ရွေးကောက်ပွဲမတိုင်ခင် အင်တာနက်လိုင်းတွေ ပြတ်တောက်

ရွေးကောက်ပွဲမတိုင်ခင် အင်တာနက်လိုင်းတွေ ပြတ်တောက်

ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းအလို မြန်မာနိုင်ငံမှာ အင်တာနက်လိုင်းတွေ သာမန်ထက် နှေးကွေးတာကြောင့် ပြည်ပနဲ့ဆက်သွယ်ရေးတွေမှာ နှောင့်နှေးမှုတွေ ရင်ဆိုင်နေရတယ်လို့ မြန်မာပြည်ကလာတဲ့ သတင်းတွေကဆိုပါတယ်။

အင်တာနက်လိုင်း နှေးကွေးမှုတွေဟာ အောက်တိုဘာလလယ် လောက်ကတည်းက စခဲ့ပြီး ဒီရက်ပိုင်းတွင်း ပိုဆိုးလာနေပါတယ်။ မြန်မာနိုင်ငံရဲ့ အင်တာနက် ယန္တရားထဲမှာ သတင်း၊ အီးမေးတွေ ဒလဟော ဝင်လာနေတာ တွေ့ရတယ်လို့ အမေရိကန် အခြေစိုက် Arbor Networks လို့ခေါ်တဲ့ IT အင်တာနက် လုံခြုံရေး ကုမ္ပဏီက ပြောပါတယ်။

ခုလို အလုံးအရင်းဝင် ရောက်လာတဲ့ပုံဟာ တတိုင်းပြည်လုံးရဲ့ အင်တာနက်ကွန်ယက်တွေကို ထိခိုက်အောင် နှောင့်ယှက်နိုင်လောက်တဲ့အထိ အဆပေါင်းရာနဲ့ချီ များတယ်လို့လည်း ဆိုပါတယ်။

ခုလို အင်တာနက်လှိုင်း နှေးကွေးတာနဲ့ ပတ်သက်ပြီး စစ်အစိုးရက တရားဝင် အကြောင်းပြချက်တော့ မရှိသေးပါဘူး။ လူ့အခွင့်အရေး လှုပ်ရှားတဲ့အဖွဲ့တွေက သုံးသပ်တာကတော့ ရွေးကောက်ပွဲကာလအတွင်း မြန်မာပြည်က သတင်းအဝင်အထွက်ကို ထိန်းချုပ်ထားလိုတာကြောင့် အစိုးရက တမင်လုပ်ထားတာလို့ ဆိုပါတယ်။