မြေလွတ်မြေရိုင်း ဥပဒေကြမ်း လွှတ်တော်မှာ ဆွေးနွေး

မြေလွတ်မြေရိုင်း ဥပဒေကြမ်း လွှတ်တော်မှာ ဆွေးနွေး

ဒီကနေ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက မြေလွတ်မြေရိုင်း ဥပဒေကို အပြီးသတ် ဆွေးနွေးခဲ့ကြပါတယ်။ မြေလွတ်မြေရိုင်းတွေမှာ လက်ရှိ လုပ်ကိုင်နေကြတဲ့ တောင်သူတွေကို အကာအကွယ် ပေးမယ့်ဥပဒေနဲ့ မြေလွတ်မြေရိုင်း လျှောက်ထားပိုင်ခွင့် တို့နဲ့ပတ်သက်ပြီး အပြီးသတ် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလွှတ်တော်တွင်းမှာ ဆွေးနွေးဖို့ရှိနေတဲ့ လာမယ့်နှစ် နိုင်ငံတော် ဘတ်ဂျက်မှာလည်း ကာကွယ်ရေးအသုံးစရိတ်ကို သိသိသာသာ လျှော့ချလိုက်တယ်လို့ လွှတ်တော်အမတ်တွေက ပြောပါတယ်။ အပြည့်စုံကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

စိုက်ပျိုးရေးဝန်ကြီးဌာနက အဆိုပြုထားတဲ့ မြေလွတ်မြေရိုင်း ဥပဒေကြမ်းကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ အပြီးသတ် ဆွေးနွေးခဲ့ကြပါတယ်။ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်နဲ့ တင်ပြလာတာကို ပြန်ပြီး ဆွေးနွေးကြတာ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဦးဆောင်ဆီက ပြောပါတယ်။

“မြေလွတ်မြေရိုင်းနဲ့ ပတ်သက်ပြီးတော့ အန်ကယ်တို့ မြေလွတ်မြေရိုင်းက ဒီကနေ့ ဥပဒေကြမ်းကို finalize လုပ်တယ်လေ။ အမျိုးသား လွှတ်တော်ကနေလည်း ပြည်ထောင်စု ဝန်ကြီးဌာနက တင်တဲ့ဟာကို ပြင်ဆင်ချက်နဲ့ ပြည်သူ့လွှတ်တော်ကို တင်တယ်။ ပြည်သူ့လွှတ်တော်ကလည်း ဒီကနေ့ အပြီးသတ် ဆွေးနွေးသွားပြီ။ မနေ့ကလည်း တညနေလုံးပဲ။ ဒီနေ့လည်း အဆုံးသတ်လိုက်တယ်။ အဲဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီးတော့။ မြေလွတ်မြေရိုင်းကတော့ ဒီတခေါက် ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုမယ်။”

မြေလွတ်မြေရိုင်းတွေမှာ ဝင်ရောက် လုပ်ကိုင်နေကြတဲ့ လယ်သမားတွေ အနေနဲ့ ကုမ္ပဏီတွေဘက်က ဝင်ရောက် သိမ်းယူ လုပ်ကိုင်မှုတွေ ကြုံတွေ့နေရပြီး ဥပဒေအရလည်း အကာအကွယ်မရ ဖြစ်နေကြတဲ့ လယ်သမားတွေ အတွက် အကာအကွယ် ပေးနိုင်ရေး ဥပဒေ တစ်ခုလည်း ထည့်သွင်းလိုက်တယ်လို့ သူက ပြောပါတယ်။ အခု ထည့်သွင်းထားတဲ့ ဥပဒေ အတည်ပြုပြီးရင်တော့ မြေလွတ်မြေရိုင်းတွေမှာ ဝင်ရောက် လုပ်ကိုင်နေကြတဲ့ လယ်သမားတွေ အနေနဲ့ ကျေနပ်တဲ့အထိ လျော်ကြေး၊ ဒါမှမဟုတ် ဆက်လက် လုပ်ကိုင်ခွင့် ရရှိမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“ပြည်သူလူထုနဲ့ တောင်သူလယ်သမား အတွက် ကောင်းသွားတာကတော့ အခု ပြည်သူလူထုကြားမှာ တောင်သူကြားမှာ အမြဲ အချေအတင်ဖြစ်နေတဲ့ ကိစ္စကတော့ တောင်သူတွေက လက်ငုပ် လုပ်နေရင်းတန်းလန်းနဲ့ မြေလွတ် မြေရိုင်း မြေလပ် လျှောက်ထားတဲ့ လုပ်ငန်းရှင်တွေထဲကို ပါသွားတဲ့ပြဿနာ အခု ဒီတိုင်းပြည်မှာ တော်တော်များနေတယ်။ အဲဒါကို အကာအကွယ်ပေးဖို့ ဥပဒေကို အန်ကယ်တို့ ဒီကနေ အောင်အောင်မြင်မြင်ပဲ လွှတ်တော်တစ်ခုလုံးက အတည်ပြုပေးလိုက်တယ်။ လုပ်ငန်းရှင်ကြီးတွေက မြေလွတ် မြေလပ် မြေရိုင်းတွေနဲ့ လုပ်ပိုင်ခွင့် လာလျှောက်ရင် လက်ရှိ လက်ငုပ်လုပ်နေတဲ့ သူတွေကို အကာအကွယ်ပေးဖို့ ဆိုပြီးတော့ ဥပဒေအရကို အန်ကယ်တို့ ပြဌာန်းလိုက်တယ်။”

ဒါ့အပြင် မြေလွတ်မြေရိုင်း လျှောက်ထား ရယူခွင့်ကိုလည်း တပြေးညီ ဖြစ်စေရေး ဒီကနေ့ ညှှိနှိုင်းခဲ့ကြပါတယ်။ ဧက ၅၀ အထိ ပေးပိုင်ခွင့်ကို ဒေသဆိုင်ရာ အာဏာပိုင်တွေက ဆုံးဖြတ်နိုင်ပြီး ဧက ၅,၀၀၀ နဲ့ အထက်ကိုတော့ ဗဟိုက ဆုံးဖြတ်ဖို့ ဒီကနေ့ လွှတ်တော် ကိုယ်စားလှယ် အားလုံးက သဘောတူညီ လိုက်ကြတာပါ။

“ဧက ၅၀ ကို ခါတိုင်းက တစ်ဧကပဲဖြစ်ဖြစ် ဗဟိုအထိ တင်ရတယ်။ အခုကတော့ သက်ဆိုင်ရာ ဒေသ အာဏာပိုင်တွေကနေပြီးတော့ ဆုံးဖြတ်ချက်တွေ ပြုပေးဖို့ ဆိုပြီးတော့ လုပ်ပိုင်ခွင့်ကို မြေလွတ်မြေရိုင်း ဥပဒေထဲမှာ ပြဌာန်းထားပြီ။ တစ်ခါလျှောက်ရင် ဧက ၅,၀၀၀ ကုမ္ပဏီကို ခွင့်ပြုတာ။ ၅,၀၀၀ ပြီးရင် ဒီ ၅,၀၀၀ ရဲ့ သတ်မှတ်ချက် ပြီးဆုံးခါနီးပြီဆိုရင် နောက်ထပ်တစ်ကြိမ် လျှောက်လို့ရတယ်။ အဲဒီတော့ တစ်ခုတည်းကို ၅၀,၀၀၀ စီ လျှောက်ခွင်ြ့ပုတယ်၊ ဒါပေမဲ့ လျှောက်တဲ့ဟာအားလုံးက သူက မြေကို နေရာဦးတဲ့သဘောမျိုး မဟုတ်ဘဲနဲ့ တကယ်ပဲ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း လုပ်မှပဲ ၅,၀၀၀ ပြီးခါနီးမှာ နောက်ထပ် ၅,၀၀၀ ထပ်လျှောက်ရတယ်။ တစ်ခါတည်း ၅၀,၀၀၀ မလျှောက်ရဘူး။”

စိုက်ပျိုးရေး ဝန်ကြီးဌာနက တင်သွင်းထားတဲ့ မြေလွတ်မြေရိုင်း ဥပဒေကြမ်းကို လွှတ်တော် နှစ်ရပ်စလုံးမှာ အပြီးသတ် ဆွေးနွေးပြီး ဖြစ်ပါတယ်။ ဒီဥပဒေကို မကြာခင် ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ ပြင်ဆင်ထားတဲ့ အချက်တွေကို ပြန်ပြီး ဆုံးဖြတ်ကြဖို့လည်း ရှိပါတယ်။

အင်္ဂါနေ့မှာကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ ပြီးခဲ့တဲ့ ၂၀၁၁-၂၀၁၂ ခုနှစ်အတွက် ဖြည့်စွက် ဘတ်ဂျက်တွေကို အတည်ပြုပေးဖို့ ရှိပါတယ်။ ဒီ ပြည်ထောင်စုလွှတ်တော်မှာပဲ ဆွေးနွေးဖို့ရှိတဲ့ လာမယ့် ၂၀၁၂-၂၀၁၃ နိုင်ငံတော် ဘတ်ဂျက်မှာတော့ -

“ကာကွယ်ရေး အသုံးစရိတ်က ၁၄.၃၉၉ ပေါ့နော်။ လျော့သွားတာပေါ့။ အများကြီး လျော့သွားတာပေါ့။ ဒီဟာကို သွယ်ဝိုက်ပြီးတော့ သုံးတာမျိုး ရှိမလား မရှိဘူးလားတော့ မပြောတတ်ပါဘူးနော်။ နယ်စပ်ရေးရာတို့ ဘာတို့လည်း ရှိတာပေါ့။ ဒါပေမဲ့ သူလည်း .၅ (ဒဿမ ၅) လောက်ပဲ ရှိပါတယ်။ နယ်စပ်ရေးရာကလည်း .၅ လောက်ပဲ ရှိတယ်လေ။ ပညာရေး အသုံးစရိတ်နဲ့ ကျန်းမာရေး အသုံးစရိတ်လည်း နည်းနည်းတော့ တက်လာတာပေါ့နော်။ ကျန်းမာရေး အသုံးစရိတ်က ၂.၈၂၂၊ ပညာရေး အသုံးစရိတ်က ၄.၇၃၃။ အဲဒီလောက် တက်လာတယ်။ အသုံးစရိတ်ကတော့ နည်းနည်း တက်လာတာပေါ့။”

လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ဦးဖေသန်း ပြောပြသွားတာပါ။

ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ ကူးသန်းရောင်းဝယ်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ်တွေရဲ့ မေးခွန်းတွေကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက လာပြီး ဖြေဆိုခဲ့ကြပါတယ်။