ တပ်မယ်ဆိုရင်တော့ ၁၀ သိန်းကျော် ၁၅ သိန်းလောက် ကျတယ်။ အဲဒီတော့ မဏ္ဍပ်တွေမှာကျတော့ CCTV ကင်မရာတပ်မယ့်ကိစ္စ အတွက်က ပိုက်ဆံကုန်ကျစရိတ်အနေနဲ့ တခုထည့်စဉ်းစားရတာ ဖြစ်လာတာပေါ့။ စည်ပင်သာယာမှာ သွင်းရမယ့် အခွန်ခတွေ၊ အဲဒီစရိတ်စကတွေက တနေ့ထက်တနေ့ များလာတယ်ခင်ဗျ။ များလာတဲ့အခါမှာ ပျော်ချင်ကြသော်လည်းပဲ မတတ်နိုင်တော့ဘူးပေါ့ဗျာ။ ဒီနှစ်သင်္ကြန်က နည်းနည်းလေး လူတွေမှာ စိုးရိမ်စိတ်လေးတွေ ရှိတယ်။ တခုခုဖြစ်မှာလား၊ ရန်ကုန်မှာလည်း ဒီလိုမျိုး ဖောက်ခွဲရေးနဲ့ပတ်သက်ပြီး တော့လည်း ကြားနေရတာဆိုတော့ ဒီနှစ်သင်္ကြန်ရော ဖြစ်မှာလား ဆိုပြီးတော့ စိုးရိမ်တဲ့ဟာတွေရှိတယ်။ ဒါပေမဲ့ မန္တလေးမှာ ဒီနှစ်ပိုင်းတွေမှာ ဘာတခုထူးခြားလာလဲဆိုရင် မဏ္ဍပ်တွေမဆောက်တော့ဘဲနဲ့ ကားတွေပေါ်မှာ ရေစုပ်စက်တွေတင်ပြီးတော့ ပတ်တာတွေ ခေတ်စားလာတယ်ဗျ။ မဏ္ဍပ်ဆောက်ရင် ကုန်ကျစရိတ်များတဲ့အတွက်။”
ဒါ့အပြင် အခုလို သင်္ကြန်ရက် နီးကပ်လာတဲ့အချိန်မှာပဲ မကြာသေးခင် ရက်ပိုင်းအတွင်းက ရန်ကုန် ကျောက်တံတားမြို့နယ် လူစည်းကားတဲ့ ဆူးလေဘုရားလမ်းမှာ မပေါက်ကွဲသေးတဲ့ ဗုံးတလုံးကို တွေ့ရှိခဲ့ရတဲ့အတွက် အာဏာပိုင်တွေကနေ လုံခြုံရေးအတွက် သတိထားဖို့ကို အစိုးရပိုင်သတင်းစာတွေမှာ ဆော်သြနေသလို လုံခြုံရေးအစီအမံတွေကိုလည်း တိုးပြီး လုပ်ဆောင်လာနေတာဖြစ်ပါတယ်။ တခါ ပြီးခဲ့တဲ့နှစ် သင်္ကြန်ကာလတုန်းကလည်း ရန်ကုန် မင်္ဂလာတောင်ညွှန့်မြို့နယ်ထဲက X2O ရေကစားမဏ္ဍပ်မှာ လူ ၈ ဦး သေဆုံးခဲ့ပြီး ၁၇၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီးနောက်ပိုင်းမှာ အခုလို လုံခြုံရေးနဲ့ပတ်သက်တဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။